နားရွတ်ကိုက်ဖြတ်ခံရတဲ့ မိဘလား
ငါမွေးဖွား ကြီးပြင်းလာခဲ့တဲ့ ငါ့အိမ်ထဲမှာ
ငါတို့ မိသားစု အပြင်
အဒေါ်တွေ ဦးလေးတွေနဲ့ 
သူတို့ သားသမီးတွေ
ငါတို့ မောင်နှမတွေ
အတူတကွ နေထိုင်ခဲ့ကြဖူးတယ် ။
ငါ့မိဘတွေက ငါ့ကို ပိုပြီး မချစ်ခဲ့ဖူး ။
အဒေါ်တွေ ဦးလေးတွေက
သူတို့ သားသမီးတွေကို ပိုမချစ်ဖူး ။
ဟင်းချက်ပြီးရင် အိမ်ထဲက လူဦးရေနဲ့ အညီ
ခွက်တွေထဲမှာ အညီအမျှ ထဲ့ပြီး
ကြောင်အိမ်ထဲမှာ ထဲ့ထားတယ် ။
ခွက်ခြင်းလဲတာတို့ အသားခြင်းလဲတာတို့ 
လုပ်တဲ့သူမိရင် ကြိမ်လုံးက မျက်နှာမရွေးဖူး ။
တခါက အမေ့
ကို တိုးတိုးလေးမေးမိတယ် ။
အမေရယ် သားကို ပိုချစ်ပါလား ။
အမေ့သား အရင်းပါဗျာ ။
အမေက သီတာရေ ရုပ်ရည်နဲ့ သားကို
သေသေချာချာ စိုက်ကြည့်ပြီး
မျက်ရည်တွေ တပေါက်ခြင်း ကျလာတယ် ။
သားကို အမေဝမ်းနဲ့ လွယ်ပြီး မွေးထားတာပါ ။
သားကို အမေ မွေးပေးခဲ့တယ် ။
သားကို လူလားမြောက်အောင် ပြုစုခဲ့တယ် ။
သားကို ပညာတွေ သင်ပေးခဲ့တယ် ။
သားကို လမ်းမမှားအောင် ညွန်ကြားခဲ့တယ် ။
သားဟာ အရွယ်ရောက်သွားရင် လူ့ လောကကြီးထဲမှာ
သား ကြီးပြင်းသွားရင် လူတွေနဲ့ ဆက်ဆံရတော့မယ် ။
အမေသေသွားခဲ့ရင် အဖေသေသွားခဲ့ရင် သားတယောက်ထဲ ။
သားကို အမေပုပြင်တခု ပြောပြမယ် ။
ဟိုးရှေးရှေးက ဗာရာဏသီ တိုင်းပြည်မှာ
တခါက သားဆိုးတယောက်ကို
အရမ်းချစ်တဲ့အမေပုံပြင် ဆိုတာ ရှိတယ် ။
အရွယ်မရောက် အသိဥာဏ် ပညာ မပြည့်စုံသေးတဲ့
သားကလေးက အမေရဲ့ အလိုလိုက်မှုကို သာယာသွားတယ် ။
အမေရဲ့  အေးမြတဲ့ မေတ္တာလုံခြုံမှုက စိတ်ကို လုံခြုံစေတယ် ။
ဒီလိုနဲ့ အိမ်ထဲမှာ ဗိုလ်ကျတတ်သွားသားက
အိမ်ပြင်မှာ ဗိုလ်ကျတတ်လာတယ် ။
လိုချင်တာကို ရအောင်ယူတတ်တဲ့ စိတ်အပြင်
ရတဲ့ နည်းယူတတ်တဲ့ အလေ့အကျင့် ဖြစ်သွားတယ် ။
နောက်ဆုံးတော့ သူခိုးကနေပြီး ဓါးပြကြီး ဖြစ်သွားတယ် ။
ဘုရင်ကြီးက ဖမ်းမိတော့ တိုင်းသူပြည်သား တို့ တောင်းဆိုချက်အရ
ငယ်စဉ်ကထဲက ဆိုးသွမ်းလာတဲ့ ဓါးပြကြီးကို သတ်ဖို့ 
တညီတညွတ်တည်း တာင်းဆိုကြလို့ 
နေကွယ်ရင် ကားစင်တင် သတ်စေပေါ့ ။
သူ့ အမေလဲ သတင်းကြားပြီးတော့
သားရှိနေတဲ့ နန်းတော်ကို တုန်တုန်ရင်ရင်နဲ့ လိုက်သွားရှာတာပေါ့ ။
နန်းတော်ရဲ့  သားသတ်စင်ရောက်တော့ နေဝင်တော့မယ် ။
