ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Monday, September 5, 2016

● နိုင်ငံတော်အာဏာ သိမ်းပိုက်လိုက်ခြင်း
ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးနောက် နာရီပိုင်းမျှ အကြာ ည (၁၁) နာရီတွင် မင်္ဂလာဒုံတပ်နယ်မှ စစ်တပ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်းသို့  တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်တွင် နိုင်ငံတော်အာဏာ သိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တရားဝန်ကြီးချုပ်နှင့် ပြည်နယ်အကြီးအကဲများ၊ စော်ဘွားများကို ဖမ်းဆီးရန်နှင့် အချက်အချာဌာနများကို  ထိန်းသိမ်းထားရန် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်းသို့ စစ်တပ်အဖွဲ့ဝင်များ ၀င်ရောက်ခြင်း မပြုမီ ရက်အနည်းငယ်ကပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် စစ်တပ်အကြီးအကဲအချို့သည် နိုင်ငံတော် အာဏာကို သိမ်းပိုက်ရေးအတွက် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်စောင့်ရဲတပ်ရင်း၏ အခြေအနေကိုပင် ကြိုတင်၍ စူးစမ်းလေ့လာထားခဲ့ကြသည်။ ထိုစဉ်က ပြည်စောင့်ရဲတပ်ဌာန၏ ဒုတိယရဲတပ်ချုပ်မှာ ဗိုလ်မှူးကြီး တန်ယုဆိုင် (ဗိုလ်မှူးချုပ်တင်ဖေ၏ယောက်ဖ)ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်အကြီးအကဲ အချို့သည် လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ စတင်ကျင်းပသည့် ၁၉၆၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ နိုင်ငံတော်အာဏာသိမ်းယူရေးကို အဆောတလျင် ဆောင်ရွက်လာခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ် နေဝင်း အမိန့်ဖြင့် စစ်တပ်အကြီးအကဲတို့က နိုင်ငံတော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ တရားဝန်ကြီးချုပ်၊ ပြည်နယ်အကြီးအကဲများနှင့် စော်ဘွားများကို ဖမ်းဆီးရေးနှင့် အရေးပါသော နေရာဌာနများကို ထိန်းသိမ်းထားရေးအတွက် သက်ဆိုင်ရာ တပ်မှူးများအား တာဝန်ပေးအပ်ခဲ့သည်။ တာဝန်ပေးအပ်ခဲ့စဉ်က အာဏာသိမ်းယူသည့် နေ့ရက်နှင့် အာဏာသိမ်းယူရေး အစီအစဉ် စတင်မည့် အချိန်နာရီတို့ကို လျှို့ဝှက်ထားသဖြင့် မသိခဲ့ရဟု ဆိုသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မှ အာဏာသိမ်းရန် စစ်ဆေးရေးကို ဆင်နွှဲကြရမည်။ တာဝန်ခံတပ်မှူးများသည် စစ်ဆင်ရေး ဆင်နွှဲရန် အမိန့်ရရှိသဖြင့် မိမိတို့၏ တပ်များကို အသင့်ပြင်ဆင်ထားခဲ့သည်။ ထိုညတွင်ပင် စစ်ဆင်ရေးအတွက် အားလုံးအဆင်သင့်ဖြစ်လျှင် ဆင်နွှဲရန် အထက်အကြီးအကဲထံမှ နုတ်မိန့်ထွက်လာသည်။ ထိုအခါ စစ်ဆင်ရေး တာဝန်ခံတပ်မှူးများသည် အချင်းချင်း တိုင်ပင်ဆွေးနွေးကြပြီး စစ်ဆင်ရေးဆင်နွှဲရမည့်နေ့ကို မတ်လ ၂ ရက်နေ့ဟုလည်းကောင်း၊ စတင်မည့်အချိန်ကို မတ်လ ၁ ရက်နေ့ ည ၁၂ နာရီတိတိဟု လည်းကောင်း သတ်မှတ်ခဲ့ကြသည်။ ဤအစီအစဉ်ကို တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင်ဦး(မျက်မှန်ကြီး)နှင့် အချက်ပြ ဆက်သွယ်ရေးတပ်မှူး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ဘနီတို့လည်း သိရှိခဲ့ကြသည်။ သို့သော် ထိုစစ်ဆင်ရေး အစီအစဉ်ကို သိပြီးဖြစ်သော တပ်မတော်တပ်မှူးများသည် အခြားအရာရှိများ၊ မိမိတို့ လက်အောက်အရာရှိများနှင့် စစ်သည်များကို ပြောကြားခြင်း မပြုခဲ့ချေ။ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲရန်သာ တပ်လှန့်ထားခဲ့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့တွင်းသို့ ချီတက်ရမည့် တပ်ဖွဲ့များကို စစ်ဆင်ရေးတာဝန်ခံများက စစ်ဆင်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး အသင့်ပြင်စေသည်။ ထို့နောက် လက်အောက်အရာရှိများအား တာဝန်အသီးသီး ခွဲဝေပေးအပ်ပြီး ည ၁၂ နာရီတွင် ရန်ကုန်မြို့တွင်းသို့ စစ်ချီခဲ့ခြင်း ဖြစ်သည်။

စစ်တပ်သည် မင်္ဂလာဒုံလေယာဉ်ကွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ ကြေးနန်းဌာန၊ ပါလီမန်အဆောက်အအုံ၊ ရဲမင်းကြီးရုံး၊ စစ်ရဲတပ်၊ ပြည်ထောင်စုဘဏ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ ရဲဌာနများ၊ ၀န်ကြီးများ နေထိုင်သော ဝင်ဒါမီယာကုတ် (ယခု ရွှေလီလမ်း) ရှိ ရှမ်းဂေဟာ ၊ ရွှေတောင်ကြားလမ်း၊ ပြည်ထောင်စုလမ်းသွယ်အမှတ်(၄၂)ရှိ ဝန်ကြီးချုပ်နေအိမ်၊ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စဝ်ရွှေသိုက်နေအိမ်၊ ကမ္ဘာအေးဘုရားလမ်းရှိ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းနေအိမ်၊ ဖရေဇာလမ်း (ယခု ဒဂုံမြို့နယ်ရှိ တော်ဝင်လမ်း) ရှိ ကယားဂေဟာတို့ကို သွားဝိုင်းရံထားလိုက်ကြသည်။ နံနက် ၂ နာရီခန့်တွင် တပ်မတော်တပ်ဖွဲ့များသည် ဂွတ္တလစ်လမ်း၊ ပြည်ထောင်စုလမ်းသွယ်အမှတ် (၄၂) တွင် နေထိုင်သော ဝန်ကြီးချုပ် ဦးနု၊ ဝန်ကြီးဒေါက်တာ ဦးဧမောင်နှင့် ပြည်လမ်း ခုနှစ်မိုင်တွင် နေထိုင်သော မိုးနဲစော်ဘွား စ၀်ပြည့်၊ မိုင်းနောင်စော်ဘွား စ၀်အုန်းမောင်တို့ကို ဖမ်းဆီးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကို စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးပြီးနောက် ကားပေါ်သို့ တင်အပြီး၌ စကားဝှက်ဖြင့် “လောက်ကောင်” မိပြီ ဟု ဌာနချုပ်သို့ သတင်းပို့ခဲ့သည်။ နောင်တွင် ဦးနု၏ သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ကျွန်မကြားတာက “ဇာတ်ကောင်”ပါပဲ။ ဖေဖေနားကြားလွဲသွားတယ်နဲ့ တူပါတယ် ဟူ၍ ပြောပြခဲ့ဖူးသည်။ သို့သော် ရန်ကုန်ဘဆွေ၏ ပြည်သူ့အရေးတော်ပုံသမိုင်း (လက်နှိပ်စက်စာမူ) ၌ ဦးနုအား ဖမ်းစဉ်က စကားဝှက် “လောက်ကောင်” ဟုသာ ဖေါ်ပြပါရှိ သည်။ ယင်းစာမူ၌ အခြားဝန်ကြီးများ၏ နာမည်ကိုလည်း စကားဝှက်ဖြင့် “ဖာသယ်” ၊ “မိန်းမရွှင်”၊ “ဆိတ်လစေ့”၊ “နှစ်ဖက်ချွန်” ဟူ၍ သုံးနှုန်းထားရာ ရန်ကုန်ဘဆွေနှင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းတို့ ဆက်နွယ်ပတ်သက်နေမည်လားဟု တွေးထင်စရာပင် ဖြစ်သည်။ ထို့နောက် နံနက် ၃ နရီခန့်တွင် အခြားဝန်ကြီးများ ဖြစ်ကြသော ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင် ၊ဦးသွင်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ နိုင်အောင်ထွန်း၊ဦးဘမြိုင်၊ပါလီမန်အတွင်းဝန်ကယားဦးစိန်တို့ကိုလည်းကောင်း၊ အင်းလျားလမ်းနေ အိမ်သစ်တွင် နေထိုင်သော သမ္မတ မန်းဝင်းမောင်တို့ကိုလည်းကောင်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကိုလည်းကောင်း၊ ကယားဂေဟာတွင် တည်းခိုနေသော ဦးကြာပု၊ ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး ၊ ဦးထွန်းမြင့် (တောင်ကြီး) တို့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ဥက္ကဌများကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။

အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို ဖမ်းဆီးရာတွင် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ဖြစ်ကြောင်း ရှင်းပြ၍၊ ၎င်းတို့အိမ်တွင်ထားရှိသော လက်နက်များကိုလည်း အပ်နှံစေခဲ့သည်။ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကို ဖမ်းစဉ်က ဖမ်းဝရမ်းတောင်းသဖြင့်၊ ဖမ်းဆီးသည့် တပ်မတော်အရာရှိလည်း တွေဝေသွားပြီး တပ်ဖွဲ့များကို အုပ်ချုပ်၍ လိုက်ပါလာခဲ့သော တပ်မှူးထံ သတင်းပို့ခဲ့သည်။ တပ်မှူးကလည်း ဦးမြင့်သိန်း၏ အိမ်သို့ လိုက်သွားပြီး တပ်မတော်က အာဏာသိမ်းခြင်းဖြစ်ကြောင်း၊ဝရမ်းမလိုကြောင်း ပြောကြား၍ ဖမ်းဆီးခဲ့ရသည် ဟု ဆိုသည်။

ဝန်ကြီးများ၏ နေအိမ်တွင် လုံခြုံရေးတာဝန်ယူနေကြရသော ရဲအဖွဲ့ဝင်များအား  စစ်တပ် တပ်ဖွဲ့ဝင်များ ရောက်ရှိလာလျှင် ခုခံပစ်ခတ်ခြင်း မပြုရန် ကြိုတင်ညွှန်ကြားထားသောကြောင့် ဝန်ကြီးများကို ဖမ်းဆီးရာတွင် အဆင်ပြေလွယ်ကူစေခဲ့သည်။  သို့သော် ရန်ကုန်မြို့ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စဝ်ရွှေသိုက် နေအိမ်သို့ ရောက်ရှိစဉ်က လုံခြုံရေးအစောင့်များအား ရှမ်းဘာသာဖြင့် ခုံခံခြင်း မပြုရန် အော်၍ ပြောသေးသည်။ သို့သော်အစောင့်များက ပစ်ခတ်သဖြင့် စစ်တပ်မှလည်း ပြန်လည်ပစ်ခတ်ရာတွင် စ၀်ရွှေသိုက်၏ သားငယ် အသက် (၁၇) နှစ်အရွယ်ရှိ စဝ်မီမီသိုက်ခေါ် စဝ်စေးဟုမ်ဖမှာ ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့ရသည်။ စ၀်မီမီသိုက် သေဆုံးမှုနှင့် ပတ်သက်၍ စဝ်မီမီသိုက်၏ အစ်ကို (ယူဂျင်းသိုက် - Eugene Taike) က ရန်ကင်းရဲဌာနတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် အမျိုးအမည်မသိသော ယူနီဖောင်းဝတ်ထားသူများက အိမ်အတွင်းသို့ ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် မိမိ၏ညီ စဝ်မီမီသိုက်ကို ထိမှန်သေဆုံးသွားကြောင်း တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကင်းရဲဌာနမှ လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပေးခဲ့သည်။ စစ်တပ်ကမူ စ၀်မီမီသိုက် သေခဲ့ရခြင်းအတွက် စာနာထောက်ထားမှု ရှိကြောင်း ပြောကြားပြီး တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းကလည်း စ၀်မီမီသိုက် ကွယ်လွန်အနိစ္စရောက်ခြင်းကို တော်လှန်ရေးကောင်စီဝင်များက အထူးဝမ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသည့် သဝဏ်လွှာကို ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နှင့် မဟာဒေဝီတို့ထံ ပေးပို့ခဲ့သည်။ ထိုစဉ်က မဟာဒေဝီ စဝ်ဟိန်ခမ်းမှာ အင်္ဂလန်သို့ ရောက်နေသဖြင့် ဗိုလ်မှူးကြီး စောမြင့်သည် ဝမ်းနည်းသဝဏ်လွှာကို စဝ်ရွှေသိုက်၏ သားအကြီးဆုံးဖြစ်သူ စဝ်ဆိုင်အုံ၏ လက်သို့ ပေးအပ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ကျင်းပသည့် ဈာပနအခမ်းအနားသို့လည်း တော်လှန်ရေးကောင်စီက လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သေးသည်။ အာဏာသိမ်းပိုက်သည့်နေ့မှ အဖြစ်အပျက်နောင်တွင် ဦးနုက သူ၏ “တာတေစနေသား” စာအုပ်၌ ဤသို့ ဖော်ပြထားသည်။

၁၉၆၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အသံလွှင့်ရုံ၌ ပြည်နယ်များ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ဖို့အတွက် ဖက်ဒရယ်မူ ရေးဆွဲရေး နှီးနှောဖလှယ်ပွဲ စတင်ကျင်းပခွင့် ပြုခဲ့သည်။

ည ၉ နာရီလောက်တွင် အစည်းအဝေးကို အဆုံးသတ်၍ နောက်ရက်သို့ ရွှေ့လိုက်သည်။ အစည်းအဝေးပြီးသောအခါ ရှမ်းပြည်နယ် ဥက္ကဌ စောခွန်ချိုနှင့် ကယားပြည်နယ်ဥက္ကဌ စောဝဏ္ဏတို့ သည် ၀န်ကြီးချုပ် ဦးနုနှင့်အတူ ဝင်ဒါမီယာဝန်းအတွင်း ဝန်ကြီးချုပ် နေအိမ်သို့ လိုက်လာကြသည်။

ဝန်ကြီးချုပ် ဦးနုက “အဆိုတွေ တင်ဖို့ ကျွန်တော်က ဖိတ်လို အဆိုတွေကို တင်သွင်းရမှာ၊ ကောလာဟလလွှင့်နေကြတဲ့ လူတွေဟာ ဒီအချက်ကို မသိကြဘူးထင်တယ်” ဟု ပြောရာ စောခွန်ချိုက - ဟုတ်ပါတယ်၊ ဝန်ကြီးချုပ်က ဖိတ်လို့ ကျွန်တော်တို့က အဆိုတင်ပြရမှာပါ၊ တင်ပြပြန်တော့လည်း ဒီတင်ပြတဲ့ အဆိုအတိုင်း လုပ်ပေးရမယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့မှာ မရှိပါဘူး၊ အဆိုကို ဆွေးနွေးပြီး လုပ်ပေးနိုင်တာတွေကို လုပ်ပေးပါ။ မလုပ်ပေးနိုင်တာတွေကျတော့ ပစ်ပယ်လိုက်ပေါ့၊ ကျွန်တော်တို့ နာခံပါ့မယ်” ဟု ပြန်ပြောသည်။ 

ထိုစဉ်က စောခွန်ချို၊ စောဝဏ္ဏ နှင့် ဦးနုတို့ စကားထိုင်ပြောနေကြသည်မှာ ည ၁၁ နာရီလောက်မှ ပြီးသည်။ထိုအချိန်လောက်အထိဗိုလ်နေဝင်းသည်လေဟာပြင်ဇာတ်ရုံ၌တရုတ်ယဉ်ကျေးမှုကဇာတ်အဖွဲ့  မှတင်ဆက်သောဘဲလေးပြဇာတ်ကိုဟန်မပျက်ကြည့်နေခဲ့သည်ဟုဦးနုသားသမီးများကပြောပြကြပါသည်။

ဦးနုသည် ဝင်ဒါမီယာထဲမှာ မနေပေ။ ဂွတ္တလစ်ပြည်ထောင်စု လမ်းကြားထဲမှ သူ့အိမ်၏ တောင်ဘက်မှာ တစ်ထပ်အိမ်ဌားနေသည်။ သူ့အိမ်အပြန်မှာ သူ့အကြံပေးအရာရှိ ဦးအုံးနှင့်အတူ လိုက်ပါလာပြီး၊ ဦးအုံးက ဦးနုကို သူ့အိမ်ရောက်သဖြင့် ကားပေါ်က ဆင်းခါနီးမှာ ပြောသွားသည်။
“လာမယ့် ရွေးကောက်ပွဲကြီးပြီးရင် နိုင်ငံရေးက ထွက်တော့မယ်လို့ ကိုကြီးနုက ပြောနေပေမယ့် တပ်မတော်ကတော့ ကိုကြီးနုထွက်တာကို သဘောတူမယ် မထင်ဘူး။ ဆက်လုပ်ဖို့ ဝိုင်းပြီး တောင်းပန်ကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
ဦးနုသည် သူ့အိမ်ခန်းထဲ ရောက်သောအခါ နောက်ညမှာ ဖက်ဒရယ်မူနှင့်ပတ်သက်သည့် သူပြောမည့် မိန့်ခွန်းကို တစ်ခေါက် ပြန်ဖတ်ကြည့်သည်။ ထို့နောက် သူ့အစဉ်အလာအတိုင်း ဘုရားဝတ်ပြုပြီး ၁၂ နာရီ ကျော်လောက်တွင် အိပ်ယာဝင်ခဲ့သည်။

သန်းခေါင်ကျော်ချိန်လောက် ရှိသောအခါ သူ့အိမ်ဝင်းထဲ၌ လူသံကြားရသဖြင့် အိပ်ပျော်နေရာမှ နိုးလာသည့်အခါ သူ့အခန်းထဲ၌ စစ်ဗိုလ်တစ်ယောက်ကို  ခြောက်လုံးပြူးကိုင်လျက်ရှိသည်ကို ဦးနု တွေ့လိုက်ရသည်။
ဦးနုက “မင်းက ဘာလဲ”
ထိုစဉ် စစ်ဗိုလ်က “ကျွန်တော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ”
ဦးနု “အဲဒီလိုဆိုတော့ ငါက ဘာလုပ်ရမှာလဲ”
စစ်ဗိုလ်က “ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ဦးနုလည်း ဘာမှမပြောဘဲ သူ့အပေါ် အင်္ကျီကို ဝတ်လိုက်ပြီး ဆီးသွားရအောင် ရေချိုးခန်း၊ တံခါးကို ဖွင့်လိုက်ရာ၊ စစ်ဗိုလ်က “ ဦး…. ဘာလုပ်မလို့လဲ”
ဦးနုက စိတ်မရှည်စွာဖြင့် “ဆီးသွားမလို့ဟေ့” ခပ်ကျယ်ကျယ် ပြောလိုက်သည်။ စစ်ဗိုလ်က “ရေချိုးခန်းထဲ မဝင်ပါနဲ့ ၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ” ဟု ပြောပြီး စစ်ဗိုလ်ကလေးသည် ဦးနုအား အတင်းခေါ်ဆောင်သွားရာဆီးပင်မသွားလိုက်ရပေ။

