ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, January 31, 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများ


နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ကိုယ်ထူကိုယ်ထအစီအစဉ်က ပြုလုပ်တဲ့ Gathering Party
တာရာဝေယံ။ ရန်ကုန်၊ ၃၁၊ဇန်န၀ါရီ၊၂ဝ၁၂

ဒီနေ့ညနေက ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းမှာရှိတဲ့ စိမ်းလန်းစိုပြည်ဥယျာဉ် မြက်ခင်းပြင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကိုယ်ထူကိုယ်ထအစီအစဉ်က ပြုလုပ်တဲ့ Gathering Party မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သရက်ထောင်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်ရဲ့စာ သူ့ဆီကို မကြာမီကမှ ရောက်လာကြောင်း၊ ထိုကဲ့သို့ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားကို အမြန်ဆုံး လွှတ်ပေးရန်လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
 
       Gathering Party ကို ဒီနေ့ညနေ ၅းဝဝ နာရီမှ ၈းဝဝနာရီအထိ ကျင်းပခဲ့တာပါ။ ဒီပွဲကို Self-help program,Yangon by Ex-political prisoner  က ဦးစီး ကျင်းပခဲ့တာဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုဌေြးွကွယ် အပါအဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင် စတဲ့ ဗကသအဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။


       ဒီအခမ်းအနားမှာ ဗကသအဖွဲ့ဝင်များ၊ ပွဲစီစဉ်သူများ၊ ကိုရဲလွင်၊ ကိုနေဝင်း၊ လင်းလင်း အစရှိတဲ့ အနုပညာရှင်များက ကြွရောက်လာကြတဲ့ ဧည့်သည်တွေကို တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ပရိသတ်ရဲ့တောင်းဆိုချက်အရ သရက်ထောင်ထဲမှာ ရေးစပ်ခဲ့တဲ့ သူ့ရဲ့ သီချင်းတစ်ပုဒ်ကို ညီမဖြစ်သူ မသန္တာ၊ ဗကသအဖွဲ့ဝင်များ၊ GW အဖွဲ့ဝင်များနဲ့အတူ သီဆိုပြခဲ့ပါတယ်။

   ပွဲစီစဉ်သူများက မြစ်ဆုံဒေသမပျက်စီးမီက ဓာတ်ပုံကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များထံပေးအပ်ခဲ့ရာ ကိုကိုကြီးက ကျေးဇူးတင်စကားနဲ့ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းစစ်ကြောင့် ပြည်သူများ ဒုက္ခရောက်ရတဲ့အတွက် စိတ်ထိခိုက်ရပုံကို ပြောကြားသွားခဲ့ပါတယ်။ 


 ဒီနောက်မှာ ကဗျာရွတ်ဆိုခြင်း၊ ဗကသ သီချင်းများသီဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန်အတွက် အင်းလျားရေပြင်မှာ ဖယောင်းတိုင်မီးများမျှောပြီး ဆုတောင်းကာ အခမ်းအနားကို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများနဲ့ ည ၈းဝဝနာရီမှာ အဆုံးသတ်ခဲ့ပါတယ်။
 ဦးမြင့်ဆွေ၊ ဒေါ်ငယ်မမသန်း၊ မမာမာဦး၊ မနှင်းနှင်းမွှေး၊ ကိုမင်းကိုနိုင်
အဆိုတော် လင်းလင်း
 မနီလာသိန်း၊ ဒေါ်အေးမြင့်သန်း၊ မနိုဘယ်အေး
 ကိုဇေယျနဲ့ ဧည့်သည်များ
ကိုမင်းဇေယျာ
 ကိုမင်းကိုနိုင်
 
 ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်များ
 

Saung Yun La - Poem

ကောင်းကင်ပြုံးမယ့် နိဂုံးကိုလိုချင်တယ် မေမေ
ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၁၊ ၂၀၁၂