ဓါးပြကြီး နောက်ဆုံး မသေခင် လိုချင်တာ တောင်းဆိုပါလို့  ပြောတယ် ။
ဓါးပြကြီးက တောရွာဇနပုဒ်က နန်းတော်ကို မလာနိုင်တဲ့ မွေးအမေကို တွေ့ ခြင်တယ်လို့  တောင်းဆိုလိုက်တယ် ။
ဓါးပြကြီး စဉ်းစားထားတာက မွေးအမေတော့ မလာနိုင်ဖူး ။
တောင်းတာ မပေးနိုင်ရင် သတ်လို့ မရဖူး ဆိုပြီး စိတ်ထဲမှာ
ပျော်နေတာပေါ့ ။
ဒီအချိန်မှာ သားဇောကပ်နေတဲ့ အမေက
သား ဆိုပြီး အော်ဟစ်ပြီး ကားစင်ကို ပြေးသွားတယ် ။
အမေရောက်လာပြီး သားရယ်ဆိုပြီး ကားစင်မှာ ချိတ်ထားတဲ့
သားခြေထောက်ကို ပြေးဖက်ပြီး ငိုတော့တာပေါ့ ။
ကဲ ဓါးပြကြီး အမေရောက်လာပြီး ။ ကျေနပ်ပြီလား ဆိုတော့
ဓါးပြကြီးက မသေခင် အမေ့ ကို နမ်းချင်တယ် ပြောတော့
မင်းအမှုထမ်းတွေက ဓါးပြကြီး အမေကို ချီမြောက်ပြီး
ဓါးပြကြီး မျက်နှာနဲ့  ကပ်ပေးလိုက်တော့
ဓါးပြကြီးက အနားတိုးပါ အမေရယ်ဆိုပြီး ပြောတော့
အမေက သားကိုနမ်းရင် ပါးကလေးကို နမ်းနေကြဆိုတော့
အမေ့ပါးလေးကို တိုးပေးလိုက်တော့
ဓါးပြကြီးက သူ့ အမေ နားရွတ်ကို ကိုက်ဖြတ်လိုက်တယ် ။
ကဲငါ့သား ဘယ်လို ထင်လဲ
ဓါးပြကြီးက သူ့ အမေနားရွတ်ကို ဘာလို့ ကိုက်ဖြတ်တာလဲ ။
အမေ ဒီဓါးပြကြီး အမေလို
နားရွတ်ပြတ်ကြီးနဲ့  အသက်မရှင်ချင်ဖူး သားရယ် ။
ကျွန်တော် ငယ်ငယ်က ဓါးပြကြီးနေရာက စဉ်းစားတာက
ကလေးငယ်ငယ်တုံးက ချစ်လွန်းလို့ အလိုလိုက်ပြီး
ဥပဒေ စည်းကမ်းတွေ အထက်မှာ နေတတ်အောင်
သင်ပေးတဲ့ အမေကို စိတ်နာပြီး
နားရွတ်ကို ကိုက်ဖြတ်တယ်လို့ ထင်တယ် ။
ကျွန်တော် အရွယ်ရောက်လာတော့
ဓါးပြကြီးနေရာက စဉ်းစားတာက
အမေရောက်မလာရင် သတ်လို့ မရနိုင်ဖူး ။
တိတ်တိတ်လေး လူကြားထဲမှာ နေလိုက်ပါလား ။
ဒီလောက် အတဲ့  တုံးတဲ့ အမေကို ဒေါသထွက်ပြီး
နားရွတ်ကို ကိုက်ဖြတ်တယ်လို့ ထင်တယ် ။
ကျွန်တော် အသက် ၅၀ ကျော်မှာ စဉ်းစားတာက
လူ့ တွေ စုစည်းနေထိုင်ကြတဲ့ လူ့ အဖွဲ့ အစည်းမှာ
လူတွေ အသက်ရှင် ရပ်တည်ဖို့  ဥပဒေဆိုတာ ရှိတယ် ။
ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားရဖူး ။
ဓါးပြကြီးမှာ အပြစ်ရှိရင်
ဓါးပြကြီးဖြစ်အောင် မွေးထုတ်တဲ့ အမေမှာ အပြစ်ရှိတယ် ။
ဓါးပြကြီးက သူ့ အမေကို အပြစ်ပေးလိုက်တယ်လို့ ထင်တယ် ။
စာဖတ်သူတွေကော ဘယ်လိုထင်ကြလဲ ။
၂၅ သြဂုတ် ၂၀၁၃
ကိုဌေးတင့်
No comments:
Post a Comment