အိမ်ဝသို့ ရောက်လာသောအခါ ကားမလာသေးသဖြင့် ခဏစောင့်နေရသည်။ အနားရှိ စစ်သားတစ်ယောက်က “လောက်ကောင်မိပြီ၊ လောက်ကောင် မိပြီ” ဆိုပြီး ဝေါ်ကီတော်ကီ စကားပြောစက်ဖြင့် သူ့ဌာနချုပ်ကို လှမ်း၍ သတင်းပို့သံကြားသောအခါ အဓိပ္ပာယ်ကို ဦးနု နားမလည်။ နောက်မှ စကားဝှက်ဖြင့် သူ့ကို “လောက်ကောင်” ဟု ခေါ်မှန်း သူသိသွားသည်။
ဝန်ကြီးချုပ် ဘဝမှ အရှင်လတ်လတ် လောက်ကောင်ဘဝသို့ ရောက်သွားရသည့် လောကဓံတရားဟာ တယ်မှန်ပါကလား ဟု သူ့ဟာသူတွေးရင်း ပြုံးမိသွားလေသည်။
ဦးနုကို စစ်သားများက မင်္ဂလာဒုံသို့ ခေါ်သွားကြ၏။ မနက် ၄ နာရီလောက်တွင် နှစ်ထပ်တိုက် ကလေးသို့ ရောက်သွားကြ၏။
သူ့ကိုဖမ်းတာ အောက်က စစ်ဗိုလ်ကလေးတွေ ဖမ်းတာပဲ ဖြစ်မှာပဲ။ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ဦးနု အဖမ်းခံရတယ် ဆိုတာသိလျှင် ဦးနုထံသို့ ချက်ချင်း ရောက်လာမှာပဲ ဟု တွေးပြီး၊ ဦးနု စိတ်သိပ်မပူပေ။ အိပ်ပျက်ပျက်နှင့်  တရေးအိပ်လိုက်သည်။ မနက် ၈ နာရီလောက် ရှိတော့မှ တရေးနိုး၏။ မနက် ၁ဝ နာရီလောက်တွင် သူ့အဝတ်အစားတွေ ထည့်ထားသည့် သေတ္တာတစ်လုံး သူ့အခန်းထဲသို့ ရောက်လာ၏။ သေတ္တာကို ကြည့်ပြီး အိမ်က ဘာကြောင့် ပို့လိုက်တာလဲ။ မကြာခင် ဗိုလ်ချုပ် နေဝင်း သူ့ကို လာခေါ်မှာပဲ ဟု သူ့စိတ်ထဲက ပြောလိုက်ပြန်၏။ထိုအချိန်အထိ နေဝင်းကို ယုံကြည်နေသေးသည်။
ညနေ ၅ နာရီလောက်ကျတော့  စစ်ဗိုလ်တစ်ယောက် လာခေါ်သည်။ သမ္မတကြီး ဦးဝင်းမောင် ရောက်နေကြောင်းပြောလျှင် သူ့ကို ဖမ်းတာ ဗိုလ်ချုပ်နေဝင်း သိသွားပြီး ဗိုလ်ချုပ်ကိုယ်တိုင် မလာနိုင်လို့ သမ္မတကြီးဟာ သူ့ကို ခေါ်ရအောင် လိုက်တာပဲဟု တွေးပြီး အောက်သို့ ဆင်းလိုက်သွားသည်။
သမ္မတ ဦးဝင်းမောင်က “ဝန်ကြီးချုပ်၊ မနက်က ဗိုလ်ချုပ်နေဝင်း အသံလွှင့်တာကို ကြားလိုက်ရလား” ဟု မေး၏။ ဦးနုက “မကြားမိပါဘူး၊ သမ္မတကြီး ဗိုလ်ချုပ်နေဝင်း ဘာတွေ လွှင့်သွားသလဲ”
ဦးဝင်းမောင်က “သူလွှင့်တာကတော့ ခပ်တိုတိုပါပဲ၊ ပြည်တွင်းမှာ ပျက်စီးယိုယွင်းနေတဲ့ အခြေအနေကို ထိန်းသိမ်းရအောင် တပ်မတော်က အာဏာသိမ်းလိုက်ရပါတယ်” လို့ လွှင့်သွားတယ်။
ထိုစကားကို ကြားလိုက်ရသောအခါ ဦးနုသည် ဤကမ္ဘာလောက၌ နေနှင့်လ ကွယ်ပျောက်သွားခဲ့ရင်တောင် အံ့သြမိမည် မဟုတ်ဘဲ၊ အံ့သြစွာဖြင့် ဦးနုပါးစပ်မှ -
“သြော်… ဒီလိုကိုး”ဟု လှစ်ကနဲ ထွက်သွားပြီး တမိနစ်ခန့် စကားမပြောနိုင်ဘဲ မတုန်လှုပ်ကျောက်ရုပ်ပမာ တစ်ခုခုကို စဉ်းစားနေသည့် အနေမျိုးဖြင့်  သူ့ရှေ့တည့်တည့် ကြမ်းပြင်ကို အဓိပ္ပာယ်မရှိ စိုက်ကြည့်နေမိပါတော့သည်” ဟူ၍ ရေးသားထားလေသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက်တွင် တော်လှန်ရေးကောင်စီက ဖမ်းဆီးခဲ့သော ပုဂ္ဂိုလ်တို့မှာ သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ဝန်ကြီးများ ဖြစ်ကြသော သခင်တင်၊ ဒေါက်တာ ဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင် စဝ်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ မန်းဘဆိုင်၊ လူမျိုးစုလွှတ်တော်ဥက္ကဌ စဝ်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား သမ္မတဟောင်း စဝ်ရွှေသိုက်၊ မိုးနဲစော်ဘွား စဝ်ပြည့်၊ လဲချားစော်ဘွား စဝ်နွံ၊ သာမိုင်းခမ်းစော်ဘွား စဝ်မန်လစ်၊ စဝ်ခွန်ထီး၊ စဝ်မန်ဖ (သိန္နီမြောက်ပိုင်းအမတ်)၊ စဝ်အောင်ဖူး (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင် တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန်နော် (ကျိုင်းတုံအနောက်ပိုင်း အမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းခမ်း အမတ်)၊ ဦးလွန်း (စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ ဖြစ်ကြသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်တွင်အဖမ်းမခံရသော ပုဂ္ဂိုလ်နှစ်ဦးမှာ ငပလီသို့ ရောက်နေသော ဗိုလ်မှူးအောင်နှင့် သမ္မတအဖြစ်ရွေးချယ်ရန် လျာထားပြီးဖြစ်သော ဆမားဒူးဝါ ဆင်ဝါးနောင် တို့ ဖြစ်ကြသည်။ ဆမားဒူဝါးဆင်ဝါးနောင်မှာ မြစ်ကြီးနားခရိုင်အတွင်းရှိ ၎င်း၏ ဘိုးဘွားမိဘများ အစဉ်အဆက် နေထိုင်ခဲ့သော ဆမားရွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
အဖမ်းခံရသူတို့တွင် ဒေါက်တာ စောလှထွန်းနှင့် ဦးဇာရဲလျန်တို့မှအပ ကရင်ပြည်နယ် ချင်းဝိသေသတိုင်းနှင့် ကချင်ပြည်နယ်တို့မှ အခြားပုဂ္ဂိုလ်များပါဝင်ခြင်း မရှိပေ။
မတ်လ ၂ ရက်နေ့ နံနက်က အဖမ်းခံရသူ ပုဂ္ဂိုလ်များစွာကို ပထမတွင် ဝင်ဒါမီယာအနီးရှိ အသံလွှင့်ရုံသို့ ပို့ထားခဲ့သည်။ စစ်တပ် တပ်ဖွဲ့ဝင်များသည် ဖမ်းဆီးလာခဲ့သူများကို အသံလွှင့်ရုံအတွင်းရှိ ယမန်နေ့ညက ဖက်ဒရယ်မူ ဆွေးနွေးပွဲ ကျင်းပခဲ့သော ခန်းမဆောင်ကြီးအတွင်းတွင် ထားရှိသည်။ နံနက် ၆ နာရီခန့်တွင်မူ ဖမ်းထားသော ပုဂ္ဂိုလ်များကို လော်ရီကားများပေါ်တင်၍ လက်နက်ကိုင် အစောင့်အကြပ်များ စီးနင်းသောကား လိုက်ပါလျက် မင်္ဂလာဒုံသို့ ပို့ခဲ့သည်။ ထိုနေ့နံနက်က ရာသီဥတုမှာ အုံ့မှိုင်း၍ မိုးတဖွဲဖွဲ ရွာလျက်ရှိသည်။ မင်္ဂလာဒုံသို့ သွားရာလမ်းတစ်လျှောက်တွင် တင့်ကားများနှင့် စစ်သားများ စောင့်ကြပ်လျက် ရှိသည်။ ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို မင်္ဂလာဒုံရှိ ရန်ကြီးအောင် တပ်မတော်ရုံရှင်ရုံတွင် စုရုံးထားသည်။ စစ်သားများသည် ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို လက်ဖက်ရည်၊ နံပြားတို့ဖြင့် ဧည့်ခံကျွေးမွေးသည်ဟူ၍ ကယားဦးစိန်ရေးသားခဲ့သော “အာဏာသိမ်း မှတ်တမ်း” (လက်ရေးမူ) ၌ ဖော်ပြထားသည်။
မကြာမီတွင်ပင် အဖမ်းခံရသူတို့အနက် မန်းဘဆိုင်၊ စဝ်ခွန်ကြည်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်နှင့် စဝ်မန်ဖတို့ကို ရန်ကုန်မြို့သို့ ပြန်ခေါ်၍ စစ်ရုံးချုပ် (ယခုနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) အတွင်းရှိ ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ခေတ္တတွေ့ဆုံကာ မှားယွင်းဖမ်းဆီးမိကြောင်း ပြောကြား၍ ပြန်လွှတ်ပေးခဲ့သည်။
မင်္ဂလာဒုံတွင် ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအနက် သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ သခင်တင်၊ စဝ်ခွန်ချို၊ ဦးရာရှစ်နှင့် စ၀်ဝဏ္ဏတို့ကို သီးခြားစီခွဲ၍ အစောင့်အကြပ်ထူထပ်စွာ ချထားခဲ့သည်။ ကျန်ပုဂ္ဂိုလ်များကို နှစ်စုခွဲ၍ မင်္ဂလာဒုံ ရန်ကြီးအောင် ရုပ်ရှင်ရုံအနီးရှိ လေ့ကျင့်ရေးတပ် (၁၉၈၈ ခုနှစ်အထိ ဗဟိုနိုင်ငံရေးတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံဖြစ်ပြီး ယခုအခါ တပ်မတော်ဆေးရုံကြီး၏ တိုးချဲ့အဆောက်အအုံ) တွင် ထိန်းသိမ်းထားခဲ့သည်။
သို့သော် ပထစ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဦးနုနှင့်တကွ ထိန်းသိမ်းထားသူများအား မင်္ဂလာဒုံတွင် ထားရှိရာ၌ အလောသုံးဆယ် စဉ်ဆောင်ရွက်ခဲ့ရသဖြင့် လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု တပ်မတော်အရာရှိဟောင်း စကြာကြည်ဆွေ ရေးသားခဲ့သော စာတမ်း (လက်နှိပ်စက်မူ) ၌ ဖော်ပြထားသည်။ အကြောင်းမှာ ဖမ်းဆီးခံရသော ပုဂ္ဂိုလ်အများစုသည် လွတ်လပ်ရေး ကြိုးပမ်းမှုအတွေ့အကြုံများရှိကြခြင်း၊နယ်ချဲ့ကိုလိုနီများ၏အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ ဖူးသူများ ရှိခဲ့ကြခြင်းများကြောင့် ဖြစ်သည်။ ထိုစဉ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ယူထားသော ဗိုလ်မှူး တင်ဦး  (နောင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တင်ဦး) သည် လုံခြုံရေး သဘောတရားကို နားလည်ထားသောကြောင့် အထူးဦးနှောက်ခြောက်စရာ ဖြစ်ခဲ့ရသည်။ ရန်ကုန်နယ်နိမိတ်အတွင်းရှိ သေနတ်ကိုင်တပ်ရင်း (၄) နှင့်တကွ အခြားသေနတ်ကိုင် တပ်ရင်းများမှ ရသမျှအင်အားကို ရယူခြင်း၊ လက်နက်ကြီးများမှစ၍ လက်နက်ခဲယမ်းမီးကျောက်များ ဖြည့်ဆည်းခြင်း၊ သံချပ်ကာတပ်မှ ဘရင်းကိရိယာကားများ တွဲဖက်ထားရှိခြင်း စသည်များကို ပြုလုပ်ခဲ့သည်။ တပ်တွင်းလုံခြုံရေးနှင့်တကွ တပ်ပြင်တစ်ဝိုက် လုံခြုံရေးအတွက်ပါ အထူးစီစဉ်ဆောင်ရွက်ခဲ့ကြသည်။  ထိန်းသိမ်းထားသူများအား အခြားနိုင်ငံတစ်ခုခုမှ စစ်သင်္ဘောဖြင့် ပင်လယ်ဝအထိ လာရောက်ပြီး ရုတ်တရက် ဟယ်လီဘွန်း စစ်ဆင်ရေးမျိုး ပြုလုပ်ပြီး ကယ်တင်ရန် ကြိုးစားမှုများ ရှိနိုင်သောကြောင့် အရေးပေါ် တန်ပြန်တိုက်ခိုက်မှုများကိုပါ စစ်ထောက်လှမ်းရေးရုံးမှ လေ့ကျင့်ပြင်ဆင်ထားခဲ့သည်။ လုံခြုံရေးကို အတွင်းစည်းလုံခြုံရေး၊ အပြင်စည်းလုံခြုံရေးအဖြစ် ခွဲခြားပြီး ဆောင်ရွက်စေခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အတွင်းအပြင်အားလုံး၌ အင့်ကာဘာခေါ် ထောက်လှမ်းရေးစနစ်အရ ထောက်လှမ်းရေး အမှုထမ်းများ ပစ္စည်းကိရိယာများသုံးလျက် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ တည်ငြိမ်ကင်းများ၊ လှုပ်ရှားကင်းများ အဖြစ် ထားရှိ၍လည်းကောင်း အသေးစိတ် ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ လုံခြုံရေးစနစ်ကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်၊ ဗိုလ်မှူးတင်ဦးသည် နောင်တွင် အထွတ်အထိပ် ရာထူးကြီးများရရှိကာ သမ္မတဦးနေဝင်း၏ စစ်ဘက်လက်ထောက်အဖြစ် ခန့်ထားခြင်းခံရသည်ဟု ၎င်း၏ စာတမ်း၌ ဖော်ပြထားပါသည်။
 
အာဏာသိမ်းရသည့်အကြောင်းပြချက်
စစ်တပ်မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ယင်းသို့ အာဏာသိမ်းရာတွင် မတော်တဆ ထိခိုက်သေဆုံးမှုတစ်ခုမှအပ ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်။ မတ်လ ၂ ရက်၊ နံနက် ဝ၇း၁၅ နာရီခန့်တွင် လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်ယူရသော တာဝန်ခံအားလုံးက ညွှန်ကြားချက်အတိုင်း ချောမောအောင်မြင်စွာ အာဏာသိမ်းပြီးကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် အစီရင်ခံခြင်း ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်သို့ သွားရောက်အစီရင်ခံခြင်း ကိစ္စများ ပြုလုပ်ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်သို့ စစ်တပ်က အာဏာသိမ်းလိုက်သည့်အကြောင်း ကြေညာရန်ကိစ္စ၊ နိုင်ငံခြားရေးဝါဒ ထုတ်ပြန်ရန်ကိစ္စ၊ တော်လှန်ရေးကောင်စီနှင့် အစိုးရသစ် ဖွဲ့စည်းရန်ကိစ္စ၊ ပြည်နယ်များကိစ္စ၊ ပါတီဖျက်သိမ်းရန် ကိစ္စ အဝဝကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရန် မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမသို့ အောက်ပါပုဂ္ဂိုလ်များကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့သည်။

(၁) ဗိုလ်မှူးချုပ် အောင်ကြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)

(၂) ဗိုလ်မှူးချုပ် သန်းဖေ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ)

(၃) ဗိုလ်မှူးချုပ် တီကလစ် ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေ)

(၄) ဗိုလ်မှူးချုပ် တင်ဖေ စစ်ထောက်ချုပ်

(၅) ဗိုလ်မှူးကြီး သန်းစိန် စစ်ဦးစီး ဗိုလ်မှူးကြီး

(၆) ဗိုလ်မှူးကြီး ကျော်စိုး စစ်ရာထူးခန့် အတွင်းဝန်

(၇) ဗိုလ်မှူးကြီး စောမြင့် နယ်ခြားဒေသ အုပ်ချုပ်ရေးမှူးချုပ်

(၈) ဦးသီဟန် စစ်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးချုပ်

(၉) ဒုတိယဗိုလ်မှူးကြီး ဘနီ ဆက်သွယ်ရေးညွှန်ကြားရေးမှူး

အစည်းအဝေးတွင် တိုင်းပြည်သို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် ကိစ္စ ဆွေးနွေးရာ၌ ဗိုလ်မှူးကြီး သန်းစိန် (စစ်ဦးစီး ဗိုလ်မှူးကြီး) ယူဆောင်လာသော စာမူကြမ်းကို ဆွေးနွေးကြရာ လိုရင်းသို့ မရောက်သေးဟု ယူဆသဖြင့် တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး နေဝင်းက ပယ်ချခဲ့သည်။ ထိုသို့ အာဏာသိမ်းပိုက်ပြီးနောက် ပြည်တွင်းပြည်ပသို့ ထုတ်ပြန်ရန် အချက်အလက် ရှာမရ၍ အကြံအိုက်နေစဉ်အတွင်း ဗိုလ်မှူးချုပ် အောင်ကြီးက ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲရတော့မည့် အန္တရာယ် ရှိလာမည့်အတွက်  အာဏာသိမ်းပိုက်လိုက်ရကြောင်း ပြန်လည်ရေးသား၍ တင်ပြခဲ့ရာ ယင်းကို ဗိုလ်ချုပ်ကြီး နေဝင်းက ဖတ်ကြည့်ကာ သဘောကျ၍ “အေး… ကောင်းတယ်၊ အဲဒီအတိုင်း… အသံလွှင့်ကြေညာမယ်” ဟု ဆိုသောကြောင့် ချက်ချင်း အသံသွင်းခဲ့ကြသည်။ ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တိုင်းပြည်သို့ ကြေညာချက် ထုတ်ပြန်မည့် အကြောင်းကိုလည်း တိုင်းပြည်သို့ ကြိုတင်အသိပေးလိုက်သည်။ ဤသို့ဖြင့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် ကရင်ပိုင်းအစီအစဉ် ထုတ်လွှင့်နေစဉ် ရုတ်တရက် ရပ်ဆိုင်း၍ ဗိုလ်ချုပ်ကြီး နေဝင်း ကိုယ်တိုင် အသံလွှင့်ရုံမှတစ်ဆင့် တိုင်းပြည်သို့ အောက်ပါအတိုင်း ကြေညာခဲ့သည်။


“ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်း စေသောဌာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီ ဖြစ်ကြောင်း၊ အရပ်ရပ်ရှိ တိုင်းသူပြည်သား ရဟန်းရှင် လူအများသည် ကြောင့်ကြစိုးရိမ်ပူပန်ခြင်း မဖြစ်ကြဘဲ ခါတိုင်း သာမန်အချိန်ကဲ့သို့ စိတ်လက် အေးချမ်းစွာ မိမိတို့ လုပ်ငန်းဆောင်တာများကို  ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ၊ အစိုးရအမှုထမ်း၊ အရာထမ်းများသည်လည်း မိမိတို့ တာဝန်ဝတ္တရားများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း ၊ အထူးသဖြင့် ပညာရေးဆိုင်ရာ တာဝန်ခံများနှင့် ကျောင်းသူ ကျောင်းသားများသည် မိမိတို့ ဖြေဆိုနေဆဲ စာမေးပွဲကိစ္စများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း” ထုတ်ပြန် ကြေညာခဲ့သည်။

ထိုနေ့ နံနက်ပိုင်းမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည် -

(၁)  ဗိုလ်ချုပ်ကြီး နေဝင်း (ကာကွယ်ရေးဦးစီးချုပ်)

တော်လှန်ရေးကောင်စီ       ဥက္ကဌ

(၂) ဗိုလ်မှူးချုပ် အောင်ကြီး

(ဒုတိယကာကွယ်ရေးဦးစီးဌာနချုပ် - ကြည်း)    အဖွဲ့ဝင်

(၃) ဗိုလ်မှူးချုပ် သန်းဖေ

(ဒုတိယကာကွယ်ရေးဦးစီးချုပ် - ရေ)     အဖွဲ့ဝင်

(၄) ဗိုလ်မှူးချုပ် တီကလစ်

(ဒုတိယကာကွယ်ရေး ဦးစီးချုပ် - လေ)     အဖွဲ့ဝင်

(၅) ဗိုလ်မှူးချုပ် တင်ဖေ (စစ်ထောက်ချုပ်)     အဖွဲ့ဝင်

(၆) ဗိုလ်မှူးချုပ် စန်းယု       အဖွဲ့ဝင်

(တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်)

(၇) ဗိုလ်မှူးချုပ် စိန်ဝင်း       အဖွဲ့ဝင်

(တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်)  

(၈) ဗိုလ်မှူးကြီး သောင်းကြည်      အဖွဲ့ဝင်

(တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်)    

(၉) ဗိုလ်မှူးကြီး ကြည်မောင်       အဖွဲ့ဝင်

(တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်)

(၁၀) ဗိုလ်မှူးကြီး မောင်ရွှေ       အဖွဲ့ဝင်

(တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်)

(၁၁) ဗိုလ်မှူးကြီး သန်းစိန် (စစ်ဦးစီးဗိုလ်မှူးကြီး)     အဖွဲ့ဝင်

(၁၂) ဗိုလ်မှူးကြီး ကျော်စိုး (စစ်ရာထူးခန့်အတွင်းဝန်)    အဖွဲ့ဝင်

(၁၃) ဗိုလ်မှူးကြီး စောမြင့်       အဖွဲ့ဝင်

(နယ်ခြားဒေသ အုပ်ချုပ်ရေးမှူးချုပ်)

(၁၄) ဗိုလ်မှူးချုပ် ချစ်မြိုင် (တွဲဖက် စစ်ထောက်ချုပ်)    အဖွဲ့ဝင်

(၁၅) ဗိုလ်မှူးကြီး ခင်ညို (လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံး)   အဖွဲ့ဝင်

(၁၆) ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး)   အဖွဲ့ဝင်

(၁၇) ဗိုလ်မှူးကြီး တန်ယုဆိုင်       အဖွဲ့ဝင်

(ဒုတိယရဲတပ်ချုပ်၊ ပြည်စောင့်ရဲတပ်ဌာန) 

တို့ ဖြစ်ကြသည်။ တစ်ဆက်တည်း ထိုနေ့မှာပင် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ အစိုးရ အဖွဲ့တွင် -

(၁) ဗိုလ်ချုပ်ကြီး နေ၀င်း - တော်လှန်ရေးကောင်စီဥက္ကဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန။

(၂) ဗိုလ်မှူးချုပ် အောင်ကြီး - ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စက်မှုလက်မှု ၀န်ကြီးဌာန။

(၃) ဗိုလ်မှူးချုပ် တင်ဖေ - လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ၀ါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ၀န်ကြီးဌာန။

(၄) ဗိုလ်မှူးချုပ် သန်းဖေ - ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။

(၅) ဦးသီဟန် - နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အိမ်ရာဆောက်လုပ်ရေး ၀န်ကြီးဌာန၊ သတ္ထုတွင်းဝန်ကြီးဌာန။

(၆) ဗိုလ်မှူးကြီး ကျော်စိုး - ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန။

(၇) ဗိုလ်မှူးကြီး စောမြင့် - ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။

(၈) ဒုတိယဗိုလ်မှူးကြီး ဘနီ - လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ပါဝင်သည်။

ကြေညာချက်တွင် ဖော်ပြမထားသော ဝန်ကြီးဌာနများနှင့် ပတ်သက်၍ မည်သည့်ဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်သွားမည်ကို ဆက်လက်ကြေညာမည်ဟုလည်း ဆိုသည်။ တော်လှန်ရေးကောင်စီ၏ တာဝန်ပေးချက်အရ ဝန်ကြီးဌာနများကို တာဝန်ယူကြသည်။ ပုဂ္ဂိုလ်များသည် ကြေညာချက် ထုတ်ပြန်သည့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးသို့ သွားရောက်လက်ခံ တာဝန်ယူ ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ကြေညာထားသည့်အတိုင်း ကျန်ရှိနေသေးသော ဝန်ကြီးဌာနများကို ထပ်မံတာဝန်ခွဲဝေ သတ်မှတ်ပေးခဲ့သည်။

မူလ တာဝန်တွင် ထပ်မံတာဝန်ပေးခဲ့သော ဝန်ကြီးဌာနများမှာ -

(၁) ဗိုလ်ချုပ်ကြီး နေ၀င်း - ၀န်ကြီးချုပ်ရုံး၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန

(၂) ဗိုလ်မှူးချုပ် အောင်ကြီး - ပစ္စည်းထောက်ပံ့ရေး ဝန်ကြီးဌာန

(၃) ဗိုလ်မှူးချုပ် တင်ဖေ - လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာန

(၄) ဦးသီဟန် - ပြည်သူ့လုပ်ငန်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများကို အိမ်ရာဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်

(၅) ဗိုလ်မှူးကြီး ကျော်စိုး -

(က) ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊

(ခ) သာသနာရေးနှင့် လူမှုဝန်ထမ်း ၀န်ကြီးဌာန ၊သာသနာရေးဌာနများကို အုပ်ချုပ်    ဆောင်ရွက်သွားရန်၊

(ဂ) အမျိုးသားမှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန၊်

(၆) ဗိုလ်မှူးကြီး စောမြင့် -

(က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ဝန်ကြီးဌာန

(ခ) လူမှုဝန်ထမ်းနှင့် သာသနာရေး ဝန်ကြီးဌာနမှ လူမှုဝန်ထမ်း ဌာနများကို အုပ်ချုပ်သွားရန်

(၇) ဒုတိယဗိုလ်မှူးကြီးဘနီ - သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန် တို့ ဖြစ်သည်။

● အာဏာသိမ်းပြီးနောက် အခြေအနေ
မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားများ အစည်းအရုံး (ဗတလစ) ညီလာခံ၌ ဖဆပလအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ငြိမ်းက သွင်းကုန် ကိစ္စကို မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း နိုင်ငံရေး အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ ပထစ ဌာနချုပ်တွင်လည်း ပထစ အစိုးရအဖွဲ့ဝန်ကြီးများ အဖမ်းခံရခြင်း ကိစ္စနှင့် ပတ်သက်၍ လာရောက် သတင်းမေးကြ၍  ပထစ ခေါင်းဆောင်ငယ်များဖြင့် ပြည့်ကျပ်လျက် ရှိသည်။ ထိုနေ့၌ပင် ပထစ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်း၊ ဦးသန်းစိန်၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်တင်မောင်ကြီးနှင့် ဦးစောလူးလူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် ဦးသန်းစိန်က ပါလီမန်အတွင်းသို့ အမတ်များ လုံးဝ ဝင်ခွင့်မပြုသည်ကို မိမိအနေဖြင့် သံသယဖြစ်မိကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေး အခြေအနေ ရုတ်တရက် ပြောင်းလဲသွားခြင်းကို မိမိတို့ ပထစ အမတ်များက အံ့အားသင့်ရကြောင်း ပြောကြားသည်။ အထွေထွေ အတွင်းရေးမှူး သခင်ကျော်ထွန်းမှာမူ စိတ်မကောင်းသည့် အသွင်ဖြင့် မည်သို့မျှ ၀င်ရောက်ပြောဆိုခြင်း မပြု  ဟု ဆိုသည်။

တော်လှန်ရေးကောင်စီဥက္ကဌနှင့် အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းသည် ပထစ၊ ဖဆပလနှင့် ပမညတ အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ် ငါးဦးစီတို့အား ၁၉၆၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ နံနက် ၁ဝ နာရီတွင်  စစ်ရုံးချုပ်အတွင်းရှိ ဒဂုံရိပ်သာ၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ ပထစအဖွဲ့ချုပ်မှ သခင်ကျော်ထွန်း ၊ ဗိုလ်တင်မောင်ကြီး၊ စောလူးလူ၊ ဗိုလ်အေး၊ ဖဆပလ အဖွဲ့ချုပ်မှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ် ခင်မောင်ကလေး၊ ဦးခင်မောင်လတ၊် ဦးထွန်းတင်၊ ပမညတ အဖွဲ့မှ ဝိဓူရသခင်ချစ်မောင်၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်မြသွေး၊ ဗိုလ်အောင်နိုင်နှင့် ဦးအောင်မြင့်တို့အား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော အထွေထွေ အခြေအနေကို ဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်းက တိုင်းပြည်တွင် ကုန်ဈေးနှုန်း အဆမတန် တက်နေသောကိစ္စနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသော ကိစ္စတို့ကို ဆွေးနွေးပြောကြား၍၊ ဖက်ဒရယ်ကိစ္စတွင် အလွန်တင်းမာလာသောကြောင့် မလွှဲမရှောင်သာ၍ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။


တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ချီတက်ရာတွင် နိုင်ငံရေးပါတီများနှင့် တိုင်ပင်၍ ညီညွတ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ အခြေခံ ဥပဒေမှာ လိုသလို ဆွဲယူနိုင်သော ဥပဒေဖြစ်သဖြင့် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရာတွင် ပထစအဖွဲ့ချုပ်၊ ဖဆပလ အဖွဲ့ချုပ်၊ ပမညတတို့နှင့် ညှိနှိုင်းမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ဗိုလ်ချုပ်ကြီး နေဝင်း ရှင်းပြသည့် တော်လှန်ရေးကောင်စီ၏ သဘောထားနှင့် လုပ်ငန်းစဉ်များကို ပမညတ အဖွဲ့ချုပ်က ကြိုက်နှစ်သက် သဘောကျသောကြောင့် ပါဝင်ပူးပေါင်းမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

● ဗိုလ်မှူးချုပ် အောင်ကြီး၏ သတင်းစာရှင်းလင်းပွဲ
၁၉၆၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင်ပင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ပြန်ကြားရေးဌာန ဝန်ကြီး ဗိုလ်မှူးကြီး စောမြင့် (မှူးသမိန်) တို့သည် ဒဂုံရိပ်သာ၌ပင် သတင်းစားရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပြန်သည်။ ၎င်းက -

“အာဏာသိမ်းတဲ့ကိစ္စမှာ သာမန်အားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတို့မှ ဖြစ်ပေါ်လာတဲ့အပေါ် မူတည်ပြီး သိမ်းခြင်း ဖြစ်ပါတယ်။ ဒီဗမာပြည်မှာတော့ အာဏာသိမ်းရခြင်း အကြောင်းကတော့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ နောက်ဆုံးဖက်ဒရယ်မူ အရေးကိစ္စတို့ကြောင့် သိမ်းရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကောင်စီက အာဏာကို လိုချင်လို့ အဓမ္မယူခြင်း မဟုတ်ပါ။ ဘယ်လိုသိနိုင်သလဲဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က လူထုအစိုးရအား အာဏာကို လွှဲပြောင်းပေးခဲ့ခြင်းဟာ ထင်ရှားပါတယ်။ ခု ဒုတိယအကြိမ် သိမ်းခြင်းဟာ ဖက်ဒရယ်မူ၏ အရေးတကြီး ဖြစ်ပေါ်နေသော အကြောင်းကြောင်းများကြောင့် ယခုလို မလွှဲမရှောင်သာဘဲနှင့် တိုင်းပြည်ကို ထိန်းသိမ်းဖို့ အာဏာသိမ်းယူရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်ဟာ တိုင်းပြည်ငယ်ကလေးပါ၊ အဲဒီလို ငယ်တဲ့ တိုင်းပြည်ကလေးဟာ အစိတ်စိတ်အမြွာမြွာ ကွဲပြီးတော့ သူတစ်လူ ငါတစ်မင်းနဲ့ တိုင်းပြည်ငယ်ကလေး များ ဖွဲ့စည်း၍မဖြစ်ပါ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လွတ်လပ်ရေး ရပြီးသည့်နောက် ဆယ်နှစ်စေ့တဲ့အခါမှာ ပြည်ထောင်စုကြီးမှ ခွဲထွက်နိုင်တယ်ဆိုတာ မှန်ပါတယ်။ ဆိုပါတော့ စကော့တလန်ပြည်ဟာ အင်္ဂလန်ပြည်မကြီးမှ ခွဲထွက်ဖို့ဟာ ခုလို ဆယ်နှစ်မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကတည်းက ကြံရွယ်နေပါတယ်။ ဒါပေမဲ့ သူတို့ ခုထက်ထိ စည်းစည်းလုံးလုံး ရှိနေတာကို တွေ့ရပါတယ်။

ဗမာပြည်မှာတော့ လွတ်လပ်ရေး ရပြီးသည့်နောက် ၁၅ နှစ်ထဲမှာပဲ ဗမာပြည်ပတ်ဝန်းကျင်မှာ ဖြစ်ပေးနေတဲ့ အခြေအနေမျိုးကြောင့် ခုလို ခွဲထုတ်ဖို့ စကားတွေဟာ တစ်နေ့တခြား ကျယ်လောင်လာပါတယ်။ အဲဒီတော့ ဥပမာ ဆိုကြပါစို့။ ကျွန်တော်တို့ အိမ်နီးချင်းဖြစ်လာတဲ့ လောပြည်တို့ ၊ ဗီယက်နမ်တို့ကို ကြည့်ပါ။ သူတို့ ဒီလိုဖြစ်နေတဲ့အတွက် သူတို့တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ အသိသားပဲ။ အဲဒီလိုလောပြည်၊ ဗီယက်နမ်ပြည်တို့မှာ ဖြစ်နေသလို ကျွန်တော်တို့ တိုင်းပြည်မှာ အဖြစ်မခံနိုင်ဘူး။ နိုင်ငံရေးအရ မကျေနပ်မှု ရှိပါတယ်။ ဒါပေမဲ့ အဲဒီမကျေနပ်မှုဟာ အုပ်မနိုင် ထိန်းမရ ဖြစ်လာတဲ့ အခြေအနေမှာ ဒီကိစ္စကို  အေးချမ်းအောင် ဘယ်သူမှ မလုပ်နိုင်ပါ။ ရှမ်း၊ ကယားတို့က တစ်သီးပုဂ္ဂလပြည်နယ်အဖြစ်  တောင်းပါတယ်။ ကယားပြည်လို လူဦးရေ (၈၇,ဝဝဝ) သာရှိတဲ့ ပြည်နယ်အငယ်ဆုံးကလေးက တစ်သီးပုဂ္ဂလ ပြည်နယ်တောင်းလာတယ်” ဟူ၍ ပြောကြားခဲ့သည်။ ထို့အပြင် ဗိုလ်မှူးချုပ် အောင်ကြီးက ဦးနုသည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ပြဿနာများကို ထိန်းမနိုင်၊ သိမ်းမရ အခြေအနေသို့ ရောက်အောင် ကြီးထွားစေခဲ့ကြောင်း၊ ဦးနုသည် မိမိ၏ပါတီကိုပင် မထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြား၍ ဦးနုအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဗိုလ်မှူးချုပ် အောင်ကြီးသည် မတ်လ ၉ ရက်နေ့တွင်လည်း ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ အမျိုးသားကာကွယ်ရေး တက္ကသိုလ် (ယခု ယုဇနဟိုတယ်) တွင် သတင်းစာဆရာများနှင့် ထပ်မံတွေ့ဆုံကာ နိုင်ငံတော်အာဏာ သိမ်းယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြန်သည်။ အဆိုပါရှင်းလင်းပွဲသို့ ပြန်ကြားရေးဌာန၀န်ကြီး ဗိုလ်မှူးကြီး စောမြင့်၊ ဒုတိယဗိုလ်မှူးကြီး လွင်၊ ဒုတိယဗိုလ်မှူးကြီး ဘို နှင့် ပညာရေးစိတ်ဓာတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဦးတို့ တက်ရောက်ကြသည်။ ရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် အောင်ကြီးက -

“ဒီမိုကရေစီ အောင်တာ မအောင်တာ ပြဿနာ မဟုတ်ပါဘူး။ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေ ရောက်လာလို့ ထိန်းသိမ်းရတာပဲ။ ကြိုကြိုတင်တင်နဲ့ ခပ်စောစောက ပြတ်ပြတ်သားသားကိုင်ရင် ဆူပူမှုဟာ ဒီလောက်ဆိုးစရာ မရှိပါဘူး။ အစိုးရက သဘောထားကြီးကြောင်း ပြတာနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသား စိတ်တွေ ရှိလာကြတာပဲ။ ပလိပ်ရောဂါ၊ ဝမ်းရောဂါဖြစ်ခါမှ ရေကို ချက်သောက်မယ်လို့ တရားဟောနေရင် အဲဒီအချိန်မှာပဲ လူဦးရေတစ်ဝက်ကုန်သလောက် ဖြစ်နေမှာပဲ။ အသံလွှင့်ရုံမှာ ကျင်းပတဲ့ အမျိုးသားနှီးနှော ဖလှယ်ပွဲသာပြီးရင် ဖြစ်ချင်တာ ဖြစ်ကုန်ကြမှာပဲ။ ပြည်နယ်တွေကပဲ သူတို့လိုချင်တာ ပေးရင် ပေး၊ မပေးရင် ခွဲမယ်၊ တိုက်ရမယ် ဖြစ်ကုန်ကြပြီ၊ ၁၉၄၈ ခုနှစ်က အခြေအနေကို ဦးတည်လာကြမှာမို့ သဘောထားကြီးပြနေလို့ မရတော့ဘူး” ဟု ပြောကြားခဲ့သည်။

ထို့နောက် ဗိုလ်မှူးချုပ် အောင်ကြီးက ဆက်၍ -

“ရှမ်းကိစ္စက ပဒေသရာဇ်တွေရဲ့ နောက်ဆုံးဖောက်ပြန်မှုပဲ။ ဖက်ဒရယ်ဆိုတာက အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒတွေကို အရေခြုံထားတာပဲ။ လွတ်လပ်ရေးရတာ ၁၅ နှစ်လောက်ရှိပြီ။ တကယ်သာ ရိုးဖြောင့်တယ်ဆိုရင် ကစားဝိုင်းတွေ လုပ်ကြမှာ မဟုတ်ဘူး။ လယ်ယာကိုင်းကျွန်း၊ ကျန်းမာရေး၊ ပညာရေးဘက်တွေမှာ တိုးတက်အောင် လုပ်ကြမှာပေါ့။


ခုတော့ ဒီလူတွေက ဘာလုပ်တယ် ထင်သလဲ၊ လူထုဆီက အခွန်တော်ကောက်တယ်။ ရတဲ့ငွေနဲ့ ကားဝယ်စီးတယ်။ မယားငယ် ထားတယ်။ ကျောင်းတစ်ကျောင်းများ ဆောက်ပေးသလား။ အစိုးရက လျော်ကြေးပေးသည့်ငွေတွေကို စော်ဘွားတွေက နင့်အောင် ယူခဲ့ကြတယ်။ ဒါပေမဲ့ လူထုအတွက်တော့ တစ်ပြားမှ မသုံးဘူး။ ရှမ်းပြည်နယ်မှာရှိသည့် ကိုးကန့်နယ်ဆိုရင် နိုင်ငံခြားလို သဘောထားတယ်။ ၀ နယ်ဆိုရင် အရိုင်းတွေလို သဘောထားတယ်။ ၀န်ကြီးတော့ကတော့ တစ်ခေါက်မှ မရောက်ကြဘူး။ ပအို့ဝ်ဆိုရင် သူပုန်ထကြတာ ၇ နှစ်လောက် ရှိနေပြီ။ ပအို့ဝ်တွေ သူပုန်ထတာ ပဒေသရာဇ်ကို မလိုချင်လို့ တိုက်တာပဲ။ စော်ဘွားတွေက ပြည်မက ခွဲထွက်ပြီး သူတို့နယ်မှာ ပဒေသရာဇ် လွှမ်းမိုးဖို့ လုပ်တာပဲ။ ဒီလိုအလုပ်မျိုးက ကမ္ဘာမှာ မကြံကောင်းတာ ကြံတာပဲ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဗိုလ်မှူးချုပ် အောင်ကြီးက စော်ဘွားများ ဤကဲ့သို့ ဖောက်ပြန်ခဲ့ရသည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပျော့ကွက်ကြောင့် ဖြစ်ကြောင်း၊ ဖက်ဒရယ်မူမှာ ပဒေသရာဇ်များ ဆက်၍ လွှမ်းမိုးနိုင်ခွင့် ရရှိစေရန် အကာအကွယ်ယူခြင်းဖြစ်ကြောင်း၊ စော်ဘွားများအတွက် အမတ် ၂၅ နေရာ သတ်မှတ်ပေးထားခြင်းမှာ ပဒေသရာဇ်စနစ်ကို ကာကွယ်ရန် အခွင့်အရေးရခြင်း ဖြစ်ကြောင်းလည်း ပြောကြားသည်။

● အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ သဘောထားများ
သို့သော် ဝန်ကြီးချုပ် ဦးနုကမူ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ပေါ်ပေါက် လာသည် ဟူသော အချက်ကိုလည်းကောင်း၊ နိုင်ငံရေး အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည် ဟူသော အချက်ကိုလည်းကောင်း လက်မခံခဲ့ပေ။ ထိုစဉ်က နိုင်ငံရေး အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုးမဟုတ်သည်ကို လူအများစုက သိရှိကြောင်း၊ ဖက်ဒရယ်မူတောင်းဆိုသည့် ကိစ္စမှာလည်း စိုးရိမ်ဖွယ်ရာ ကိစ္စမဟုတ်ကြောင်း၊ အသံလွှင့်ရုံတွင် ကျင်းပသည့် လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲမှာ မိမိကိုယ်တိုင်က စီစဉ်ဆောင်ရွက်ပေးခဲ့သည့် နှီးနှောဖလှယ်ပွဲဖြစ်ကြောင်း ဦးနုက ပြောကြားခဲ့သည်။

လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော အဆိုကို ရှမ်းပြည်နယ် ဥက္ကဌ စ၀်ခွန်ချိုက တင်သွင်း၍ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊ ချင်းဝိသေသတိုင်း ကိုယ်စားလှယ် ကပ္ပတိန် မန်းတုံးနုံး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) နှင့် ကယားပြည်နယ် ကိုယ်စားလှယ် ဦးစိန်တို့က ထောက်ခံဆွေးနွေးကြရန်၊ ထိုအဆိုပြုချက်နှင့် ထောက်ခံဆွေးနွေးချက်များကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ကိုယ်စားလှယ်များနှင့် နိုင်ငံတော် အစိုးရ အတိုင်ပင်ခံ အဖွဲ့ဝင်တို့က သေချာစွာ လေ့လာရန်၊ ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစနှင့် နိုင်ငံတော် အစိုးရ အတိုင်ပင်ခံ အဖွဲ့ဝင်တို့မှ ကိုယ်စားလှယ် တစ်ဦးစီက ဖက်ဒရယ်မူနှင့် ပတ်သက်သော သဘောထားများကို တင်ပြရန်၊ ထို့နောက် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ်ခြောက်ဦး၊ ပမညတ၊ ဖဆပလ၊ ရပလဖနှင့် အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်သုံးဦးစီနှင့် အတိုင်ပင်ခံအဖွဲ့ဝင်လူကြီးများ ပါဝင်သော ကော်မတီတစ်ရပ်ကို  ဖွဲ့စည်းပေးရန် ၊ ထိုကော်မတီတွင် ဦးနုက နာယကအဖြစ် ဆောင်ရွက်ရန်၊ ထိုကော်မတီက ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဆွေးနွေးပြီးနောက် ရရှိသည့် သဘောတူညီချက်ကို အစီရင်ခံရန် ဦးနုက စီစဉ်ထားသည်။

ကိုယ်စားလှယ်ပေါင်းစုံပါဝင်သောကော်မတီကဆွေးနွေးညှိနှိုင်းနေစဉ်မှာပင် သင့်လျော်သော အချိန်တွင် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ မိမိ၏ သဘောထားကို ထုတ်ဖော်ပြောကြားမည် ဟုလည်း ဆိုသည်။ သို့သော် နှီးနှောဖလှယ်ပွဲကြီး မပြီးဆုံးမီမှာပင် တော်လှန်ရေးကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပေသည်။ ထို့ကြောင့် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပြောကြားရန် ရည်ရွယ်ထားသော သဘောထားများကို မပြောကြားခဲ့ရပေ။

ထို့အတူ အသံလွှင့်ရုံ၌ ပြုလုပ်သည့် ဆွေးနွေးပွဲအစီအစဉ်အရ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပထစ၏ သဘောထားကို ၀န်ကြီး ဒေါက်တာဦးဧမောင်က ၁၉၆၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြောကြားရန် ဖြစ်သော်လည်း မတ်လ ၂ ရက်နေ့တွင် စစ်တပ်က ရုတ်တရက် အာဏာသိမ်းပိုက်လိုက်သောကြောင့် ၀န်ကြီး ဒေါက်တာဦးဧမောင် ပြောကြားမည့် မိန့်ခွန်းကို ထိုစဉ်က စာအုပ်အဖြစ် အသင့်ရိုက်နှိပ်ထားပြီးဖြစ်၍ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ထိုစဉ်က ပထစ၏ သဘောထားကို စာဖတ်သူ သိရှိနားလည်နိုင်ရေးအတွက် ထည့်သွင်းဖော်ပြလိုက်ပါသည်။

ဝန်ကြီး ဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းတွင် -

ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးသည် ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် သေရေးရှင်ရေးတမျှ အလွန်အရေးကြီးပြီး ပြည်ထောင်စုကြီး တစ်ရပ်လုံးနှင့် ဆိုင်သည့် ပြဿနာဖြစ်ကြောင်း ထိုပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်လျှင် မည်သည့်တိုင်းရင်းသားမျှ သက်သာခွင့်ရမည် မဟုတ်ဘဲ၊ ပြည်ထောင်စုသားအားလုံး ကျွန်သပေါက်ဘ၀ကို ပြန်ရောက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကြီး အဓွန်ရှည်ရေးအတွက် ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းသင့်ကြောင်း ပထမတင်ပြထားသည်။

ထို့နောက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နောက်ခံသမိုင်းကို ပင်လုံညီလာခံမှစ၍ အခြေခံဥပဒေ ရေးဆွဲပြီးသည်အထိ အကျဉ်းချုပ်၍ တင်ပြသည်။ ထိုသို့ တင်ပြရာတွင် ဖဆပလ မဏာမပြင်ဆင်မှု ညီလာခံတွင် တင်သွင်းခဲ့သည့် အဆိုပေါင်း ၁၄ ခုရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇) ချက်ဆိုသည်မှာလည်း ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းသော အဆို (၁၄) ခုအနက်မှ ပထမ (၇) ခုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇) ချက်ကိုသာ ကွက်၍ ကြည့်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းချပေးသည့် လမ်းညွှန်ချက်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မကိုက်ညီသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နိုင်ကြောင်း၊ သို့သော် ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆို (၁၄) ခုစလုံးကို ဖတ်ရှုလေ့လာကြည့်လျှင် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင် တင်သွင်းသော ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်နှင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုက်ညီသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆိုပြုချက် (၁၄) ခုမှာ -