သောကကိုကျောချမရတဲ့ ကာလတွေမှာ
မေမေ့ရင်ခွင်ထဲက နေ့စွဲတွေကိုပဲ
အိပ်မက်ထဲကနေ တရွက်ချင်းလှန်ဖတ်နေခဲ့မိတယ်…

အသက်မှတ်တမ်းထဲ ဟိုတလုံးဒီတလုံးချရေးရင်းနဲ့ပဲ
နာကျင်မှုစာမျက်နှာလေးဆယ့်သုံးပေါ်ကို
ဘဝနှစ်ဆစ်ချိုးပြီး ဖြစ်သလိုပစ်တင်ထားခဲ့ရပြန်ပြီ မေမေ…

တကယ်တော့ နာကျင်မှုဆိုတာ
စာသင်လို့မရနိုင်တဲ့ ကိုယ်ပိုင်မှတ်တမ်းတခုပဲမဟုတ်လား မေမေ…

ငေးကြည့်ခဲ့မိတဲ့ နာရီရဲ့လမ်းတွေမှာတော့
အိမ်မပြန်ဖြစ်တဲ့ နှစ်တွေက
မာတိကာအဖြစ် စွန်းထင်းကျန်ရစ်ခဲ့ကြပေါ့ မေမေ….

လေးဆယ့်သုံးနှစ်တာခရီးမှာ
ဆက်သွယ်မှုနည်းပညာတွေကြောင့် အသံတွေနီးလာခဲ့ပေမယ့်
ကျနော်တို့ချင်းကတော့ အမှန်အကန်ဝေးခဲ့ကြပါတယ် မေမေ…

ကမ္ဘာကြီး ရွာဖြစ်သွားတဲ့ စစ်အေးကာလမှာ
ကျနော်တို့စစ်ပွဲတွေက ပူလောင်ဆဲပေါ့ မေမေ….

အဲဒီစစ်ပွဲတွေကိုကျော်ပြီး လှမ်းကြည့်ခဲ့မိတဲ့လမ်းတွေမှာ
အိမ်ပြန်ချင်တဲ့ အလွမ်းတွေသာ
နိဒါန်းအဖြစ် အကျွမ်းတဝင်ကျန်ရစ်ဆဲပါ မေမေ…..

စစ်ပွဲတွေက
ကျနော်တို့ဆုံမှတ်တွေကို
မဆုံးနိုင်တဲ့ စာကိုယ်အဖြစ် လမ်းလွှဲပစ်ခဲ့ပါတယ် မေမေ
စစ်ပွဲတွေကပဲ
အပြစ်မဲ့ကလေးတွေရဲ့ရင်ဘတ် မိဘမဲ့တံဆိပ်ကပ်ခဲ့ပါတယ် မေမေ….

မိဘမဲ့ကလေးတွေ ငိုနေတဲ့ ကမ္ဘာမှာ
တေးကဗျာတွေ မဆိုချင်ခဲ့ပါဘူး မေမေ…

စစ်လက်နက်တွေ လူသတ်လေ့ကျင့်နေတဲ့ကမ္ဘာမှာ
တရားမှန်မှန်မမှတ်နိုင်ခဲ့ပါဘူး မေမေ…

ငတ်မွတ်ခြင်းတွေ ဆင်းရဲတွင်းနက်နေတဲ့ ကမ္ဘာမှာ
ညစာစားပွဲတွေမတက်ချင်ခဲ့ပါဘူး မေမေ…

ရဲဘော်ရဲဘက်တွေ လူမသိသူမသိ ပျောက်ဆုံးခဲ့ရတဲ့ ကမ္ဘာမှာ
ဘတ်ဒေးကိတ်တလုံးကို ခပ်ပြုံးပြုံးမလှီးချင်ခဲ့ပါဘူး မေမေ….

ငြိမ်းချမ်းရေးကို ပေါင်မုန့်တလုံးလိုခွဲတမ်းချနေကြတဲ့ ကမ္ဘာမှာ
ယုံကြည်ချက်ကို ကြိုတင်လက်မှတ်မဖြတ်ချင်ခဲ့ပါဘူး မေမေ….