၁။ မြန်မာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ်ဖြင့် ကြေညာရန် ဤပဏာမပြင်ဆင်မှု ညီလာခံသဘင်က လေးနက်ခိုင်မာစွာ ပြဋ္ဌာန်းလိုက်သည်။

၂။ တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲအပ်သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အဆိုပါ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော်သည် -

(က) ယခုအထိ ဗြိတိသျှမြန်မာပြည်အတွင်းတွင် ပါဝင်နေသော

(၁) မြန်မာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော မြန်မာပြည်မ

(၂) ဟုမ္မလင်းခရိုင်ခွဲ

(၃) ဆင်ကလိုက်ခမ်းတီး (ဆင်ကလိန်ခန္တီး)

(၄) သောင်ဒွတ် (သောင်သွတ်)

(၅) ဆောမရနယ်ပယ် (ဆွမ္မရာ)

(၆) နာဂတောင်တန်းများ

(၇) သံလွင်ခရိုင်

(၈)  ကံပက်လက်ခရိုင်ခွဲ

(၉) ရခိုင်တောင်တန်း နယ်ပယ်များဟူ၍ ခေါ်ဝေါ်သော ဒေသများ

(ခ) ကိုးခမ်း (ကိုးကန့်) နှင့် မောင်းပိုင် (မိုးဗြဲ) တို့အပါအ၀င် ဖြစ်သော ရှမ်းပြည်ထောင်စု (Federated Shan States)

(ဂ) ကရင်နီပြည်နယ်များ

(ဃ) ကချင်တောင်တန်းများ

(င) ကံပက်လက်ခရိုင်ခွဲ ပါသော ချင်းတောင်တန်းခရိုင်တို့ ပါဝင်သော ပြည်ထောင်စု နိုင်ငံတော် ဖြစ်ရမည်။

၃။ (၁) အောက်ပါ ဂုဏ်အင်္ဂါအားလုံးနှင့် သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း ပြည့်စုံ၍ (ခ)၊ (ဂ)၊ (ဃ)၊ (င) တို့၌ ဖော်ပြသော ဒေသများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်း၍ နောင်အခါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် “ပြည်ထောင်စု ပြည်နယ်” (Union State) အဆင့်အတန်းဖြစ်စေ၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်” (Antonomous State) အဆင့်အတန်းကို ဖြစ်စေ၊ “လူမျိုးစုပြည်နယ်” (National Area) အဆင့်အတန်းကို ဖြစ်စေ ရရှိရမည်။ ထိုဒေသများသည် မိမိတို့အား အပ်နှင်း၍သော်လည်းကောင်း လွှဲပြောင်း၍သော်လည်းကောင်း ရရှိသော အာဏာနှင့် တာဝန်များကို သုံးစွဲဆောင်ရွက်ရမည်။ ဂုဏ်အင်္ဂါများကား -

(၁) ပထ၀ီအနေအထားအရ နယ်နိမိတ် အထင်အရှား ရှိခြင်း။

(၂) မြန်မာစကားနှင့် မတူသော ဘာသာစကားတစ်မျိုးတည်း ရှိခြင်း

(၃) ယဉ်ကျေးမှုတစ်မျိုးတည်း ရှိခြင်း။

(၄) ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း။

(၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ ရှိသော လူစုရှိခြင်း။

(၆) လူဦးရေ အတော်အတန်ရှိခြင်း။

(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားဒေသတစ်ခု အဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေထိုင်သော ဆန္ဒရှိခြင်းတို့ ဖြစ်လေသည်။

(၈) ထိုအာဏာများနှင့် တာဝန်များသည် ပဏာမပြင်ဆင်မှု ညီလာခံ သဘင်က ခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို ရပြီးမှ စဉ်းစားဆုံးဖြတ်ရမည့် အာဏာနှင့် တာဝန်များဖြစ်သည်။ ဆိုခဲ့ပြီးသော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိသော တူညီချက်သည် (ဖဆပလ) အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ကို ရရှိမည်။

၎။ (ဤနေရာမှစ၍ လာမည့် အပိုဒ်များတွင် “ပြည်ထောင်စုဥပဒေပြုအဖွဲ့” ဟု ခေါ်ဆိုအပ်သော) ဗဟိုဥပဒေပြု အဖွဲ့၏ အာဏာပိုင်နက်သည် ပြည်ထောင်စုနိုင်ငံတစ်ဝှမ်းလုံး ဖြစ်ရမည်။ “ပြည်ထောင်စု ပြည်နယ်” သို့မဟုတ် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” သို့မဟုတ် “လူမျိုးစုပြည်နယ်” တို့၏ ဥပဒေပြုအဖွဲ့များသို့ သီးခြားလွှဲပြောင်းပေးသည့် ကိစ္စအမျိုးအစားထဲတွင် မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားသည်ဖြစ်စေ၊ ပြည်ထောင်စု ဥပဒေအဖွဲ့သည် အောက်၌ စီစဉ်ဖော်ပြထားသော ကိစ္စအမျိုးအစားတွင် ပါဝင်သည့် ကိစ္စအားလုံးတို့အပေါ်၌ ဥပဒေပြုအာဏာ ရှိရမည်။

(၁) ပြည်ထောင်စု အစိုးရဌာနများ၊

(၂) ပြည်နယ်အချင်းချင်း ကိစ္စများ၊

(၃) (ထိုလုပ်ငန်း - ၂ မျိုးမှ အပ) ကျန်ကိစ္စများ၊

(၄) ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေးတိုးတက်မှု ကိစ္စများ၊

(၅) “ပြည်နယ်စုနယ်” “ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်” “လူမျိုးပြည်နယ်” တို့မှ လွဲ၍ ကျန်ဒေသများနှင့် စပ်လျဉ်းသော ကိစ္စများ။

မှတ်ချက်။ ။(အထက်ပါ အပိုဒ်ကြီး - ၄ ၊ အပိုဒ်ခွဲ (၅) တွင် ဆိုထားသော ကျန်ဒေသများအတွက် ဥပဒေပြုအဖွဲ့များ သတ်သတ်ထားရှိမည် မဟုတ်ချေ။)

၅။ ဤလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံသည်လည်းကောင်း၊ ထိုနိုင်ငံအဖွဲ့ဝင် ပြည်နယ်ဒေသများသည်လည်းကောင်း ထိုနိုင်ငံ၏ အစိုးရဌာနများသည်လည်းကောင်း၊ အသီးသီးတို့သည် မိမိတို့၏ တန်ခိုးတေဇာနှင့် အာဏာတို့ကို တိုင်းသူပြည်သားတို့ထံမှ ထုတ်ယူသုံးစွဲရမည်။

၆။ လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်း တူညီမှု၊ အခွင့်လမ်းတူညီမှု၊ တရားဥပဒေအရ တူညီမှုတို့အပြင် တရားဥပဒေနှင့်လည်းကောင်း၊ လောက၀တ္တရားတို့နှင့်လည်းကောင်း ၊ သင့်မြတ်လျော်ကန်စေရမည် ဖြစ်သော လွတ်လပ်စွာ တွေ့ကြုံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုတို့ကို ပြည်သူပြည်သားအားလုံးကို ရရှိခံစားနိုင်အောင် ၀န်ခံလျက် ရှိရမည်။

၇။ (၁) တိုင်းရင်းသား လူနည်းစုများ ၏ အခွင့်အရေးများဖြစ်သော -
(က) လူတို့၏ အခွင့်အရေး
(ခ) လူမျိုးနှင့် ယဉ်ကျေးမှု အခွင့်အရေး
(ဂ) ယဉ်ကျေးမှုတွင် မိမိတို့စရိုက်အရ ပြဌာန်းနိုင်ခွင့်နှင့်အတူ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး။
(ဃ) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရေး။

ထိုအခွင့်အရေးတို့ကို လူမျိုးစုနှင့် လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့် လည�
 
● အဘယ်ကြောင့် အာဏာသိမ်းပိုက်ခဲ့သနည်း
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ သိမ်းယူခဲ့ခြင်းမှာ ပထစ ခေါင်းဆောင်အချို့သည် တပ်မတော်အကြီးအကဲများ၏ သြဇာအာဏာကို လျော့နည်းသွားအောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု ပထစအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သော ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်ဝင်) က ပြောဆိုခဲ့သည်။

လွတ်လပ်ပြီးစ နိုင်ငံငယ်များနှင့် တိုးတက်ဖွံ့ဖြိုးစ နိုင်ငံငယ်များတွင် စစ်တပ်အင်အား ကြီးမားခဲ့ကြောင်း ၊ထို့ကြောင့် ထိုနိုင်ငံငယ်များတွင် စစ်တပ်အာဏာသိမ်းမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ ဗမာ့တပ်မတော်ကိုလည်း မည်သို့ပြုပြင်လျင် သင့်မည်ဟု ပထစခေါင်းဆောင်များ နည်းလမ်း ရှာဖွေခဲ့ကြကြောင်း၊ တပ်မတော်အရာရှိကြီးများအား သုံးနှစ်တစ်ကြိမ် ပြောင်းလဲပေးလျှင် ကောင်းမည်၊ သို့မဟုတ် အငြိမ်းစားပေးလျှင် သင့်လျော်မည်၊ သို့မဟုတ် အမြဲတမ်း စစ်တပ်မထားဘဲ အရွယ်ရောက်သူတိုင်းအား စစ်ပညာများသင်စေ၍ အမှုထမ်းစေလျှင် အဆင်ပြေမည်တို့ကို  ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ ဆွေးနွေးသောသတင်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းထံ သတင်းပေါက်သွားသောကြောင့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ခြင်း ဖြစ်မည်ဟု ထင်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူးအောင်က ဆွေးနွေးပြောကြားခဲ့သည်။ ယင်းပြောဆိုချက် မှတ်တမ်းကို ရန်ကုန်တက္ကသိုလ် သမိုင်းသုတေသနဌာနက ကိုယ်တွေ့ပြောကြားချက်များ (ဝ၁၂၂) ဖြင့် သိမ်းဆည်းထားသည်။ ၁၉၉ဝ ပြည့်နှစ် ၊ သြဂုတ်လအတွင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူးအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်မူ ၎င်းက -


“ကျွန်တော် ကာကွယ်ရေးဝန်ကြီး လုပ်တဲ့အခါ National Service Act ဆိုတာ စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေတစ်ရပ် ပါလီမန်မှာတင်ဖို့ ကျွန်တော်တို့ လုပ်တယ်။ အဲဒီတင်ဖို့ လုပ်တဲ့အခါကျတော့ ဗိုလ်မှူးချုပ် တင်ဖေက နယ်တွေမှာ သွားပြီးတော့ တပ်တွေကို ပြောတယ်။ ဒီကာကွယ်ရေးဝန်ကြီး လုပ်တဲ့အချိန်မှာ ငါတို့ တပ်မတော်ကို ဖျက်ဖို့ လုပ်နေပြီ။ ဘယ်လိုလဲဆိုရင် National Service Act အရ လူတိုင်း လူတိုင်း ၁၈ နှစ်  ပြည့်တဲ့ ကျား မ ၄၅ နှစ်အတွင်းမှာရှိတဲ့ ကျားမ အားလုံး၊ စစ်ပညာ မသင်မနေရ ဆိုတာ လုပ်မယ်။ ဒီတော့ တပ်က ဘယ်လောက်ထားမလဲ။ လေ့ကျင့်ရေးအတွက်ပေါ့လေ။ ငါးသောင်းထားမယ်။ တော်ပြီ။ ပိုတဲ့ အရာရှိ အကြပ် တပ်သားတွေကို ဘယ်လိုလုပ်မလဲ။ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးမှာ ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့က အစားသွင်းမယ်။ အကြပ် တပ်သား ဆိုလည်း ကျေးရွာကာကွယ်ရေးတို့ ဘာတို့ပေါ့လေ။ ကျေးရွာအုပ်ချုပ်ရေးတို့ ဘာတို့၊ အဲဒီမှာ ကျွန်တော်တို့က ဟိုဒင်း ဖြစ်တယ်။ တပ်မတော်က ပိုလာတဲ့ အရာရှိတွေထဲက တချို့က အုပ်ချုပ်ရေးမှာ ပြန်ထည့်မယ်။ ပညာအရည်အချင်းပြည့်ဝတဲ့ ဒီတပ်ဗိုလ်တွေကို နိုင်ငံခြားမှာ ကျွန်တော်တို့က ပညာထပ်သင်မယ်။ တိုင်းပြည်ထူထောင်ရေးအတွက် လိုတဲ့ ပညာတွေကိုပေါ့လေ။ အဲသလို ပညာသင်ပြီးတော့ ဒီတိုင်းပြည် ထူထောင်ရေးအတွက် သုံးမယ်ဆိုတဲ့ဟာ၊ အဲဒီ National Service Act စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေလုပ်ဖို့ ဆိုပြီးတော့ ၊ အဲဒီဟာ လုပ်တဲ့အခါကျတော့ ဗိုလ်မှူးချုပ် တင်ဖေက ပထမဆုံး သူက တပ်က အရာရှိတွေ ခေါ်ပြီးတော့ သူ ရှင်းတယ်။ တို့တပ်မတော်တော့ အဖျက်မခံနိုင်ဘူး။ ငါတို့တော့ တစ်ခုခုတော့ လုပ်ရမယ်ဆိုတာ ကို သူပြောတယ်။

ဝ နယ်ကို ကျွန်တော်တို့ သွားတော့ ဗိုလ်မှူးကြီး မောင်ရွှေက သူက တိုင်းတပ်မှူး၊ အစ်ကိုကြီးတဲ့ ဒီက အရာရှိတွေက အကိုကြီးနဲ့ Interview တောင်းတယ်။ အဲဒီအရာရှိ ၂ဝဝ နဲ့ ကျွန်တော်တွေ့တယ်။ တွေ့တော့ အဲဒီ National Service Act အကြောင်း သူတို့က မေးကြတယ်။ မေးတော့ အဲဒါ ရှင်းပြတယ်။ ဟ… ဒါဆို ကောင်းသားပဲတဲ့။ ဒီသူပုန်ရန်ကလည်း အဲဒီအချိန်က အေးသွားပြီ။ ပေါင်းလိုက်လို့မှ ဆိုရင် ၃ဝဝဝ ကျော် ၄ဝဝဝ လောက်ပဲ ရှိတယ်။ အဲဒီ ၃ဝဝဝ ကျော် ၄ဝဝဝ ကျော်တွေကလည်း သူတို့အနေနဲ့ ပြန်ပြီးတော့ အလင်းဝင်ချင်တဲ့ ဆန္ဒရှိတယ်။ အမျိုးသား စစ်ဝန်ထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အဆင့်ဆင့် ကျွန်တော် ရှင်းပြတော့ အဲဒီအရာရှိတွေက ဟာ.. ဒါ ကောင်းသားပဲ။ ဒါ… တပ်မတော်ဖျက်တာမှ မဟုတ်ဘဲ။ ပြည်ထောင်စုကြီး တစ်ခုလုံး တပ်မတော်ဖြစ်အောင် လုပ်တာတဲ့။ ဒါ လက်ခံစရာ အကြောင်းရှိတယ်။ ဒီဥစ္စာဟာ အိုစီ (O.C – Officer Commanding တပ်မှူး) ကွန်ဖရင့်က စီဒီ (C.O – Commanding Officer) ကွန်ဖရင့်က နှစ်ကြိမ် တပ်မတော်အရာရှိက နှစ်ကြိမ် သူတို့ သဘောတူပြီးသား။ ဗိုလ်မှူးချုပ် တင်ဖေက ဟိုတုန်းက ပုသိမ်သွားပြီးတော့ ရင်ဘတ်ထုပြီးတော့၊ (ကာကွယ်ရေးဝန်ကြီး) ကတော့ တပ်မတော်ဖျက်ပြီ၊ ဟုတ်လား၊ လာရှိုးမှာလည်း တပ်မတော်ဖျက်ပြီ။ တောင်ကြီးမှာလည်း တပ်မတော်ဖျက်ပြီ။ သူက ရှေ့လျှောက်ပြော ၊ကျွန်တော်က နောက်ကလိုက်ရှင်း ၊ ဒီလိုဖြစ်ကြတာ။ ဗိုလ်မှူးချုပ် တင်ဖေ ဒီလိုလျှောက်ပြောတဲ့ဟာ ဆိုလို့ရှိရင် ဒီစိုးရိမ်စိတ် ရှိချင်လည်းရှိ၊ ခွန်ထီးနဲ့တော့ ကျွန်တော် စကားပြောတာပဲ။ အဲဒီ ခွန်ထီးတို့ ဘာတို့ကတော့ အဲဒါတွေ လျှောက်ပြောတာပဲ။ အဲဒီ ဆွေးနွေးပွဲမှာပဲ ဒါ ပြောတယ်။ ဆွေးနွေးကြတယ်။ အဲဒါတွေ ပြောတာပေါ့။ ဒါ၊ ဒီ၊ ဖက်ဒရယ်ကြောင့် တော့ မဟုတ်ဘူး။ တပ်မတော်က သူတို့ တပ်မတော်ကို ဖျက်တဲ့အတွက် ဒါစိုးရိမ်လို့ သိမ်းတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ကျွန်တော်တို့က ဒီလိုပဲ ယူဆတယ်လေ” ဟူ၍ ရှင်းလင်း ပြောကြားခဲ့သည်။


၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် စစ်တပ်မှ ပြည်သူ့အချုပ်အခြာ အာဏာကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မသိမ်းယူလိုက်ချိန်မှစ၍ ကျောင်းသားသမဂ္ဂအဖွဲ့မှဦးဆောင်၍ကျောင်းသားများဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ကျောင်းသား သမဂ္ဂများသည် စစ်အာဏာသိမ်းပြီးစ မတ်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ကန့်ကွက်ခဲ့ကြသည်။ ပထမအကြိမ် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်သည့် ကျောင်းသားသမဂ္ဂများ၏ ခေါင်းဆောင်များကို မတရားဖမ်းဆီးနှိပ်စက်၍ တစ်ကျွန်းပို့ ပြစ်ဒဏ်များ ချမှတ်၍ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ပြီး အချို့ကျောင်းသားများကို ကျောင်းမှ ထုတ်ပယ်လိုက်ပြီး၊ တချို့မှာ ဝရမ်းပြေးဘဝသို့ ရောက်ရှိသွားခဲ့ရသည်။ စစ်အာဏာရှင်များသည် ထိုသို့ပြုလုပ်ရုံမျှမကဘဲ ငြိမ်းချမ်းစွာ ပညာဆက်လက်သင်ကြားနေသော ကျောင်းသားများ၏ နေရေး၊ စားရေး၊ ပညာသင်ကြားရေး စသည့် ကျောင်းသားများ၏ အခြေခံအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် အချက် ၂၂ ချက်ပါ အမိန့် ၊ ဥပဒေ၊ ညွှန်ကြားချက် စသည်တို့ကို မေလ ၉ ရက်နေ့၌ ပြင်းထန်စွာ ထုတ်ပြန်လာခဲ့သည်။ တဖန် မေလ ၁ဝ ရက် တက္ကသိုလ်ကောင်စီကိုပါ ဖျက်သိမ်း၍ မေလ ၁၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာချက် အမိန့်အမှတ် ၃ဝ ဖြင့် တက္ကသိုလ်ကျောင်းသားများမပါဘဲ ဗိုလ်မှူးချုပ်များသာ ပါဝင်သည့် တက္ကသိုလ် ကောင်စီကို ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။

ထိုသို့ အထွေထွေဖိနှိပ်ချုပ်ချယ်မှုများကို နည်းပေါင်းစုံဖြင့် ပြုလုပ်၍ အားမရသေးဘဲ ဇူလိုင်လ ၆ ရက်က ည ၂ဝးဝဝ နာရီတွင် စစ်အစိုးရမှ တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ဖိနှိပ်ချုပ်ချယ်လာသောကြောင့် နောက်ထပ် (၄) လကျော်ခန့် အကြာတွင် ကြီးမားပြင်းထန်သော ဆဲဗင်းဂျူလိုင် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှု အထွေထွေသပိတ်ကြီး  ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ သပိတ်မှောက်ရသည့် ရည်ရွယ်ချက်မှာ -

(၁) ၁၉၆၂ မတ်လ ၂ ရက် စစ်တပ်မှ မတရား အာဏာသိမ်းယူမှု

(၂) ကျောင်းသားများ၏ လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်များကို ဖိနှိပ်ချုပ်ချယ်သည့် အမိန့်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဥပဒေကြေညာချက်များကို ရုပ်သိမ်းရန်ဖြစ်ပြီး ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ သပိတ်မှောက်ခြင်းသာ ဖြစ်သည်။

ယင်းသပိတ်ကြီးသည် တစ်နိုင်ငံလုံးရှိ ကျောင်းသားထုများအကြား လျင်မြန်စွာ ပြန့်နှံ့ကူးစက်ကာ ဇူလိုင်လဆန်းတွင် တဖြည်းဖြည်းနှင့် ကြီးမားပြင်းထန်လာခဲ့သည်။ ကျောင်းသားသမဂ္ဂများမှ ဦးဆောင်လှုပ်ရှားခဲ့ပြီး စစ်အာဏာရှင်စနစ်နှင့် တရားမျှတမှုမရှိသော ဥပဒေများအား ဆန့်ကျင်ခဲ့သည်။ သမိုင်းတွင်ရစ်မည့် ဆဲဗင်းဂျူလိုင်ကျောင်းသားလှုပ်ရှားမှု အထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ ယင်းကျောင်းသားသပိတ်ကြီးအား ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၁၈း ၃ဝ နာရီခန့်တွင် စစ်အာဏာရှင် ဗိုလ်ချုပ် နေ၀င်း၏ ခါးပိုက်ဆောင် စစ်တပ်မှ မောင်းပြန် ဂျီသရီး၊ ဂျီဖိုး၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ဖြိုခွင်းခဲ့ရာ ကျောင်းသားများ သွေးမြေကျခဲ့ရသည်။ မသေဘဲ ကျန်နေခဲ့သူ ကျောင်းသား မြောက်များစွာလည်း ဖမ်းဆီးခြင်းခံရ၍ ထောက်ချနှိပ်စက်ခံရခြင်း၊ ကိုကိုးကျွန်းသို့ ပို့ဆောင်၍ နှိပ်စက်ခံရခြင်း၊ အချို့ကျောင်းသားပေါင်းများစွာသည် ကျောင်းထုတ်ခံရခြင်း၊ အချို့မှာ ထွက်ပြေး တိမ်းရှောင်ကာ အနာဂတ်ဘဝများ ပျောက်ဆုံးသွားခဲ့သည်။

ထို့အပြင် ကျောင်းသားများ၏ နိုင်ငံရေး လုပ်ဆောင်မှုသမိုင်းကို ဖျောက်ဖျက်ပစ်လိုသော အကြံဖြင့် သပိတ်မှောက် ကျောင်းသားသမဂ္ဂများ အဓိကစုရုံးစည်းဝေးရာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဇူလိုင်လ ၈ ရက်နေ့ မနက် ဝ၃း၃ဝ နာရီတွင် ဒိုင်းနမိုက်များဖြင့် ဖြိုခွဲဖျက်ဆီး၍ အစဖျောက်ခဲ့သည်။

ဤသို့ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြကျောင်းသားများ၏ ဆန္ဒကို မလိုက်လျောသည့်ပြင် ပြင်းထန်စွာ ပစ်ခတ်သတ်ဖြတ်မှုသည် ဥပဒေရှုထောင့်မှ ကြည့်ပါက စစ်အာဏာသိမ်းစဉ်က လက်ခံကျင့်သုံး နေဆဲဖြစ်သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အခန်း (၂) မူလအခွင့်အရေးများပါ လွတ်လပ်မှု အခွင့်အရေးများ၏ အပိုဒ် (၁၇) တွင်၊ တရားဥပဒေနှင့်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားများသည် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲနိုင်ရမည်။

(က) မိမိယုံကြည်ချက် ၊ ထင်မြင်ချက်တို့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သော အခွင့်အရေး။

(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးနိုင်သော အခွင့်အရေး စသည်တို့ ဖော်ပြပါရှိသည်။

သို့သော် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းသားလှုပ်ရှားမှု သပိတ်ကြီးများတွင် စစ်အာဏာရှင်များသည် လိုက်လျောဆောင်ရွက်ပေးခဲ့ခြင်းများ တစ်စုံတစ်ရာမျှ မရှိခဲ့သည့်အပြင် အကြမ်းဖက်ကာ ရက်စက်စွာ ပစ်ခတ်၍တစ်မျိုး၊ တရားမျှတမှု မရှိသော အမိန့်များ၊ ဥပဒေများ၊ စည်းကမ်းချက်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ တဖုံစသည့် လူမဆန်သည့် လုပ်ရပ်တို့ဖြင့်သာ ဖြေရှင်းပေးခဲ့ကြသည်။ ထိုသို့ အထက်မှ ခိုင်းသည့်အတိုင်း သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့်သူများကို  တည်ဆဲပြဌာန်းထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ (၁) (ခ) ဖြင့် အရေးယူနိုင်ပေသည်။

ပုဒ်မ ၃ဝ၂ (၁) (ခ) တွင် မည်သူမဆို တင်ကူးရည်ရွယ်ချက်ဖြင့်  လူသတ်မှုကို  ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟူ၍ ဖော်ပြထားသည်။

ထို့အပြင် သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖျက်ဆီးဖြိုချလိုက်သည့် လုပ်ရပ်သည်လည်း ယင်းသို့ ပြုလုပ်သူများ အနေဖြင့် ပြဌာန်းထားဆဲပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ ကို ကျူးလွန်ရာ ရောက်သည်။

ပုဒ်မ ၄၃၆ တွင် မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်သော်လည်းကောင်း၊ နေအိမ်အဖြစ်ဖြင့် လည်းကောင်း၊ ပစ္စည်းများ သိုလှောင်ထိန်းသိမ်းသော နေရာအဖြစ်ဖြင့်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို  ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ၊ မိမိက ထိုသို့ ပျက်စီးစေမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ၊ မီးဖြင့် သို့မဟုတ် ပေါက်ကွဲတတ်သောအရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုး ကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟူ၍ ပြဌာန်းထားသည်။

ထိုသို့ ကျူးလွန်စေရန် အမိန့်ပေးညွှန်ကြားခဲ့သည့် သူများကို အားပေးကူညီမှု ပုဒ်မများ (ကျူးလွန်ခဲ့သည့် မူရင်းပြစ်မှုများအတိုင်း ပြစ်ဒဏ်ခံစားရသည့် ပုဒ်မများ) ဖြင့် အရေးယူပေးရမည် ဖြစ်ပေသည်။ ယင်းသို့ တရားစီရင်မှု ပြုလုပ်မှသာ တရားမျှတမည် ဖြစ်ပေသည်။ သို့သော် ယင်းသို့ ပြစ်မှုကျူးလွန်ခဲ့သည့်သူများ အမိန့်ပေးခဲ့သည့်သူများကို အရေးယူအပြစ်ပေးခြင်း တစ်စုံတစ်ရာကိုမျှ စစ်အစိုးရ အဆက်ဆက်သည်ယနေ့ တိုင် ပြုလုပ်ပေးခဲ့ခြင်း မရှိပေ။

● တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ
တော်လှန်ရေးကောင်စီခေတ် ၁၂ နှစ်၊ လမ်းစဉ်ပါတီ အစိုးရခေတ် ၁၄ နှစ်၊ ၂၆ နှစ် ကာလအတွင်း ဗိုလ်ချုပ်ကြီးနေဝင်းသည် ထိုစဉ်က ကမ္ဘာတွင် ခေတ်စားနေသော “ဆိုရှယ်လစ်” ဆိုင်းဘုတ်ကို ကောက်ချိတ်ပြီး ရာဇပလ္လင်ပေါ်တက်ထိုင်ကာ အာဏာသုံးရပ်ကို အပြည့်အဝ ချုပ်ကိုင်၍ မစားရ ဝခမန်း စိတ်ကူးယဉ် အိပ်မက်များကို အကောင်အထည်ဖော်ကာ ဆိုဗီယက်ပုံစံ တစ်ပါတီ ဆိုရှယ်လစ်အာဏာရှင် စနစ် တည်ထောင်ခဲ့သောကြောင့် သယံဇာတ ပေါကြွယ်လှသော မြန်မာနိုင်ငံသည် ၄၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ၁ ရက်နေ့တွင် ကျင်းပခဲ့သော (၉၆) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် (၄၂/၄၂၈) အရ ကမ္ဘာဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (အဆင်းရဲဆုံးနိုင်ငံ) စာရင်းသို့ သွတ်သွင်းခံလိုက်ရလေသည်။


သို့ကလို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်မှ ပြည်သူ့အချုပ်အခြာအာဏာများကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မ သိမ်းယူလိုက်သောကြောင့် ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ မတ်လတွင် တစ်ကြိမ်နှင့် ဇူလိုင်လတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ပထမအကြိမ် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ကျောင်းသားသမဂ္ဂများ၏ ခေါင်းဆောင်များကို မတရားဖမ်းဆီးနှိပ်စက်၍ တစ်ကျွန်းပို့ပြစ်ဒဏ်များ ချမှတ်၍ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ပြီး အချို့ကျောင်းသားများကို ကျောင်းမှ ရာသက်ပန် ထုတ်ပယ်လိုက်သည်။ တချို့မှာမူ ၀ရမ်းပြေးဘ၀သို့ ရောက်ရှိသွားရတော့သည်။ ဗိုလ်ချုပ်ကြီး နေ၀င်းသည် ထိုသို့ပြုလုပ်ရုံမျှ အားမရသေးဘဲ ငြိမ်းချမ်းစွာ ပညာဆက်လက်သင်ကြားနေသော ကျောင်းသားများ၏ စားရေး နေရေး ပညာသင်ကြားရေး စသည့် ကျောင်းသားများ၏ အခြေခံ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် စည်းကမ်းချက် ၂၂ ချက်ပါ ညွှန်ကြားချက်တို့ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မေလ ၁ဝ ရက်နေ့တွင် တက္ကသိုလ် ကောင်စီကိုပါ ဖျက်သိမ်းပစ်လိုက်သည်။

ထိုသို့ အထွေထွေ ဖိနှိပ်ချုပ်ချယ်မှုများကို နည်းပေါင်းစုံဖြင့် ပြုလုပ်သောကြောင့် ကျောင်းသားသပိတ်သည် တစ်နိုင်ငံလုံးရှိ ကျောင်းသားထုများအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်လာကာ သမိုင်းတွင်ရစ်ခဲ့သည့် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် စစ်အစိုးရသည် ဇူလိုင်လ ၆ ရက်နေ့၊ ည ၈ နာရီတွင် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့၊ ည ၆း၃ဝ နာရီခန့်တွင် စစ်အာဏာရှင်များ၏ ခါးပိုက်ထောင် တပ်ဖွဲ့ဝင်များသည် မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နှင်းဖြိုခွင်းမှုကြောင့် ကျောင်းသားများ အမြောက်အမြား သေကြေ ဒဏ်ရာ ရရှိခဲ့သည်။ မသေဘဲ ကျန်ရစ်ခဲ့သော ကျောင်းသား အများအပြားလည်း ဖမ်းဆီးထောင်ချခံခဲ့ရသည်။

ထို့အပြင် ကျောင်းသားများ၏ နိုင်ငံရေးလုပ်ဆောင်ခဲ့မှု သမိုင်းကို ဖျောက်ဖျက်ပစ်လိုသော အကြံဖြင့် သပိတ်မှောက်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ အဓိကစုရုံးရာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို  ဇူလိုင်လ ၈ ရက်နေ့ ၊ မနက် ဝ၃း၃ဝ နာရီတွင် ဒိုင်းနမိုက်များဖြင့်  ဖောက်ခွဲဖြိုချဖျက်ဆီး၍ အစဖျောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂ အဆောက်အဦကို  လက်ဝါးချင်းရိုက်ပြီး ဗုံးဖောက်ခွဲခဲ့သည့် တရားခံမှာ ဗိုလ်နေ၀င်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီး တို့သာ ဖြစ်သည်။ ယင်းနောက် တော်လှန်ရေးကောင်စီသည် ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေး ကို ကာကွယ်သည့် ဥပဒေကို ပြဌာန်း၍ အသင်းအဖွဲ့ပါတီအားလုံးကို ဖျက်သိမ်းလိုက်လေသည်။

၁၉၆၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်မှ ထုတ်ဝေထားသည့် ကျပ် ၁၀၀ တန်နှင့် ကျပ် ၅၀ တန် ငွေစက္ကူများကို တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်သည်။ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလတွင် ကြေးမုံ၊ ဂါးဒီးယန်း၊ ဗိုလ်တထောင် ပုဂ္ဂလိကပိုင် သတင်းစာများကို ပြည်သူပိုင် သိမ်းပိုက်၍ သတင်းစာလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သည်။

ထို့နောက် ၁၉၇၃ ခုနှစ်၊ သြဂုတ်လတွင် တော်လှန်ရေးကောင်စီမှ ရေးဆွဲခဲ့သော မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို ကိုယ်စားပြုထားသော ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုသည့် အတုအယောင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ၁၉၇၄ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့သည်။

၁၉၇၄ ခုနှစ်၊ မေ၊ ဇွန်လများတွင် မြန်မာနိုင်ငံအရပ်ရပ်တွင် အလုပ်သမားဆန္ဒပြမှုများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူး ဦးသန့်၏ ရုပ်ကလာပ်သဂြိုဟ်မည့် ကိစ္စကို အကြောင်းပြု၍ ဦးသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် သခင်ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်း  ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။


၁၉၇၇ ခုနှစ်၊ စက်တင်ဘာလတွင် မဆလပါတီ အာဏာရှင်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနှင့် သီးခြားရခိုင်ပြည်နယ် သီးခြားအစိုးရဖွဲ့ရန် ကိစ္စရပ်များ ပေါ်ပေါက်လာခဲ့သည်။ တိုင်းပြည်၏ စီးပွားရေး အခြေအနေများလည်း တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာစဉ်အတွင်း ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် နိုင်ငံတော်အတွင်း လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူကျပ် ၁ဝဝ တန်၊ ကျပ် ၅ဝ တန်နှင့် ကျပ် ၂ဝ တန်တို့ကို လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို လည်းကောင်း တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သောကြောင့် လူထုတစ်ရပ်လုံး အထွေထွေ မကျေနပ်မှုများ ဖြစ်ပွားလာခဲ့သည်။ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန်တို့ကို ထုတ်ဝေထားသည်မှာ ၂ နှစ်ခန့် သာ ရှိသေးသည်။ ထိုစဉ်အတွင်း ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်း အနောက်ရပ်ကွက်မှ လူငယ်အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ အစိုးရက အကြမ်းဖျက် ဖြိုခွင်းမှုကြောင့် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင်ကမ္ဘာကျော် “ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး” တစ်ပြည်လုံးတွင် အုံကြွ ပေါ်ထွက်လာခဲ့သည်။
 
ဗိုလ်နေဝင်း၏ ဆင်ကွက်ထဲဝင်ခဲ့မိသော ဂဠုန်ဦးစော

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်အကြီးအကဲများအား လုပ်ကြံသတ်ဖြတ်ခဲ့သော နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောနှင့် သူ့နောက်လိုက်များသည် လုပ်ကြံသည့်နေ့မှာပင် ဖမ်းဆီးခံရပြီး အထူးတရားရုံး၌ တရားရင်ဆိုင်ကာ ၁၉၄၇ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့တွင် အပြီးသတ်စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရသည်။

ထို့နောက် ဂဠုန်ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုန်ကြီး တို့သည် ၁၉၄၈ မေလ ၈ရက် စနေနေ့တွင် အင်းစိန်ထောင်၌ သေဒဏ်စီရင်ခြင်း ခံရသည်။ တဖန် ရန်ကြီးအောင်၊ မောင်စိန် ခေါ် စိန်ကြီးတို့နှစ်ဦးသည် ယင်းနေ့၌ပင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။ သုခ၊ ခင်မောင်ရင်၊ မောင်နီတို့သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂ဝသို့ ကျခံခဲ့ရသည်။ လုပ်ကြံမှုတရားခံ ဘညွန့်တစ်ဦးသာ အစိုးရသက်သေ(ဖော်ကောင်) အဖြစ် သတ်မှတ်ခံရသောကြောင့် အမှုမှ လွတ်ကင်းခွင့် ရရှိသွားသည်။

ဤသို့ ဂဠုန်ဦးစောနှင့် သူ့နောက်လိုက်များအား တရားရုံးတော်က ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့မှုသည် ဘက်ပေါင်းစုံကကြည့်လျှင် တရားမျှတမှုရှိသည်ဟု ဆိုရသော်လည်း ဦးစောသည် ဗိုလ်နေဝင်းအုပ်စု၏ ဆင်ကွက်ထဲ ဝင်မိခဲ့ပြီး တရားဆိုင်မှုတစ်ရပ်လုံးသည် တရားရေးပြယုဂ်သာ ဖြစ်သည်ဟု ယုံကြည်သူ အများအပြား ရှိနေခဲ့သည်။

အထူးသဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသော နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပွားပြီး အနှစ် ၄ဝနီးပါးရှိသည့် ၁၉၈၆ခုနှစ် ဧပြီလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ထုတ်ဝေသည့် စာစောင်တစ်ခုတွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်တွင် ဦးစောသည် အပြစ်ရှိသော်လည်း စနစ်တကျအကွက်ချထားသော နိုင်ငံရေးဆင်ကွက်ထဲသို့ ဝင်ခဲ့မိသည်ဟူ၍ ဖော်ပြထားသည်။ အဆိုပါ ဆောင်းပါး၏ ခေါင်းစဉ်မှာ “ အောင်ဆန်းကို တကယ်ဘယ်သူသတ်သလဲ ” ဟူ၍ဖြစ်ပြီး ဆောင်းပါးရှင်၏ အမည်ကို ‘ကျွန်ုပ်တို့၏ ရန်ကုန်သတင်းထောက်’ ဟု ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် -

“၁၉၄၇ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် ဦးအောင်ဆန်းကို လျှို့ဝှက်ဆန်းကြယ်စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုသည် ကရင်လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် ကြီးမားသော အချိုးအကွေ့တစ်ခုကို ဖြစ်စေခဲ့သည်။ ၃၉နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုလူသတ်မှုအား အစစ်အမှန် ကြံစည်ဖန်တီးခဲ့သူများကိုမူ ယနေ့တိုင် လူသိရှင်ကြား မဖော်ထုတ်နိုင်သေးချေ။အမှု၏ အချက်အလက်များကိုလည်း ယနေ့ထက်တိုင် မဖြေရှင်းနိုင်သေးချေ။”

“အစစ်အမှန် ပူးပေါင်းကြံစည်သူများထဲမှ အာရုံလွဲပြောင်းသွားစေရန် အကွက်ချပြီး ဦးစောကို တရားရုံးတင်ကာ အပြစ်ဒဏ်ချခဲ့ခြင်းမှာ ဆင်ကွက်တစ်ခုသာ ဖြစ်ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေသည်။ အကယ်၍ ဦးစောသည် အကွက်ဆင်ခံခဲ့ရသည်ဟု ဆိုလျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များကို မည်သူတို့က အမှန်တကယ် သတ်ခဲ့ကြပါသနည်း။ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အခြားပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နေသည်ဆိုသည့် ကြာရှည်စွာ စွဲမြဲနေသော ကောလဟလများတွင် အမှန်တရား မည်မျှလောက် ရှိနေပါသနည်း” ဟူ၍ ရေးသားဖော်ပြထားလေသည်။

ထိုနည်းတူစွာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်၌ နေထိုင်လျက်ရှိသော ဦးခင်အောင် ရေးသားသည့် ‘ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ်သလဲ’ အမည်ရှိ စာအုပ်ကို ၁၉၉၂ခုနှစ်တွင် ခေတ်ပြိုင်ဂျာနယ်တိုက်မှ ထုတ်ဝေဖြန့်ချီခဲ့သည်။

အဆိုပါ စာအုပ် အခန်း (၅) စာမျက်နှာ ၁၆၇၌ -

“ဦးအောင်ဆန်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရန်ကုန်ဘုရင်ခံရုံးမှ လန်ဒန်သို့ ပထမဆုံး အသေးစိတ် ရေးသားပေးပို့လိုက်သော ကြေးနန်းတွင် သေနတ်သမားများကို ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့လက်နက်ကိုင်တပ်မှ တပ်ဖွဲ့ဝင်များအဖြစ် ဖော်ပြထားသည်” ကို သတိချပ်သင့်သည်။


ထို့နောက်ပိုင်း ဘုရင်ခံရုံးမှပေးပို့သော ကြေးနန်းစာများတွင်မူ ပဟေဠိဆန်လှသော ယင်းသတင်းကို ချန်လှပ်ထားခဲ့တော့သည်။ ယင်းသည် မှားယွင်းဖော်ပြမှုပေပဲလား။ သို့မဟုတ် နိုင်ငံရေးရာ ထောက်ထားစရာ အကြောင်းများကြောင့် အာဏာပိုင်များက ကနဦး သတင်းပေးပို့မှုကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ရှောင်ရှားခဲ့ခြင်းပေပဲလား။ ကျွန်ုပ်တို့မည်သည့် အခါမျှ သိနိုင်တော့မည် မဟုတ်ပေ။ သို့သော်လည်း ဥာဏ်နီဥာဏ်နက်များလှသော အမှတ်(၄) ဗမာ့လက်နက်ကိုင်တပ်၏ တပ်ရင်းမှူးသည် ထိုအချိန်မှစ၍ မြန်မာ့မြင်ကွင်းတွင် ခြောက်လှန့်လျက် ရှိနေပေသည်။

၁၉၁၀ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည့် တရုတ် - ဗမာ ကပြား ဖြစ်သူ ငယ်နာမည် ရှုမောင် (ခေါ်) ဦးနေဝင်းသည် ဦးနုထက် (၃)နှစ်ငယ်ပြီး၊ ဦးအောင်ဆန်းထက် (၅)နှစ်ကြီးသူ ဖြစ်သည်။ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်ဖြစ်ပင် ဖြစ်သော်ငြားလည်း ဦးနေဝင်းသည် ၁၉၄၆ခုနှစ် နောက်ပိုင်းကျမှသာ ယှဉ်ပြိုင်သူများကို ရက်ရက်စက်စက် ဖယ်ရှားပြီး ထိပ်ပိုင်းနေရာသို့ မရမနေ စတင်တက်လှမ်း လာနိုင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ်များ၊ ပြည်သူ့ရဲဘော်များ တောခိုသွားပြီး အမှတ် (၁)နှင့် အမှတ် (၃) ဗမာ့လက်နက်ကိုင်တပ်များ ပုန်ကန်ထကြွသည့်အချိန်တွင် ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့လက်နက်ကိုင်တပ်သည် အစိုးရအတွက် တခုတည်းသော မှီခိုအားထားရာ၊ အဓိက မဏ္ဍိုင်ကြီး ဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံရေးကာကွယ်ရေးကို တပြည်လုံး ဖြန့်ကျက်ထားနိုင်ရန် အတွက် ဦးတင်ထွဋ်၏ ပြည်ထောင်စုအရန်တပ်ဖွဲ့များကဲ့သို့သော တပ်ဖွဲ့အသစ်များကို ထူထောင်ခဲ့ရသည်။


အမျိုးသားညီညွတ်ရေး ခိုင်မာစေရန် ရည်ရွယ်၍ တိုင်းရင်းသား ကရင်အမျိုးသားတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း (Lt.Gen.Smith Dun)ကိုပင် တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် အဖြစ် အစိုးရက ခန့်အပ်ခဲ့သည်။ သူ့လက်အောက်တွင်မှ ဒုတိယဦးစီးချုပ် (၂)ဦးရှိသည်။ တစ်ဦးမှာ ဗိုလ်ချုပ်ဖြစ်လာသော ဗိုလ်နေဝင်းနှင့် နောက်တစ်ဦးမှာ ရဲဗိုလ်ချုပ်ဖြစ်သူ ဦးထွန်းလှအောင် ဖြစ်သည်။ စစ်တပ်ရာထူးတွင် နံပါတ် (၄)နေရာ၌ ရှိနေသော ဦးတင်ထွဋ်သည် လက်သည်တရားခံ လူသတ်သမား မပေါ်ဘဲ ၁၉၄၈ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် လုပ်ကြံခြင်း ခံခဲ့ရသည်။