ကျနော်က….
ကြယ်တွေစုံတဲ့ညထဲ လမ်းလျှောက်ရင်း
အလင်းရောင်သီချင်းကို မေမေ့ချစ်ခြင်းဟာမိုနီနဲ့ဆိုချင်ခဲ့သူပါ မေမေ…..

ပြည့်ဝတဲ့ငြိမ်းချမ်းရေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးပါ
စစ်မှန်တဲ့ဆုံဆည်းခွင့်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးပါ
ကောင်းကင်ပြုံးမယ့်နိဂုံးကို မွေးနေ့လက်ဆောင်အဖြစ်ပေးပါ မေမေ…..။ ။

(ဖေဖော်ဝါရီလ ၃ ရက်နေ့ ၄၃ နှစ်ပြည့်မွေးနေ့အတွက် ကိုယ်ပိုင်ခံစားချက် ကိုယ်ပိုင်မွေးနေ့အမှတ်တရ)

Interview with U Awbatha on 2007 Saffron Movements

ရွှေဝါရောင်သံဃာတော်များနဲ့ တွေ့ဆုံခြင်း
ဆရာတော်ဦးသြဘာသ၊ ထိုင်းမြန်မာနယ်စပ်၊ နို့ဖိုးဒုက္ခသည်စခန်း
စီစဉ်တက်ဆက်သူ - အရှင်ပညာနန္ဒ၊ သာသနဥသျှောင်အဖွဲ့၊ နယူးယောက်၊
(အောက်တိုဘာ ၁၅၊ ၂၀၁၁ တွင် ရိုက်ကူးခဲ့သည်)