ထို့နောက် လအနည်းငယ်အကြာတွင် ကရင်လက်နက်ကိုင် ပုန်ကန်မှု ပေါ်ပေါက်လာခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် လက်ရှိ အစိုးရအပေါ် ဆက်လက် သစ္စာစောင့်သိနေသော်လည်း ကရင်စစ်အရာရှိများအပေါ် သံသယရှိလာသဖြင့် သူသည် ရက်အကန့်အသတ်မရှိ ခွင့်ရက်ရှည်ယူခိုင်းခြင်းကို ခံခဲ့ရသည်။ သူ့ကို ၁၉၄၉ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အနားပေးလိုက်ပြီး၊ အလုပ်မလုပ်သူများစာရင်းတွင် ထည့်သွင်းခြင်းခံရကာ သူသည် ကချင်ပြည်နယ် အတွင်းတွင် မိမိသဘောနှင့်မိမိ အဝေးသို့ သွားရောက်နေထိုင်ခဲ့လေသည်။

ဗိုလ်ချုပ်ထွန်းလှအောင်သည် ဗြိတိန်နိုင်ငံရှိ ကမ္ဘာကျော် ဆင်းဟတ်စ် (Sanhurst) ဘုရင် စစ်ကောလိပ်သို့ ဝင်ခွင့်ရခဲ့သော ပထမဆုံး မြန်မာအမျိုးသားဖြစ်ပြီး၊ ၁၉၂၂ခုနှစ် သင်တန်းပြီးဆုံး၍ ဘွဲ့ရသည်နှင့် ဘုရင်၏ ရာထူးခန့်ထားခြင်းကို ခံခဲ့ရသူဖြစ်သည်။ သူသည်လည်း ၁၉၄၈ခုနှစ်တွင် လန်ဒန်မြို့ရှိ မြန်မာသံရုံးသို့ မြန်မာစစ်သံမှူးအဖြစ် စေလွှတ်ခြင်း ခံခဲ့ရသည်။ အဆိုပါရာထူးမှာ ယခင် သူကိုင်တွယ်ခဲ့ရသည့် ရာထူးထက် အဆင့်များစွာနိမ့်သော ရာထူးဖြစ်လေသည်။ ၁၉၅၁ခုနှစ်တွင် ဗြိတိန်နိုင်ငံရှိ မြန်မာသံရုံးတွင် သူ့တာဝန်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ သူစီးလာသော သင်္ဘောသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) ကိုလံဘိုဆိပ်ကမ်းသို့ ဆိုက်ကပ်ချိန်တွင် သူ့ကို မြန်မာထောက်လှန်းရေးအရာရှိများက လာရောက်တွေ့ဆုံပြီး သူကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပစ်လိုက်ကြသည်။ ဤသည်မှာ ရှင်းပြ၍ မရနိုင်လောက်သော ထူးဆန်းမှုဖြစ်သည်။ သို့ဖြင့် သူသည် သီဟိုဠ်တွင် ၁၉၅၄ခုနှစ်အထိ သောင်တင်နေခဲ့ရသည်။ မြန်မာနိုင်ငံ၏ ဗမာ့တပ်မတော်၌ အဆင့်မြင့်ဆုံး စစ်တပ်အရာရှိကြီး (၄)ဦး ရှိသည့်အနက် ၁၉၄၉ခုနှစ် အရောက်တွင်မူ ဗိုလ်နေဝင်း တစ်ယောက်သာ ကျန်ရစ်ခဲ့လေတော့သည်။

ဗိုလ်နေဝင်းသည် ‘မက်စီယာဗယ်လီ’ (Niccolo di Bernardo dei Machiavelli – 1469 – 1577) အယူအဆသမား၊ အာဏာအရူးအမူးသမား ဖြစ်သည်မှာ ယခင်ကလည်း မှန်ခဲ့သည်။ ယခုလည်း မှန်နေသေးသည်။ သံသယ ဖြစ်စရာ မရှိပေ။ နိုင်ငံရေးလောကအတွင်း၌ ဖြစ်စေ၊ စစ်တပ်အတွင်း၌ ဖြစ်စေ၊ သူ့ပြိုင်ဘက်မှန်သမျှကို ၁၉၄ဝပြည့်နှစ်မှ ယနေ့အထိ ဖယ်ရှားပစ်ခဲ့သည့် သူ့လက်သူ့ခြေရာများကို မြန်မာအများစု မြင်တွေ့နေရသည် မဟုတ်ပါလော။ ထို့နောက်ပို၍ အလှမ်းကျယ်၍ ပို၍လက်သွက်လာခဲ့သည်။

၁၉၄၇ခုနှစ်၌ အများမြင်ကွင်းမှ ဗိုလ်ချုပ်အောင်ဆန်း ပျောက်ကွယ်သွားခဲ့ရသည်ကို ဗိုလ်နေဝင်းအနေဖြင့် စိတ်သက်သာရကာ ကျိတ်ပြီးဝမ်းအသာကြီးသာနေပေလိမ့်မည်ဟု ယူဆလျှင်ကား အကြောင်းအကျိုးဆီလျော်သည်ဟု ဆိုရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အမြင့်ဆုံးအာဏာအတွက် သူ့အဓိက ယှဉ်ပြိုင်ဘက်ကြီး မရှိတော့၍ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့လုပ်ဖော်ကိုင်ဘက်များအား ဂဠုန်ဦးစောက သတ်ချင်လာအောင် သူ့အနေဖြင့် နောက်ကွယ်က ကြိုးကိုင်၍ အကွက်ဆင်နိုင်လောက်အောင် စွမ်းဆောင်နိုင်ပါမည်လော။ ယင်းသို့ဆိုလျှင် အလွန်အမင်း အထင်ကြီးရာရောက်ပြီး၊ မြှောက်ပင့်ရာကျနေမည်လော။ သို့သော်လည်း ယနေ့အခါတွင် ပြည်ပရောက် မြန်မာအချို့က ထိုအတိုင်းပင် ယုံကြည်လျက် ရှိနေကြပေသည်။

ဖလော်ရီဒါ၌ အလုပ်လုပ်နေသော မြန်မာဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာကြင်ဟိုး ခေါ် ဒေါက်တာနိုင်ဝင်းက “ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့အာဇာနည်များ လုပ်ကြံမှုကြီးအတွင်းရေး” အမည်ရှိ စာအုပ်တစ်အုပ် ရေးသား၍ ၁၉၉၂ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု ဖို့လော့ဒ်ဒါဒေးလ် (Fort Lauderdale) တွင်ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်ငယ်၌ ဗိုလ်လက်ျာ၏ ညီငယ် ဦးမြလှိုင်နှင့် သူတို့ပြောဆို ဆွေးနွေးချက်အပေါ် အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ ယင်းစာအုပ်၌ ဦးမြလှိုင်သည် တချိန်က ဗမာပြည်လက်နက်ကိုင် တိုက်ခိုက်ရေး ပုလိပ်တပ်ဖွဲ့ (Burma Armed Police Striking Force) တွင် အမှုထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းတွင် ပေဖူးလွှာ မဂ္ဂဇင်းကို ဦးစီးထုတ်ဝေ၍ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် ၁၉၈၇ခုနှစ် ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စု တောင်အတ္တလန်တိတ်ပြည်နယ်များ၏ တောင်ပိုင်း အစွန်ဆုံး ဖလော်ရီဒါရှိ သူ့ကိုယ်ပိုင်ဆေးကုခန်း ဖွင့်ထားသော ဒေါက်တာကြင်ဟိုးနှင့် ဦးမြလှိုင် စတင်တွေ့ဆုံခဲ့ရပြီး ဒေါက်တာကြင်ဟိုးက သူ၏ စိတ်လှုပ်ရှားဖွယ် ပြန်ပြောင်းပြောပြချက်ကို စတင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် သူတို့နှစ်ဦး ပိုမိုရင်းနှီးလာရာမှ အတူတကွစားသောက်ရင်း ထွေရာလေးပါး ဆွေးနွေးပြောဆိုဖြစ်ကြသည်။ ဒေါက်တာကြင်ဟိုးအနေဖြင့် ၁၉၅၇ခုနှစ်က ဖတ်မိခဲ့သော လူထုဦးလှ၏ စာအုပ်တစ်အုပ်ထဲမှ ရေးသားထားသည့် ဂဠုန်ဦးစော၏ အသက်အား ရန်ရှာရန်ကြိုးစားခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား အာဇာနည်များအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အကြောင်းခြင်းရာတို့သည် ထိုစဉ်မှပင် သူ့စိတ်ကိုရှုပ်ထွေးစေလျက် ပဟေဠိ ပုစ္ဆာတစ်ပုဒ်အလား အတွေးပွားစေခဲ့သည်။

သို့ဖြင့် ၁၉၈၈ စက်တင်ဘာလ ၁ဝတွင် ဦးမြလှိုင်၏ နေအိမ်၌ ၎င်းတို့နှစ်ဦးသည် ဤအကြောင်း စကားစပ်မိရာမှ ဦးမြလှိုင်က ဒေါက်တာကြင်ဟိုးအား အောက်ပါအတိုင်း အသေးစိတ်ဖွင့်ဟ ပြောပြခဲ့သည်။

ဦးမြလှိုင်သည် တချိန်က ရန်ကုန်ဘဆွေနှင့် အလွန်ရင်းနှီး ခင်မင်ခဲ့သည်ဟု ဆိုသည်။ သူ(ဦးမြလှိုင်)နှင့် ရန်ကုန်ဘဆွေတို့ နှစ်ဦးမှာ ဂဠုန်ဦးစော၏ အသက်ကို ရန်ရှာသယောင် ကြံစည်နိုင်ရန်အတွက် (၂)လကြာ သင်တန်းပေး လေ့ကျင့်ခံရကြောင်း၊ ထိုသို့ ကြံစည်ခြင်းဖြင့် ဦးအောင်ဆန်းက နောက်ကွယ်မှ ကြိုးကိုင်၍ သွေးထိုးမြှောက်ပင့်ပေးသူအဖြစ် ဦးစော အထင်မှား အမြင်မှားစေရန် ဖြစ်ကြောင်းသူက အတိအလင်းဖွင့်ဟခဲ့သည်။ ဤသို့သော သူရဲဘောကြောင်လှသည့် လုပ်ရပ်အား စည်းရုံးစီမံသူများမှာ အခြားသူများမဟုတ်။ ဗိုလ်ချုပ်နေဝင်းနှင့် သူ၏အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဗိုလ်မှူးချုပ်အောင်ကြီးတို့သာ ဖြစ်သည်ဟု ဦးမြလှိုင်က ပြောပြခဲ့သည်။

ဒေါက်တာကြင်ဟိုး ပြန်ပြောင်းပြောပြသည့် ဦးမြလှိုင်၏ ပြောဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။


“တစ်နေ့ ကျွန်တော် စစ်ရုံးမှာ အလုပ်ပြီးလို့ အိမ်ပြန်မယ်အလုပ်မှာ ကျွန်တော့်ဆရာ ဗိုလ်အောင်ကြီးက ….. “ကိုမြလှိုင် ခင်ဗျား အိမ်မပြန်နဲ့အုံး၊ ကျွန်တော့်အိမ်ကို လိုက်ခဲ့။ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာရှိတယ်” လို့ ကျွန်တော့်ကိုပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း သူနဲ့လိုက်သွားပါတယ်။ အဲ့ဒီရောက်တော့ သူက ကျွန်တော့်ကိုမေးတယ်။ “ခင်ဗျားမှာ ငွေဘယ်လောက်ရှိသလဲ”တဲ့၊ ကျွန်တော်က “ကျွန်တော့်မှာ ငွေတစ်သိန်း၊ နှစ်သိန်းလောက်တော့ ရှိပါတယ်”လို့ ပြန်ဖြေတော့ သူက “ကောင်းတယ်၊ ဒါဆို ခင်ဗျားအိမ်အတွက် လုံလောက်တယ်။ ကျွန်တော်တို့မှာ အထူးတာဝန်တစ်ခု လုပ်စရာရှိတယ်။ ကျွန်တော့်အိမ်မှာ ခင်ဗျားနေ၊ အားလုံး ကိစ္စဝိစ္စပြီးရင် ခင်ဗျားအိမ်ပြန်နိုင်တယ်”လို့ ပြောပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးအိမ်မှာ ကျွန်တော် (၂)လလောက် နေခဲ့ရတယ်။ ရန်ကုန်ဘဆွေကတော့ ဗိုလ်နေဝင်းအိမ်မှာနေပြီး သေနတ်တစ်လက်နဲ့ အပစ်လေ့ကျင့်နေရတယ်။ လုံးဝသေချာဖို့ ကျွန်တော်တို့ကို ပိုလေ့ကျင့်ပေးတာပါ။ (တကယ်တော့ ရန်ကုန်ဘဆွေဟာ လက်တည့်ပြီးသားပါ။) ပြီးတော့ ဦးစောရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ အသေးစိတ်လေ့လာရတယ်။ သူရုံးကိုသွားဖို့ အိမ်ကနေ ဘယ်အချိန်ထွက်တယ်။ ဘယ်အချိန်ပြန်ရောက်တယ် …. စသည်ဖြင့်ပေါ့။ ဦးစောအသက်ကို ရန်ရှာဖို့လုပ်တဲ့နေ့က သူက သူ့အနက်ရောင်ကားကြီးထဲမှာ ဒရိုင်ဘာဘေးကထိုင်လိုက်လာတယ်။ ကျွန်တော်တို့က သူ့နောက်က ကပ်လိုက်သွားတယ်။ နေရာကောင်းလဲရောက်ရော၊ ကျွန်တော်က သူ့ကားကို ကျော်တက်လိုက်တယ်။ အဲဒီအချိန်မှာ ရန်ကုန်ဘဆွေက သေနတ်ခလုတ်ကို ဆွဲဖြုတ်လိုက်တာပဲ။ ပထမပစ်ချက်က ဦးစော နဖူးကို ရှပ်မှန်သွားတယ်။ ဒါအရေးကြီးဆုံး ပစ်ချက်ပဲ။ ရန်ကုန်ဘဆွေက နောက်တချက် ထပ်ပစ်တယ်။ အဲဒါက ဦးစောကို မထိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးစောက သူ့ထိုင်ခုံအောက် လျှောချလိုက်လို့ပဲ။ တတိယအချက်ကတော့ မိုးပေါ်ထောင်ပစ်လိုက်တာပါ။ ရန်ကုန်ဘဆွေက …. “ဟေး၊ ကိုမြလှိုင်၊ မောင်းပြေးပေတော့” လို့ အော်ပြောလိုက်တယ်။

ကျွန်တော် ဘယ်လောက် မြန်မြန်မောင်းလိုက်လဲ မသိဘူး။ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ဘူး။ သေနတ်ကတော့ ဗိုလ်နေဝင်းရဲ့ ကိုယ်ပိုင်သေနတ်ပါ။ ရန်ကုန်ဘဆွေနဲ့ ကျွန်တော်တို့ လုပ်ကြံတာကို ဂဠုန်ဦးစော လုံးဝမသိခဲ့ပါဘူး။ ဒါကတော့ ကျွန်တော်တို့ (၄)ယောက်၊ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေနဲ့ ကျွန်တော်(ကိုမြလှိုင်) တို့ပဲ သိတာပါ။”

ဗိုလ်နေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုဖြစ်နေခဲ့ပြီး၊ အမြဲကြောက်နေခဲ့ရသည်ဟု ဒေါက်တာကြင်ဟိုးက ဖြည့်စွက်ပြောသည်။ ထိုအချိန်က အပျော်ကျူး၍ လက်လွတ်စပယ် အသုံးအဖြုန်းကြီးသော ဗိုလ်နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းက ဆူပူကြိမ်းမောင်း နေခဲ့သည်။ ဗိုလ်နေဝင်းက ဦးစော အသက်မဆုံးရှုံးစေဘဲ ရန်ရှာရုံသက်သက် ‘မြင်းသမားဥာဏ်’နှင့် ကြံစည်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က ကားထဲပါသူ သေနတ်သမား နှစ်ယောက်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ပိုင်တပ်ဖြစ်သည့် ပြည်သူ့ရဲဘော်တပ် (PVO) မှ ယူနီဖောင်းများကို ဝတ်ထားစေခြင်းဖြင့် သူ့အသက်ကို ရန်ရှာမှုနောက်ကွယ်တွင် ဗိုလ်ချုပ် ရှိနေသည်ဟု ဦးစော ထင်မြင်သွားစေရန် ဖြစ်သည်။ သို့မှသာ ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို ရန်တုံ့ပြန် လက်စားချေပေလိမ့်မည်ဟု တွက်ဆထားသည်။

သေနတ်သမားများ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်နှင့် သူတို့၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များမှလွဲ၍ ဤအဖြစ်အပျက်၏ အသေးစိတ်ကို ၁၉၄ဝပြည့်နှစ်များ နောက်ပိုင်းတွင် မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဖြစ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း အသတ်မခံရမီ (၁ဝ)လအလို ၁၉၄၆ စက်တင်ဘာ ၂၁ တွင် ဦးစော အသက်ကို ရန်ရှာခြင်းနှင့် အခင်းဖြစ်ပွားရာတွင် ပြည်သူ့ရဲဘော်များ ပါဝင်ပတ်သက်နေပုံရခြင်းတို့ကို လုပ်ကြံမှုအတွက် စေ့ဆော်ချက်အဖြစ် တရားရင်ဆိုင်နေစဉ် အတွင်းတွင်ပင် ကိုးကားခြင်းခံခဲ့ရလေသည်။

သို့သော် ဦးမြလှိုင်၏ ဇာတ်ကြောင်းပြန်ဖွင့်အန်ခြင်းများသည် ခိုင်လုံမှု မည်မျှရှိသည်ကိုမူ မည်သူမျှ သိနိုင်တော့မည် မဟုတ်ချေ။ ရန်ကုန်ဘဆွေသည် အတန်ကြာကပင် ဦးနှောက်ကင်ဆာ ရောဂါဖြင့် ၁၉၈၆ စက်တင်ဘာလ ၁၇ရက်နေ့တွင် သေဆုံးသွားခဲ့ပြီး ဦးမြလှိုင်မှာလည်း ဖလော်ရီဒါသို့ သွားရောက်လည်ပတ်ပြီး နှစ်အနည်းငယ်အကြာ ၁၉၉ဝပြည့်နှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သောကြောင့် ဖြစ်လေသည်။

သူတို့ မကွယ်လွန်မီ ၁၉၈၉ ဇူလိုင်လ အာဇာနည်နေ့ အထူးထုတ် ‘The Burma Review’ စာစောင် အမှတ်စဉ်(၆)တွင် မောင်ထူး (ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်)ရေးသားခဲ့သော “ဒီမိုကရေစီသို့ နောက်ဆုံးခရီး” ဆောင်းပါးတွင် ဦးအောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုတွင် ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် ဦးဆောင်မှုကဏ္ဍမှ ပါဝင်ခဲ့ပုံနှင့် ဦးအောင်ဆန်းအပေါ် ထားရှိသော ဦးနေဝင်း၏ သဘောထားတို့နှင့် ပတ်သက်၍ ဤသို့ရေးသားထားလေသည်။

“ဦးနေဝင်းသည် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် တိုင်ပင်ပြီးသကာလှ အခွင့်အရေးသမားတစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဓိက ပြိုင်ဘက်ကြီးဖြစ်သော ဦးစောကို သေနတ်ဖြင့်ပစ်ရန် သေနတ်သမား (၂)ဦးကို တာဝန်ပေးအပ်ခဲ့သည်။”

ဦးအောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ရခြင်း၏ ရည်ရွယ်ချက် အသေးစိတ် အတိအကျကို သိရှိခဲ့ကြသူ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အနည်းငယ်သာ ရှိခဲ့သည်။ ၁၉၆၂ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဇူလိုင်လ ၁၉ရက်တွင် အာဇာနည်ကုန်းသို့ စစ်ဝတ်စုံပြည့်ဖြင့် ချီတက်ကြရန် စစ်တပ်က စီစဉ်ခဲ့သည်။ တပ်မတော် စတင်တည်ထောင်ခဲ့သူ ဦးအောင်ဆန်းသာ အသက်ထင်ရှား ရှိခဲ့ပါမူ ယင်းအာဏာသိမ်းမှုကို သဘောတူလိမ့်မည်ဟု လူထုကို ပြသရန်ဖြစ်သည်။

တော်လှန်ရေးကောင်စီဝင် (၁၇)ဦးအနက် (၁၄)ဦးသည် ထိုချီတက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်မှူးချုပ်တင်ဖေက ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရမှုကို ဝမ်းနည်းတသပြောဆိုခဲ့သည်။ ဗိုလ်ချုပ်နေဝင်းက ထရပ်လိုက်ပြီး “ဘာလို့ဝမ်းနည်းနေရမှာလဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ လူပျော့တစ်ယောက်ပဲ၊ ဒါ့အပြင် တိုင်းပြည်ရဲ့ ပြဿနာတွေအပေါ် သူ့ထက်စာရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ငါအများကြီး ပိုသိတယ်”ဟု ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သော အာဇာနည်နေ့အထိမ်း အမှတ် ချီတက်မည့် မဟာစီမံကိန်းကြီးမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရလေသည်။”ဟူ၍ ရေးသားထားလေသည်။

ဦးခင်အောင်၏ “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်၊ စာမျက်နှာ ၁၇၄ ၌ပင် ဆက်လက်ဖော်ပြထားသည်မှာ -