Zarganar and Collegues arrived DC


ဂတုံးကြီး ဝါရှင်တန်မြို့တော်ရောက်ပြီ
ဇာဝါရီ၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၂
ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း၊ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ ခေါ် မောင်သူရ၊ ကချင်အရေး နိုးကြားလှုံ့ဆော်နေသူနဲ့ (NDF) ပါတီင် ဒေါ်ဘောက်ဂျာ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးရေးရာ နိုးကြားလှုံ့ဆော်သူ ဒေါ်ခင်သန်းမြင့်တို့ ဝေဟင်ခရီးနဲ့ ထိုင်း၊ ဂျပန်နိုင်ငံများမှတဆင့် ဝါရှင်တန်မြို့ တော် Dulles နိုင်ငံတကာလေဆိပ်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ (အင်္ဂါနေ့) နံနက် ၉း၃၀ အချိန်မှာ ချောချောမောမော ရောက်ရှိလာကြတယ်။
သူတို့တတွေကို ဝါရှင်တန်မြို့ တော်အခြေစိုက် US Campaign for Burma အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင်၊ National Endowment for Democracy မှ မြန်မာ့အရေး တာဝန်ခံ ကိုအောင်မော်ဇင်၊ ဝါရှင်တန် ကွန်မြူနီတီမိသားစုအဖွဲ့ဝင် ကိုထွန်းထွန်း၊ ကိုအာယု (ကိုဇာဂနာ ညီဝမ်းကွဲ) နဲ့ ကိုဇော်ဇော် တို့ သွားရောက်တွေ့ဆုံ ကြိုဆိုကြပါတယ်။ လွတ်လပ်သောအာရှအသံ (Radio Free Asia) မြန်မာသတင်းဌာနမှ ဗွီဒီယို မှတ်တမ်းသတင်း လာရောက်ရယူတာကို တွေ့ရတယ်။
ဝါရှင်တန်ရဲ့  အေးမြတဲ့ ဆောင်းရာသီဥတုက ဒီနေ့မှာ ထူးထူးကဲကဲ နွေးထွေးနေပြီး ကိုဇာဂနာ က ပြောင်နေတဲ့ သူ့ခေါင်းကို ခေါင်းစွပ်ဝတ်၊ ခေါင်းမြီးခြုံ နေရမယ်လို့ ထင်ခဲ့တာ အခုတော့ အေးဆေးပဲလို့ ပြောပြီး ဝါရှင်တန်မြို့ တော်ကြီး နဲ့ အမေရိကန်ရောက် မြန်မာမိသားစုများကို နှုတ်ဆက်လိုက်ပါကြောင်း။ မကြာခင် နှစ်ပေါင်းများစွာ ခွဲခွါခဲ့ရတဲ့ မြန်မာမိတ်ဆွေ၊ မိသားစုများနဲ့ ပြန်လည်တွေ့ဆုံရမှာကို အထူး ဝမ်းမြောက်စွာ မျှော်လင့်နေကြောင်း။
ဝါရှင်တန်မြို့ တော်တဝိုက်နေ မြန်မာမိသားစုနဲ့ ဖေဖေါ်ဝါရီလ (၄) ရက်နေ့ ညနေ စကားပြောပွဲ မတိုင်ခင် USCB နဲ့ NED တို့ စီစဉ်ထားတဲ့ အထက်/အောက်လွှတ်တော်၊ ဒီမိုကရေစီလှုံဆော်ရေးအဖွဲ့ စတဲ့ နေရာများမှာ နေစဉ်ရက်ဆက် မြန်မာ့အရေးဆိုင်ရာများကို သူတို့သုံးဖော် (three musketeers) တို့ ကနဦး ဆွေးနွေးတင်ပြသွားရမည်ဖြစ်ကြောင်း။ သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများနဲ့ တွေ့ဆုံစကားပြော၊ ထမင်းစားပွဲတက်စတဲ့ ကိစ္စအဝဝပြီးမှ New York နဲ့ အနောက်ဘက်ခြမ်း LA, San Francisco တို့ကို ခရီးဆက်ပြီး စောင့်မျှော်နေကြတဲ့ မြန်မာတိုင်းရင်းသား မိသားစုများနဲ့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း စကားသဝဏ်လွှာ ပါလိုက်ပါတယ်။
မိုးမခက တယ်လီဖုံးနဲ့ ဆက်သွယ်မေးမြန်းရာမှာ ယခု ဟီလတန်ဟိုတယ်မှာ တည်းနေကြောင်း၊ အမေရိကန်အင်တာနက် သုံးဖို့ကြိုးစားတာ ဟိုတယ်က တရက်ကို ၉.၉၉ ဒေါ်လာကောက်နေတဲ့ အကြောင်း ပြောပါတယ်။ မြန်မာကွန်မြူနီတီ ပေါင်းစုံနဲ့ လက်လှမ်းမီသလောက် တွေ့ဆုံသွားမယ်။ မိတ်ဆွေတွေ အားလုံး၊ ပရိသတ်တွေအားလုံးကို နှုတ်ဆက်တယ်လို့ ပြောလိုက်ပါတယ်။
(မိုးမခ မှတ်ချက် - မိုးမခရဲ့အထောက်တော်ဇာဝရီက ၀ါရှင်တန် မေရီလင်းက သတင်းရေးသားရာမှာ ခင်မင်ရင်းနှီးမှုနဲ့ ကတုံးကြီးလို့ ရေးတာဖြစ်ပါတယ်။ )

Than Win Hlaing - Articles

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှ
စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ - ၁
သန်းဝင်းလှိုင် ဇန်န၀ါရီ ၃၁၊ ၂၀၁၂
တိုင်းရင်းသားလူမျိုးစုအားလုံး၏ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးသည် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပြဿနာများအနက် အဓိကဦးစားပေးဖြေရှင်းရမည့်ကိစ္စများပင်ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ညှိနှိုင်းဆွေးနွေးကာ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေးအရယူရန် ပင်လုံမြို့ကလေး၌ ၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် ယခု ၂၀၁၂ခု ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် (၆၅) နှစ် တိုင်ခဲ့ပြီဖြစ်သည်။

သို့သော် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် ယနေ့တိုင် စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သောကြောင့် ပြည်တွင်းစစ်မီးသည် နှစ်ပေါင်း ၆၀ကျော်တိုင် တောက်လောင်နေဆဲဖြစ်သည်။

● နောက်ခံသမိုင်း
ဗြိတိသျှ နယ်ချဲ့သမားတို့သည် ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်များတွင် စစ်ပွဲ (၃) ကြိမ်ဆင်နွှဲကာ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ၁၈၈၆ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် လော့ဒ်ဒါဖရင်က `သိမ်းပိုက်ခြင်းပြန်တမ်း´ ထုတ်ပြန်ပြီး မြန်မာနိုင်ငံတနိုင်ငံလုံးကို တရားဝင်ကျွန် ပြုအုပ်စိုး ခဲ့လေသည်။

ဗြိတိသျှနယ်ချဲ့တို့သည် စနစ်တကျ ကြိုတင်စီမံထားခြင်းမရှိဘဲ အထက်မြန်မာနိုင်ငံကို အလောတကြီးသိမ်းပိုက်လိုက်မှု ကြောင့် မြန်မာပြည် တ၀ှမ်းတွင် သူ့ကျွန်မခံလိုသော တိုင်းရင်းသားတို့သည် ရရာလက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ရာ ဗြိတိသျှအစိုးရသည် ၁၀ နှစ်ကျော်ကြာ နှိမ်နင်း ခဲ့ရသည်။ ထို့ကြောင့် သီပေါမင်း၏ လွှတ်တော်ဝန်ကြီးများဖြစ်သော ကင်းဝန်မင်းကြီး ဦးကောင်းအပါအ၀င် ၀န်ကြီးအချို့ကို အမှုထမ်းစေပြီး ယာယီအုပ်ချုပ်ခြင်းပြုခဲ့ရသည်။

ထို့နောက် ၁၈၈၉ ခု မတ်လ ၁ ရက်နေ့တွင် စတက်ကျူးဥပဒေပါ စာပိုဒ်များဖြင့် အိန္ဒိယအင်ပါယာ၏ ဇယားဝင် စီရင်စုအဖြစ် အုပ်ချုပ်ခဲ့သည်။ သို့သော် ထိုစတက်ကျူးဥပဒေကို ရှမ်းပြည်တွင် အာဏာမတည်စေရန် ခြွင်းချန်ထားခဲ့သည်။

အိန္ဒိယတွင် ဗြိတိသျှအစိုးရက (Sanad) ခေါ် ခန့်စာများဖြင့် `မဟာရာဂျာ´များကို သစ္စာခံစေပြီး တဆင့်ခံအုပ်ချုပ်စေသည့် နည်းတူ ရှမ်း ပြည်နယ်ရှိ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတို့ကို ရှေးရိုးအစဉ်အလာအရ အုပ်ချုပ်ခြင်းကို အသိအမှတ်ပြုပြီး ဗြိတိသျှအရေးပိုင်၏ ကွပ် ကဲကြီးကြပ်မှုကို ခံယူစေသည်။