“ဗိုလ်နေဝင်းသည် သူ့ဘဝရှေ့ရေးအတွက် ပြဿနာတစ်ရပ်ကို စဉ်းစားရာ၌ လောင်းကစားသမားပီပီ အမှားအမှန်ကို အဓိကမထားဘဲ အနိုင်အရှုံးကိုသာ အမြဲတမ်း အဓိကထားတတ်သူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းတပ်မှထွက်ကာ နိုင်ငံရေးနယ်ထဲသို့ ဝင်ရောက်သွားချိန်တွင် သူ၏ စဉ်းစားခန်း ဝင်ခဲ့သည်မှာ ဂဠုန်ဦးစောသည် တချိန်က နန်းရင်းဝန်ဟောင်းတစ်ဦးဖြစ်ခဲ့၍ သူ့ကိုအထင်သေး၍ မရ၊ အကယ်၍ သူသည် မတော်တဆ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးအရ ဈေးကစားချက်အားပြိုင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး’ဟု ကြွေးကြော်သံ မပေးဘဲ ဗြိတိသျှအစိုးရအား ‘ဒိုမီနီယန်’ လျှော့ဈေးပေးကာ ဝန်ကြီးချုပ်ဖြစ်သွားခဲ့သော ဦးတင်ထွဋ်သည် သူ့လူရင်းဖြစ်ရုံသာမက ပညာအရည်အချင်းအားဖြင့်လည်း အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (I.C.S) ဖြစ်သောကြောင့် မျိုးချစ်ပါတီအစိုးရတွင် ဧကန်မုချ ကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဗိုလ်နေဝင်းသည် ရှေ့ဆက်မတွေးတော့ဘဲရန်ကုန်ဘဆွေနှင့်လွန်စွာရင်းနှီးသောမြင်းခြံသား ဗိုလ်ကြီး(ယပက်လက်) လှယွှေအား သွားခေါ်ခိုင်းလိုက်သည်။ ထို့နောက် မြဝတီရဲခေါင် ပြန်ပြောင်းပြောပြသည့် ရန်ကုန်ဘဆွေ၏ တဆင့်ပြောဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“ဂဠုန်ဦးစောအား ရှေးဦးစွာ သုတ်သင်ရှင်းလင်းရန်အတွက် သူနှင့်ကိုမြလှိုင်တို့သည် စပတ်လမ်း တနေရာမှ ဂဠုန်ဦးစောအား သူ၏ ‘သူရိယ’  သတင်းစာတိုက် ရုံးပေါ်မှ ဆင်းလာပြီး၊ ကားပေါ်တက်ချိန်အထိစောင့်၍ သူ့ကားနှင့် မလှမ်းမကမ်းမှ ကပ်လိုက်သွားကြသည်။ ဂဠုန်ဦးစော အမြဲသွားလေ့ရှိသော အိမ်ပြန်လမ်းများအတိုင်း လိုက်သွားရာမှ အခါအခွင့်ကောင်းမည့် ရန်ကုန်ထောင်ကြီးနှင့် ပြည်လမ်းထိပ်တစ်နေရာတွင် ရန်ကုန်ဘဆွေသည် ထိုအခွင့်ကောင်းကို လက်မလွှတ်ဘဲ သူက ကိုမြလှိုင်၏ကားကို အရှိန်လျှော့စေ၍ သူ၏ လက်တွင်းမှ သေနတ်ဖြင့် ကားဒရိုင်ဘာနှင့် ယှဉ်ထိုင်ပြီး လိုက်ပါလာသော ဂဠုန်ဦးစော၏ နောက်စေ့တည့်တည့်ကိုချိန်ကာ ပထမအချက် ပစ်ထည့်လိုက်သည်။ သို့သော် လွန်စွာအကင်းပါး၍ အမြဲမပြတ်သတိကပ်နေသော ဂဠုန်ဦးစောသည် သူ့ရှေ့ကားမှန်ထဲမှ ‘ပြည်သူ့ရဲဘော်’ စစ်ဝတ်စုံ ဝတ်ထားသည့် လူနှစ်ယောက်အနက် ခေါင်းတုံးဆံတောက်နှင့် သူက သူ့အား သူ့နဖူးပူခနဲဖြစ်သွားသည်။ ထိုအချိန်၌ပင် သူသည် ကားဖင်ထိုင်ခုံဘေး ဒရိုင်ဘာရှိရာဘက်သို့ သူ့ကိုယ်ကို လှဲအချ နောက်ထပ်သေနတ်သံ (၂)ချက် ထပ်ထွက်လာသည်။ ဒရိုင်ဘာကလည်း ကားကို ဘရိတ်အုပ်၍ ကားထဲငုံ့နေလိုက်သည်။ ကားမှန်ကွဲစများမှာ သူတို့နှစ်ဦးလုံးကို လွင့်စင်ထိမှန်ကြသည်။






“ကိုရဲခေါင်ရယ်၊ လူတွေရဲ့ကံဆိုတာ မှန်ပဲမှန်သလားတော့ မပြောတတ်ပါဘူး။ ခင်ဗျားလဲ ကျွန်တော့်လက်ကို အသိသားပဲ။ ကျွန်တော်ပစ်လိုက်တာကတော့ သူ့နောက်စေ့တည့်တည့်ကို ပစ်ထည့်လိုက်တာပါပဲဗျာ။ ဒါပေမယ့် သူက ကားမှန်ထဲမှာ ကျွန်တော်ကိုမြင်လို့ လှည့်အကြည့်လိုက်မှာ ကျွန်တော်ပစ်လိုက်တဲ့ ကျည်ဟာ သူ့နောက်စေ့ကိုမမှန်ဘဲ သူ့နဖူးကို ရှပ်မှန်သွားတာပဲ”ဟု ကြိတ်မနိုင် ခဲမရ ပြောပြပါသည်။

ဤကား လွန်ခဲ့သော ၁၉၇၂ခုနှစ်ခန့်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊ စာရေးဆရာ ရန်ကုန်ဘဆွေနှင့် မြောင်းမြဘဆွေတို့သည် ယိုးဒယားနိုင်ငံက လန်ဒန်မြို့ သြဇာခံခြံကြီးအတွင်း လျှို့ဝှက်ဖွင့်လှစ်ထားသည့် အသံလွှင့်ဋ္ဌာနသို့ ဥက္ကဋ္ဌကြီး ဦးနုနှင့် တွေ့ဆုံရန် အလာ၊ အသံလွှင့်ဋ္ဌာန၌ (၃)ရက်မျှနေထိုင်သွားကြစဉ်အတွင်းကျွန်တော့်အား ရန်ကုန်ဘဆွေက စကားစပ်မိ၍ ပြောပြခဲ့ဖူးသော ဖြစ်ကြောင်းကုန်စဉ်၊ယုံချင်ယုံမယုံချင်နေအတွင်းရေးသတင်းကလေးတစ်ကွက်ပင်ဖြစ်ပါသတည်း”ဟူ၍ ရေးသားထားလေသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဗိုလ်နေဝင်းအား ကြံရာပါတစ်ဦး ဖြစ်နိုင်သည်ဟု ယူဆရခြင်းမှာ ဗိုလ်နေဝင်း၏ ဦးတည်ချက်အရ ယိုးစွပ်လိုက်ရခြင်း ဖြစ်၍၊ ထိုအချိန်က သူသည်များစွာ စိတ်ဆင်းရဲနေရသည်။ အာဏာရာထူးရမက်ကြီးမားလှသော ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဗိုလ်နေဝင်းသည် မိမိ၏ စစ်ဝတ်စုံကို ဝတ်ရတိုင်း စိတ်မချမ်းမသာ အမြဲဖြစ်ကာ ဆဲဆိုလေ့ရှိသည်။ ဖက်ဆစ်တော်လှန်ရေးကာလ တပ်မတော်သေနာပတိရာထူးမှ ဆင်းပေးရကာ အသစ်ဖွဲ့လိုက်သော တပ်မတော်တွင် ဗိုလ်မှူးရာထူးဖြင့် အဆင့်လျှော့ကျ လုပ်ကိုင်နေရခြင်းကို သူမကျေမနပ် ဖြစ်နေခဲ့သည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်သောမတ်စ်၊ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ လက်အောက်တွင် မြောက်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးရာထူးနှင့် နေရသည်။ ဖက်ဆစ်တော်လှန်ရေးကာလ၌ သူ့လက်အောက်ရာထူးငယ်သော တောင်ပိုင်းတိုင်းမှူး စောကြာဒိုးက ယခုဗိုလ်မှူးချုပ် ဖြစ်နေသဖြင့် သူ့ထက်အဆင့်မြင့်နေပြန်သည်။

လွတ်လပ်ရေး ပြင်ဆင်ချိန်က ကရင်အရာရှိများသည် သူတို့၏ လုပ်သက်နှင့် ပညာအရည်အသွေးအရ ထိုက်တန်သော ရာထူးများကိုရခဲ့သည်ဟု စမစ်ဒွန်းက သူ၏ မှတ်တမ်းတွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း လွတ်လပ်ရေးရစက စစ်မှုထမ်းသက် (၁၅)နှစ်မှ (၂၀)အထိ ရှိကြသော ကရင်စစ်ဗိုလ်အများစုသည် တပ်မတော်တွင် လွှမ်းမိုးနေသည်။ ဗိုလ်မှူးကြီး စောဒိုနီ အပြင် ကရင်အမျိုးသား ဒုဗိုလ်မှူးကြီး (၈)ဦး ရှိနေသေးသည်။ ထို့ကြောင့် မေဂျာ(ဗိုလ်မှူး) ရာထူးသာ ရရှိထားသော ဗိုလ်နေဝင်းအဖို့ ရာထူးတက်ရန် အိပ်မက်ပင်မမက်ဝံ့အောင် ဆတ်ဆတ်ခါ နာကျည်းနေခဲ့သည်။

ထို့ပြင် မေဂျာရာထူးမှာ သိမ်ငယ်လှရုံမက သူ၏အထက်တွင် သူ့ထက်စစ်ဝါရင့်သော သူများခံနေသဖြင့် စစ်တပ်မှထွက်ကာ သခင်ဗစိန်၏ ‘တို့ဗမာ အစည်းအရုံး’ တွင် ဝင်လျက် နိုင်ငံရေးလုပ်ရန် တိုက်တွန်းခဲ့ကြကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ရဲဘော်သုံးကျိပ်ဝင် ဘဝဖြင့် ဂျပန်ခေတ်၌ အတူနေခဲ့စဉ် ကာလကပင် ဗိုလ်နေဝင်း၏ စရိုက်ဝါသနာကို ကောင်းစွာသိထားသည်။ သို့ဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်း ရှိနေသမျှကာလပတ်လုံး မေဂျာနေဝင်းအဖို့ ရာထူးတိုးတက်ရန်၊ ထိပ်သီးရာထူး ရရှိရန်မှာ မဖြစ်နိုင်တော့ပြီဟု သူတွေးထားဟန်တူသည်။သို့ဖြစ်သည့်အတိုင်း ဗိုလ်နေဝင်းကလည်း သူ့ဘဝတက်လမ်း၌ ခလုတ်တံသင်း လမ်းမရှင်းဘဲ တားဆီးနေသော ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားလိုသည်မှာ မုချပင်ဖြစ်သည်။ ထို့ကြောင့် ဦးစောက တိုက်ရိုက်ဆက်သွယ်သည်ဖြစ်စေ၊ သခင်ဗစိန်မှတဆင့် ဆက်သည်ဖြစ်စေ၊ အင်္ဂလိပ်အရာရှိကြီးများက တိုက်ရိုက်ဆက်သည်ဖြစ်စေ ဗိုလ်နေဝင်းအား ဂဠုန်ဦးစော၏ အစိုးရသစ်တွင် ထိပ်ပိုင်းရာထူးရစေမည်ဟု ကတိပေးသဖြင့် ထိုနေ့က လုပ်ကြံအုပ်စုများနှင့် ပူးပေါင်းကူညီခဲ့လေသလောဟု တွေးတောစရာဖြစ်ခဲ့သည်။

တဖန် ထိုနေ့မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံလိမ့်မည်ဟူသော သတင်းအရ အထူးအစောင့်အကြပ်များ ကြိုတင်ချထားခဲ့သည်။ လုပ်ကြံမှု မဖြစ်မီ သုံးပတ်ခန့်မှ စတင်ကာ လက်နက်များကို လျှို့ဝှက်ကိုင်ဆောင်ထားသော အရပ်ဝတ် အရပ်စားနှင့် စစ်သားများကို ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတဝိုက်နှင့် အတွင်းဝန်ရုံးတွင် သတင်းထောက်များ တွေ့ကြရသည်။ ထိုရဲဘော်များမှာ တပ်ရင်း (၄)မှ ရဲဘော်များ ဖြစ်ကြသည်။ ဗိုလ်လွင်က လုံခြုံရေးကို တာဝန်ယူသည်ဟု ဆိုသည်။

လုပ်ကြံမှုကြီးဖြစ်သော ဇူလိုင်လ ၁၉ရက်နေ့က ထိုရဲဘော်များကို မတွေ့ရချေ။ ထို့ကြောင့် ဤကိစ္စ၌ အတွင်းလူက တံခါးဖွင့်ပေးသော လုပ်ကြံမှုကြီး ဖြစ်သည်မှာ သေချာလှပေသည်။

ထို့ပြင် ကြေးမုံဦးသောင်း(အောင်ဗလ)က ၂၀၀၀ပြည့်နှစ် အောက်တိုဘာလနှင့် စက်တင်ဘာလက ထုတ်လွှင့်သော လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီအစဉ်၌ -

“ဦးအောင်ဆန်း၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ပေးထားသော အထူးအစောင့် နှစ်ဦးသည် အမြဲတစေ ဦးအောင်ဆန်း၏ လက်တကမ်းတွင်ရှိပါလျက်  အခင်းဖြစ်ပွားသော ဇူလိုင်လ ၁၉ရက် နံနက်က မရှိကြဘဲ ပျောက်ကွယ်နေသည်မှာ ဗိုလ်နေဝင်း၏ အစီအစဉ်ဟု မုချယုံကြည် ရလေသည်။

ထိုအစောင့်တို့မှာ ဗိုလ်နေဝင်း၏ လူများဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လျှို့ဝှက်သက်တော်စောင့်များ အဖြစ် တာဝန်ပေးလိုပါသည်။ စိတ်ချရသော ရဲဘော်များပေးပါဟု ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းထံမှ တောင်းရာမှ ရရှိခဲ့သည်။


ဗိုလ်နေဝင်းပေးသော သက်တော်စောင့်(၂)ဦးဖြစ်သူ ရဲဘော်ဘတုပ်နှင့် ရဲဘော်ရဲမြင့်တို့သည် သေနတ်ပစ် လက်ဖြောင့်သမားများ ဖြစ်ကြသည်။ ခြောက်လုံးပြူးနှင့် ပစ္စတိုကို ၁၀ချက်ပစ်လျှင် ၈ချက်တို့သည် ပစ်မှတ်၏ ဗဟိုသို့ ထိမှန်အောင် ပစ်နိုင်သူများဖြစ်သည်။ ဗိုလ်နေဝင်း၏ ရာသက်ပန် လူယုံတော်၏ ဖျာပုံပြောက်ကျားတပ်မှ ပြောက်ကျားဗိုလ်၏ လက်စွဲများဖြစ်ကြသည်။

ထိုနေ့ရှောင်နေကြသော သက်တော်စောင့်(၂)ဦးသည်လည်း ပျောက်သွားသည်။ ရက်အနည်းငယ်ကြာမှ အလောင်းတွေ့ကြရသည်။ အလံနီသူပုန်တို့က သတ်သည်ဟု အမှုပိတ်လိုက်သည်။
ဖဆပလခေါင်းဆောင်သစ် ဖြစ်လာသူ အတွင်းဝန်ဟောင်းဦးတင်ထွဋ်သည် ဗိုလ်မှူးချုပ် ရာထူးနှင့် စစ်မှုထမ်းစဉ်က လုပ်ကြံမှုကြီးတွင် ဦးစော၏ အပေါင်းအပါ မည်သူနည်းဟု သဲလွန်စများ ရှာဖွေခဲ့လေသည်။ နယူးတိုင်း (The New Time) သတင်းစာ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးတင်ထွဋ်က ဦးစောနှင့် ကြံရာပါများ အကြောင်းကို သူ၏ သတင်းစာ၌ ဖွင့်လှစ်ရေးသားလိုသည်ဟု အကြောင်းပြကာ သတင်းထောက်ချုပ်အား သတင်းအစအနများကို လိုက်လံစုံစမ်းရန် ညွှန်ကြားခဲ့လေသည်။ မကြာပါပေ။ ယင်းသို့ အမှုဟောင်းကို ပြန်ဖော်ရန် အားထုတ်သဖြင့် ဦးတင်ထွဋ်ပါ လုပ်ကြံခံရကာ အသက်ပေးသွားရရှာသည်။ ဖျာပုံမှ ပြောက်ကျားဗိုလ်၏ လက်ချက်ဖြစ်သည်ဟု သိကြသော်လည်း အမှုကို မည်သူမှ မဖော်ဝံ့ချေ။

ဂဠုန်ဦးစောနှင့် ကြံရာပါပုဂ္ဂိုလ်မှာ ဗိုလ်နေဝင်းဖြစ်သည်ဟု သဲလွန်စ ရှာလိုသူတို့သည် ဦးတင်ထွဋ်နှင့် ဦးထွန်းလှအောင်တို့၏ ကံကြမ္မာကို မြင်တွေ့ကြသဖြင့် အမှုကြီး၏ သဲလွန်စကို မလိုက်ဝံ့တော့ဘဲ ယနေ့တိုင် အဖြေမရသည့် မေးခွန်းများအဖြစ် နှုတ်ပိတ်နေကြရလေသည်။” ဟူ၍ ပြောကြားသွားခဲ့သည်။

၂၀၀၀ပြည့်နှစ် ဇူလိုင်လတွင် အင်တာနက် စာမျက်နှာပေါ်တွင် ‘စိန်ဗေဒါ’ အမည်ဖြင့် “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတကယ်သတ်သလဲ” ဟူသော မေးခွန်းကို တင်ခဲ့ရာ၊ ကိုဘန်ထွန်းဆိုသူက “မကြာမီကမှ ဒီနိုင်ငံ(ဗြိတိန်)ကို ဝင်လာတဲ့ လူကြီးတွေဆီက ကြားရတာက သူတို့ပြောတဲ့အတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်နေဝင်း(ဦးရှုမောင်)တို့၏ သမီးတို့ စကားအချီအချပြောကြ၍ ဦးနေဝင်း၏သမီးက ဒေါသဖြစ်ပြီး ဂဠုန်ဦးစောကို မရှင်းဂန်းတွေ ပေးလိုက်တာ ငါ့အဖေလို့ အော်ပြောလိုက်တယ်။ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းပစ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျဉ်းမနားက မိန်းမတစ်ယောက်ကို ဗိုလ်နေဝင်းက မုဒိမ်းကျင့်တာကို ဗိုလ်ချုပ်အောင်ဆန်းက သိသွားတော့ ဗိုလ်နေဝင်းကို သတ်ပစ်ချင်လောက်အောင် ဒေါသပေါက်ကွဲခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ�
 
ထို့နောက် ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရေးပေါ် ပါတီညီလာခံ ကျင်းပ၍ တစ်ပါတီစနစ်မှ ပါတီစုံစနစ်အဖြစ် ပြောင်းလဲရန် ကြေညာပြီး ပါတီဥက္ကဌရာထူးမှ နုတ်ထွက်ခဲ့သည်။ နုတ်ထွက်သည့်နေ့၌ ပါတီညီလာခံတွင် ဦးနေဝင်းက “နောက်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ တပ်ကို သုံးလို့ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ့ ပြောပါတယ်” ဟူ၍ ပြောကြားကာ တပ်နှင့် ပြည်သူကို သွေးခွဲခဲ့လေသည်။


ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ စတင်တည်ထောင်ခဲ့သော မဆလပါတီသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်အထိ နှစ်ပေါင်း ၂၆ နှစ်ကျော်၌် လုံးဝချုပ်ငြိမ်းသွားခဲ့သည်။ မဆလပါတီကြီး ကျဆုံးခဲ့ရသည်မှာ (က) ပြည်သူလူထုကို အနည်းဆုံး၊အနိမ့်ဆုံး စားဝတ်နေရေး ပြည့်စုံအောင် ပြုလုပ်အားပေးနိုင်ခြင်း မရှိခြင်း ၊ (ခ) နောက်တဆင့် တက်၍ ပြည်သူလူထုအား လူမှုဘဝအထွေထွေ ပြည့်ပြည်စုံစုံဖြစ်အောင် မပြုလုပ်နိုင်ခြင်း၊ (ဂ) ပြည်သူလူထုအား ချမ်းသာအောင် လုပ်မပေးနိုင်ခြင်းကြောင့် မဆလပါတီ ကျဆုံးခဲ့ရလေသည်။

ပြည်သူလူထု၏ လူမှုဘ၀ကို တိုးတက်အောင် လုပ်ပေးနေသော အခြားကမ္ဘာ့ဆိုရှယ်လစ် နိုင်ငံများသည် တိုးတက်အောင်မြင်မှု ရရှိသွားသည်ကို တွေ့ရပေသည်။ ထိုကဲ့သို့ လူထုဆန္ဒကို မဖြည့်ဆည်းနိုင်သော မြန်မာနိုင်ငံအပါအ၀င် ဆိုရှစ်လစ်နိုင်ငံများသည် နိုင်ငံရေးရည်မှန်းချက် ကျဆုံးကာ ဆိုရှယ်လစ်စနစ်ကို စွန့်လွှတ်လိုက်ရသည်။

ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုသည် ဆိုရှယ်လစ်ဝါဒဖြစ်စေ၊ အရင်းရှင်စနစ်ဖြစ်စေ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ ပြည်သူလူထု၏ အခြေခံဖြစ်သော စား၊ ၀တ်၊ နေရေးကို မဖြည့်ဆည်းနိုင်လျှင် ပထမအဆင့်၌ တစ်နိုင်ငံလုံး ဆူပူအုံကြွလျက် အရေးတော်ပုံကြီး ပေါ်ပေါက်မည် ဖြစ်သည်။ ဒုတိယအဆင့်၌ မိမိနိုင်ငံသည် သူများထက် နိမ့်ကျလာပြီး အခြားနိုင်ငံ၌ စီးပွားရေးကျွန်ဘ၀ ရောက်ရှိကာ လူထုဘ၀ အခြေအနေသည် တဖြည်းဖြည်း နိမ့်ကျလာမည်ဖြစ်သည်။  နောက်ဆုံး တတိယအဆင့်၌ တစ်နိုင်ငံလုံး ဘုံးဘုံးလဲကျကာ အခြားနိုင်ငံကြီးများ၏ သိမ်းပိုက်ခြင်းကိုပင် ခံနိုင်ရစရာ ရှိလေသည်။ လက်ရှိ အစိုးရသစ်အထိ မြန်မာနိုင်ငံသည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။


မဆလပါတီ ကျဆုံးရသည့် အခြားအကြောင်းအရင်း တစ်ခုမှာ နိုင်ငံရေး စီမံကိန်း (၀ါ) နိုင်ငံရေး အချိန်ဇယား မရှိခဲ့ခြင်း ဖြစ်သည်။ ပါတီခေါင်းဆောင်များသည် လူထုအား မစားရ၀ခမန်း မိန့်ခွန်းများချွေ၍ အားလုံးသာတူညီမျှ ဖြစ်ရမည်။ ခေါင်းပုံဖြတ်တာ မရှိစေရ။ လူဆင်းရဲ မရှိရ ဟူသော ကတိအမျိုးမျိုး ပေးကာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သည်။ တကယ်တမ်း အကောင်အထည် ဖော်သောအခါ မည်သည့်စာရင်းဇယားမှ တိတိကျကျမရှိဘဲ မတိကျသော၊ မရေရာသော စာရင်းဇယားများကို အခြေခံ၍ စီမံကိန်းများကို အတင်းအဓမ္မ အကောင်အထည်ဖော်ခဲ့သည်။ မတိကျသော စာရင်းဇယားများကို အခြေခံ၍ ရေးဆွဲအကောင်အထည်ဖော်သော စီမံကိန်းသည် မည်သည့်နိုင်ငံမျှ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် တိုင်းပြည်သို့ လေးနှစ်စီးပွားရေး စီမံကိန်းများ အောင်မြင်မှုရရှိသယောင် လိမ်ညာဝါဒဖြန့်ခဲ့ကြသည်။

ထို့ပြင် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် မည်သည့်အခါမျှ ပွင့်လင်းမြင်သာမှု မရှိခဲ့ချေ။ ပွင့်လင်းမြင်သာမှု ကင်းမဲ့ရာမှ နောက်ဆုံးတွင် တရားမျှတမှု ကင်းမဲ့လာသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ နေရာတိုင်း ဌာနတိုင်းတွင် ကိုယ်ကျိုးရှာသမားများ ၊ လာဘ်ပေးလာဘ်ယူမှုများ၊ အချောင်သမား ရေသာခိုသမား၊ မလုပ်မရှုပ် လည်သလို လုပ်စားသူများ ကြီးစိုးလာရာမှ နောက်ဆုံးတွင် စာရိတ္တမဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်ပါ ယိမ်းယိုင် ပျက်စီးသွားခဲ့ရလေသည်။

မဆလ ကျဆုံးရသည့် အခြားအကြောင်းရင်းတစ်ခုမှာ ခေါင်းဆောင်များ၏ နိုင်ငံရေး အရည်အသွေး နည်းပါးမှုပင် ဖြစ်သည်။ မဆလ ပါတီကို ဦးဆောင်နေသော ယူနစ်ကော်မတီမှ ဗဟိုကော်မတီအဆုံး နိုင်ငံရေး ရင့်ကျက်မှု (Political Maturity) နှင့် ခေါင်းဆောင်မှု အရည်အသွေး အညံ့ဖျင်းဆုံး ရသည့်အထဲ ကိုယ်ကျိုးဆန္ဒ ရှေ့တန်းတင်သော အတ္တသမားများကြောင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ တော်လှန်ရေးကောင်စီ ခေတ်မှ ယနေ့တိုင် မြန်မာနိုင်ငံတွင် သန်းခေါင်ယံကျော်အချိန်၌ အိမ်တံခါးကို တဒုန်းဒုန်း လာထုပြီး ဧည့်စာရင်းစစ်ရန် တံခါးအတင်းဖွင့်ခိုင်း၍ အိမ်ထဲအတင်းဝင်ကာ ရှိသမျှ ပစ္စည်းများကို မွှေနှောက်ရှာ ပြုလုပ်ပြီး အိမ်သားကို ခဏလေး လိုက်ခဲ့ဟု ခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ရပ်များသည် မြန်မာလူထုအဖို့ သိပ်မဆန်းလှသော မြင်ကွင်းဖြစ်သည်။ ဖမ်းဝရမ်း မရှိ၊ အကြောင်းပြချက်မလို၊ ဘာမှမေး၍မရ၊ ဘယ်လောက်ကြာမည် ဆိုသည်ကို မသိ ဘယ်ခေါ်သွားမှန်းမသိ၊ ဘာပြစ်မှုမှန်း မသိ၊ ဘာပုဒ်မနှင့် အရေးယူသည် မသိ၊ တပ်ချင်သည့်ပုဒ်မ တပ်၍ ဖမ်းဆီးထောင်ချမှုများ ယနေ့တိုင် ရှိသည်။ `

ဗိုလ်နေ၀င်း၏ စစ်အာဏာရှင် စနစ်ဆိုးကြီး လက်ထက်တွင် ထောက်လှမ်းယန္တရားကို အဓိကထား သုံးစွဲပြီး ၊ လူထုအား အကြောက်တရားမျိုးစုံဖြင့် ထိပ်လန့်နေအောင် ဖန်တီးအုပ်ချုပ်ခဲ့သည်မှာ ၂၆ နှစ်ကြာ ရှည်ခဲ့သည်။


စစ်ထောက်လှမ်းရေး၊ အမျိုးသားထောက်လှမ်းရေး၏ လွှမ်းမိုးထားနိုင်မှုက အံ့သြလောက်သည်။ လက်ဖျားခါလောက်သည်။ သြချ လောက်သည်။ နောက်ဆုံး၌ လူထုသည် ကြောက်ရွံ့စိတ်၊ မခံချင်စိတ်၊ ရွံရှာစိတ်တို့ဖြင့် စိတ်ဒဏ်ရာများ ရရှိခံစားခဲ့ရသည်။  ဤမျှလောက် တောင်ပဲလားဟု မမေးနှင့်။ စာရေးသူကိုယ်တိုင် ထောက်လှမ်းရေး ၁၂ ၊ ထောက်လှမ်းရေး ၆ တို့တွင် နည်းမျိုးစုံဖြင့် စစ်ကြောမေးမြန်း ခံရသောကြောင့် ယနေ့တိုင် အမှတ်ရနေဆဲ ဖြစ်သည်။ မြေလှန်လျှင် မြက်ပုပ် ချေးခြောက်ရေနူးဖြစ်အောင် ကုန်စင်အောင် ဇာတ်ကြောင်းပြန် လှန်လျှင် ကြားရသူအပေါင်း ကြက်သီးထသွားမည် ဖြစ်သည်။

ကာယကံရှင်ကို အသာထားဦး၊ မဆီမဆိုင် လက်ပံသားဓားချိုင် ဆိုသကဲ့သို့ နီးစပ်ရာလူ၊ မိသားစု ၀င်များကိုပါ ခေါ်ဆောင် နှိပ်စက်ခဲ့မှုများသည် တထောင့်တည ပုံပြင်မဟုတ်။ယနေ့ တိုင်အရှင်နေသေးသော စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် (အငြိမ်းစား) ကိုသာ မေးကြည့်စေလိုပါသည်။

သို့ကလို တနွယ်ငင် တစင်ပါ ဆိုသလို ခေါ်ယူနှိပ်စက်ခဲ့သောကြောင့် လူထုကြား၌ ထောက်လှမ်းရေးဆိုလျှင် ရွံစရာ၊ ကြောက်စရာ ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုများ၊ သံသယများ ၀င်လာခဲ့သည်။ စကားဝိုင်းတစ်ခု၌ လူစိမ်းတစ်ယောက် ရောက်လာသည်နှင့် အားလုံးက ဆိတ်သွားကြသည်။ အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ တစိမ်းတရံရှေ့၌ မည်သူမျှ ပွင့်ပွင့်လင်းလင်း မပြောရဲ၊ မဆိုရဲအောင် လူတိုင်းလူတိုင်းသည် အပိတ်အမှောင် လောက၌ နှစ်ရှည်လများ နေလာခဲ့ရပေသည်။

ဤသို့ဖြင့် အာဏာရှင်အစိုးရနှင့် ပြည်သူလူထုသည် ကွာဟမှု တဖြည်းဖြည်းကြီးသထက်ကြီးကာ မီးဝေးချိပ်ပမာ အနေဝေး၍ စိမ်းသွားခဲ့ကြသည်။ အစိုးရဘာလုပ်လုပ်၊ လူထုသည် စိတ်မ၀င်စားရုံမျှမက မယုံကြည်ကြချေ။ လူထုယုံကြည်မှုမရှိသော ၊ ထောက်ခံမှု မရှိသော အစိုးရလုပ်ဆောင်ချက်တိုင်းသည် မည်မျှပင် ရည်ရွယ်ချက် ကောင်းစေကာမူ မအောင်မြင်ဖြစ်ကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ နောက်ဆုံး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၌ အောက်ဆုံးအဆင့်သို့ လျှောကျသွားရသည်မှာ မည်သူမျှ ငြင်းမရပေ။


ထို့ပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးစီမံခန့်ခွဲ အမှားအယွင်းများကြောင့် တိုင်းပြည်နှင့် လူထုသည် ချွတ်ခြုံကျသွားခဲ့ရလေသည်။ အချုပ်အားဖြင့် ဆိုရလျှင် မဆလပါတီ ကျဆုံးသွားပါသည်။ နိုင်ငံ၏ နိုင်ငံရေး မူဝါဒသည် မိမိတိုင်းပြည်နှင့် ကိုက်ညီသည့် နည်းဗျူဟာကို မချမှတ် မဆောင်ရွက်နိုင်ခြင်း၊ ခေတ်အခြေအနေ ၊ မိမိတိုင်းပြည် အခြေအနေ နားလည်သဘောပေါက်မှု မရှိဘဲ တရားသေ၀ါဒ ကျင့်သုံးခဲ့ခြင်း၊ တိုင်းပြည် ရေရှည် အကျိုးစီးပွားရေး အလေးမထားဘဲ ပါတီမူဝါဒကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့မှုကြောင့် ကျဆုံးခဲ့ရပေသည်။


ဗိုလ်ချုပ်ကြီး နေ၀င်းကိုယ်တိုင်က နိုင်ငံရေး ယုံကြည်ချက်မှာ နိုင်ငံတော်၏ အကျိုးအတွက် အဓိက မဟုတ်ဘဲ အာဏာတည်မြဲရေးကိုသာ အဓိကထား၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် သူယုံကြည်စိတ်ချ ရသူများကို အရည်အချင်း ရှိ / မရှိ အကျင့်စာရိတ္တ ကောင်း၊ မကောင်း မစိစစ်ဘဲ နိုင်ငံတော်၏ ကြီးလေးသော တာဝန်များကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဗိုလ်နေ၀င်းသည် နိုင်ငံရေးကို အပေါ်ယံကြော နားလည်သူဖြစ်ပြီး သက်ဝင်ယုံကြည်သူ မဟုတ် ဟု ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများက ကွယ်ရာ၌ ဖွင့်ဟကြသည်။

အာဏာကို အဓိကထားသည်နှင့်အမျှ “မူ” ထက် “လူ” က အဓိက ဖြစ်ခဲ့ပါတော့သည်။ ပုံစံအားဖြင့် ပါတီမှ အခြေခံလူတန်းစား နှစ်ရပ်ဖြစ်သော အလုပ်သမားနှင့် လယ်သမားများ၏ ဘ၀ကို မြှင့်တင်ပေးရန် မူချဖွဲ့စည်းခဲ့သော  အဖွဲ့အစည်းများမှ တာဝန်ခံလူကြီးများသည် လယ်သမားများ၏ ဘ၀အမှန်ကို မသိကြရုံမျှ မဟုတ်ဘဲ လယ်သမားများ၏ တင်ပြချက်များကိုလည်း လုံးဝဂရုမစိုက်ခဲ့ကြသဖြင့် လယ်ယာလုပ်ငန်းများ ကျဆင်းကာ အရှေ့တောင်အာရှ၏ စပါးကျီအဖြစ်မှ အဆင်းရဲဆုံး နိုင်ငံဘွဲ့ကို ရရှိသည်အထိ ဖြစ်ခဲ့ရသည်။

ထို့အတူ အလုပ်သမားများ၏ အခွင့်အရေးများကို အသေးစိတ် လေ့လာခြင်းမပြုဘဲ အပေါ်ယံကြောဖြင့် “၀န်ထမ်းအားလုံး ခံစားခွင့်အတူတူ ဖြစ်ရမည်” ဟု လေသံဖြင့်သာ လုပ်ဆောင်ခဲ့သောကြောင့် လစာ ၊ ဆုကြေး၊ ပင်စင် စသည်များတွင် အခွင့်အရေး မညီမျှမှုများ ဖြစ်ပေါ်ခဲ့သည်။ အလုပ်သမားများကို အလေးမထားမှုမှတဆင့် မမျှမတ ဖြစ်လာမှုများကြောင့် လုပ်အားများ ကျဆင်းရပြီး နိုင်ငံအတွက် ထိခိုက်နစ် နာစေခဲ့သည်။


ဝန်ထမ်းများ အခွင့်အရေး ခံစားရရှိမှုတွင်လည်း လူကြီးပိုင်းနှင့် နီးစပ်သည့်ဌာနများကသာ ခံစားခဲ့ရသည်။

ဥပမာအားဖြင့် ဗိုလ်ချုပ်ကြီးနေ၀င်း၏ စိတ်ဝင်စားမှု ခံရသော ကျောက်မျက်ရတနာ ကော်ပိုရေးရှင်းမှ ၀န်ထမ်းများ၏ မမှန်မကန်လုပ်ဆောင် မှုကို အခြားအဖွဲ့အစည်းများမှ ၀န်ထမ်းများသည် ငုံ့၍ ခံခဲ့ကြရသည်။ ရဲအဖွဲ့ ၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အကောက်ခွန် အစရှိသည့် ဌာနအဖွဲ့အစည်းများမှ ၀န်ထမ်းများ ဖမ်းဆီးရမိသော အဖိုးတန်ကျောက်မျက်ရတနာများကို ထိုက်တန်သော တန်ဖိုးမပေးဘဲ ၀ယ်ယူခဲ့ပြီး ပြန်ရောင်းပြီးသောအခါတွင် မြတ်စွန်းသည့်အပေါ်တွင် မူတည်၍ ဆုကြေးငွေများကို ကျောက်မျက် ၀န်ထမ်းများက ခွဲဝေယူခဲ့ကြသော်လည်း ဖမ်းဆီးပေးခဲ့သော အဖွဲ့အစည်းများအတွက် ဘာမှ ထပ်မံခံစားခွင့် မပေးခဲ့ချေ။

ဝန်ထမ်းများ ခန့်ထားရေးတွင်လည်း အာဏာနှင့် အခွင့်အလမ်းကို သုံးကြသဖြင့် ထိုက်တန်သော အရည်အချင်းရှိသော နိုင်ငံသား အများအပြားပင် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်အတွက်လည်း လူတော်လူကောင်းများ ဆုံးရှုံးနစ်နာခဲ့ရသည်။ လူကြီးများ၏ နွယ်ငင်ဆက်စပ်သော အရည်အချင်း မရှိသည့် လူများသာ အရှက်ကင်းမဲ့စွာ အခွင့်အရေးယူခြင်းကို တရားသဖြင့် ရရှိသကဲ့သို့ ပြောင်ပြောင်တင်းတင်း ပြုလုပ်လာခဲ့ကြသည်။

အာဏာကို အဓိက ထားသည်နှင့်အမျှ အာဏာရှိသူများသည် အခွင့်အရေး ရှိသမျှကို မရှက်မကြောက် ရယူကြသည်ကို လူထုသည် သိလျက်နှင့် မတတ်သာဘဲ ခေါင်းငုံ့ လည်စင်းခံခဲ့ရသည်။

ဤသို့ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့အသက်စည်းစိမ် ကာကွယ်ရန် တာဝန်ပေးခံခဲ့ရသော လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးသည်လည်း နိုင်ငံသားများကိုသာ ဖိနှိပ်ညှင်းပမ်းသည့် ယန္တရားများ ဖြစ်လာပါတော့သည်။ လူထုအား နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဗိုလ်ကျနှိပ်ကွက်လာခဲ့သည်။ အသက်မပေးဘဲ ဘာကိုမှလုပ်၍ မရတော့လောက်အောင် ပျက်စီးခဲ့ရသည်။ လူထုကို အနိုင်ကျင့်ရုံမျှမက အစိုးရဌာန အချင်းချင်းကိုပင် နိုင်ရာစား ၀ါဒ ကျင့်သုံးလာခဲ့ကြတော့သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေမျိုးကို ဗိုလ်ချုပ်ကြီး နေ၀င်းသည် လုံးဝ မသိရှိခဲ့၍လော၊ သိလျက်နှင့် ခွင့်ပြုခဲ့ခြင်းလော ဆိုသည်မှာ ဗိုလ်ချုပ်ကြီး နေ၀င်းသာ အသိဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် “မင်းနားတစ်ထောင်၊ မင်းမြှောင်တစ်သိန်း” ဟူသော ဆိုရိုးစကားအရ လုံးဝမသိနိုင်သော အခြေအနေမျိုး မဟုတ်ဘဲ မသိချင်ယောင်ဆောင်နေခြင်း (၀ါ) အိပ်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး နေ၀င်းသည် ယင်း၏ အာဏာတည်မြဲရေးနှင့် ဘ၀တည်မြဲရေးအတွက် အလွန်သတိကြီးစွာ ထား၍ ဆောင်ရွက်ခဲ့သည်။ ၎င်းထက် လက်ဝါးစောင်းထက်သူများ ၎င်းအား ခြေရာတိုင်းလာနိုင်သူများအား ဖြိုခွင်းခြင်းကို ရက်စက်စွာပင် ပြုလုပ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ပြိုင်ဘက်ကင်းသလောက်ပင် ဖြစ်လာခဲ့သည်။ ၎င်းအား အတိအလင်း ခြေရာတိုင်းမည့်သူ၊ ဆန့်ကျင့်မည့်သူများ မရှိသလောက် ဖြစ်နေချိန်၌ ဖြစ်ပေါ်လာနိုင်သူများအား ဖော်ထုတ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။

တဖန် ဗိုလ်ချုပ်ကြီး နေ၀င်းသည် အလွန်ကွက်ကျော်မြင်တတ်သူ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားဟောင်း အများစုပြောလေ့ရှိသော စကားတစ်ခုမှာ “ကွက်ကျော်ရိုက်တဲ့ နေရာမှာတော့ ဗိုလ်နေ၀င်းဟာ အတော်ဆုံးဘဲ” ဟူ၍ ဖြစ်သည်။


ဗိုလ်နေ၀င်းသည် တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေး အခြေအနေကို လိုက်နိုင်ရန် မဆိုထားဘိ၊ အခြေခံစီးပွားရေး သဘောတရားကိုပင် နားလည်သဘောပေါက်ခြင်း မရှိကြောင်း၊ အတတ်ပညာရှင်များ၏ အကြံဥာဏ်ကိုလည်း ခံယူခြင်းမပြုကြောင်း၊ မြန်မာပြည်၏ စီးပွားရေး အခြေအနေသည် အလွန်ပင် ဆိုးဝါးသွားနိုင်ကြောင်း၊ စီးပွားရေး စီမံကိန်းများ စတင်အကောင်အထည် ဖော်ချိန်မှစ၍ အတိအလင်း ထုတ်ဖော်တင်ပြခဲ့ကြသည်။

သို့သော် ဗိုလ်နေ၀င်း၏ ခေါင်းမာမှု၊ ငါတကောကောမှု၊ ဒေါသခက်ထန်မှု၊ မာန်မာနထောင်လွှားမှု စသည်တို့ကြောင့် မည်သူ၏ စေတနာဖြင့် အကြံပေးမှုကို လက်မခံခဲ့ချေ။ ဤသို့ဖြင့် အကြံကောင်း ဥာဏ်ကောင်းလေး ပေးမည့်သူများနှင့် ကူညီအားပေးလိုသူများ ကင်းဝေးခဲ့ရသည်။ ပို၍ ဆိုးသည်မှာ စည်းကမ်းကန့်သတ်ချက် မရှိဘဲ နိုင်ငံပိုင် ပစ္စည်းများ ငွေကြေးများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားမှု ပြုမှုပင် ဖြစ်သည်။ နိုင်ငံခြားမှ ကူညီထောက်ပံ့သော ငွေများသည် မည်သည့်အကြောင်းကြောင့်မဆို နိုင်ငံပိုင် ငွေစာရင်းထည့်ပြီးမှသာ ဥပဒေ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုရန် ဖြစ်သည်။ နိုင်ငံပိုင် ငွေကြေးဥစ္စာတို့ကို သက်ဆိုရာ ဌာနသို့ စာရင်းမသွင်းဘဲ သုံးခြင်းသည် နိုင်ငံပိုင် ပစ္စည်းဥစ္စာကို ခိုးယူသူပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြား စာနယ်ဇင်းများ၏ ထုတ်ဖော်ချက်များအရ ဗိုလ်ချုပ်ကြီး၏ နိုင်ငံခြားဘဏ်တွင် အပ်နှံထားသော ငွေကြေးအများအပြား ရှိကြောင်း ဘူးပေါ်သလို ပေါ်ခဲ့သည်။


ဗိုလ်ချုပ်ကြီး နေ၀င်းအား ဆန့်ကျင်ဝေဖန် ထောက်ပြကြသော ပုဂ္ဂိုလ်များကို ၎င်း၏ အာဏာတည်မြဲရေးအတွက် တတိယအကြိမ် ပါတီညီလာခံကို အကြောင်းပြု၍ အရည်အချင်း ရှိသော်လည်း စိုးရိမ်ရသော ပုဂ္ဂိလ်များအဖြစ် သတ်မှတ်ကာ စစ်ဘက်နယ်ဘက် ပုဂ္ဂိုလ်အများအပြားကို ထုတ်ပယ် ပစ်ခဲ့သည်။ အရည်အချင်း မရှိသော်လည်း စိုးရိမ်ရသော အသိုင်းအ၀ိုင်းကို ထူထောင်နိုင်ခဲ့သဖြင့် ယာယီအားဖြင့် သူသည် တည်ငြိမ်သော အာဏာရှင်ဘ၀ကို ထူထောင်နိုင်ခဲ့သည်။ ယင်းသို့ ထူထောင်ခဲ့မိခြင်းကပင် အာဏာရှင်စနစ်ကို အခြေအမြစ်ပါမကျန် လူထုက တူးဖော်ချေပျက်ပစ်ရန်အတွက် စတင်ဖန်တီးပေးသကဲ့သို့ ဖြစ်ခဲ့ရပေသည်။


ဤသို့ဖြင့် နိုင်ငံတော် သယံဇာတပစ္စည်းများ ပြောင်သလင်းခါကာ နိုင်ငံတော်သည် ကမ္ဘာ့အဆင်းရဲ ဆုံးစာရင်းအဖြစ် ၀င်ခဲ့ပြီးနောက် သူ၏ မဆလ ပါတီသည်လည်း နိဂုံးကမွတ် ချုပ်ငြိမ်းသွားခဲ့ရလေသည်။