၁၈၉၈ခုနှစ်တွင် မြန်မာနိုင်ငံတရားရေးဆိုင်ရာ ဥပဒေ (Burma Laws Acts) ပြဋ္ဌာန်းပြီး သီပေါမင်းပိုင် မြန်မာပြည်ကို ပြည်မအဖြစ် စိုးမိုးအုပ်ချုပ်တရားစီရင်စေသည်။ ရှမ်း၊ ကချင်၊ ချင်းတို့ ပါဝင်သော တောင်တန်းဒေသသုံးခုတွင် ပြည်မနှင့် သီးခြားခွဲခြမ်းအုပ်ချုပ်သော နယ်မြေဒေ သများ (Frontier Areas) အဖြစ် အုပ်ချုပ်စေသည်။ ယင်းဥပဒေအရ ရှမ်းပြည်နယ်တွင် စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး စသော ပဒေသရာဇ် အာဏာပိုင်များနှင့် ချင်းတောင်ဒေသများတွင် တောင်အုပ်၊ တောင်ပိုင် အမည်ခံ ပဒေသရာဇ်အာဏာပိုင်များဖြင့် အုပ်ချုပ်စေသည်။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် မြန်မာမင်းပိုင်နယ်နှင့် အင်္ဂလိပ် သိမ်းပိုက်ထား သော အောက်မြန်မာပြည်တို့အကြား အငြင်းပွားမှုများ၊ အချင်းဖြစ်ပွားမှုများကို တားဆီးနိုင်ရန်အတွက် ကရင်နီ (ကယားပြည်နယ်) ကို မင်းတုန်းမင်းလက်ထက် ၁၈၇၅ ခု၊ ဇွန်လ ၂၁ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်၏ ကိုယ်စားလှယ် တီဒီဖော့ဆက် (T.D Forsyth) နှင့် ကင်းဝန်မင်းကြီးဦးကောင်းတို့ချုပ်ဆိုသောစာချုပ်အရ မြန်မာဘုရင်သြဇာအာဏာမှကင်းလွတ်သည့် လွတ်လပ်သောဒေသတစ်ခုအဖြစ် မြန်မာ မင်းတို့က အသိအမှတ်ပြုရလေသည်။ ထို့ကြောင့် သီပေါမင်းပါတော်မူသည့်အခါ ကရင်နီ (ကယားပြည်နယ်) သည် သီးခြားလွတ်လပ်သော နယ်တစ်ခုအဖြစ် ကျန်နေခဲ့သည်။ အဆိုပါစာချုပ်ကိုအကြောင်းပြု၍ လွတ်လပ်သောဒေသတစ်ခုဟု အမည်တွင်သော်လည်း လက်တွေ့ အားဖြင့် ဗြိတိသျှလက်အောက်ခံမျှသာဖြစ်ပြီး စော်ဘွားများ၊ ပဒေသရာဇ်အာဏာပိုင်များဖြင့် တဆင့်ခံအုပ်ချုပ်သော နယ်မြေဖြစ်လာလေ သည်။

ယင်းနောက် မြန်မာတို့၏ နိုင်ငံရေးနိုးကြားတောင်းဆိုမှုများကြောင့် ၁၉၂၃ ဇန်န၀ါရီလ ၂ မှ ၁၉၃၇ မတ်လ ၃၁ရက်နေ့အထိ ဒိုင်အာခီခေါ် တွဲဖက်အုပ်ချုပ်ရေးကိုလည်းကောင်း၊ ၁၉၃၇ခု ဧပြီ ၁ မှ ၁၉၄၂ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးကိုလည်းကောင်း ပေးလာခဲ့ရသည်။

သို့သော် ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ပြီး (The Government of Burma Act) ခေါ် မြန်မာနိုင်ငံအစိုးရဥပဒေအရ သီးခြားအုပ်ချုပ်ခွင့်ပေးလိုက်သော်လည်း တောင်တန်းဒေသများဖြစ်သော ရှမ်းပြည်နယ်များ၊ ရခိုင်တောင်တန်းဒေသများ၊ ချင်းတောင်တန်းများ၊ ကချင်တောင်တန်းများ၊ ဆွန်ပရာတောင်တန်း၊ ဟူးကောင်းတောင်ကြား၊ တြိဂံနယ်မြေနှင့် သံလွင်ဒေသတို့ကို ချန်လှပ်ပြီး ထိုဥပဒေ၏ ဒုတိယဇယားအပိုင်း(၁)နှင့် အပိုင်း(၂) (Schedule II, Part 122) အရ ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။

ယင်းနောက် ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်မတော်တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် နယ်ချဲ့အစိုးရသည် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ထွက်ပြေးခဲ့ရသည်။ စစ်အပြီး အောက်တိုဘာ ၁၆ ရက်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် မြန်မာတို့အခေါ် စက္ကူဖြူစာတမ်းခေါ် (Burma Statement of Policy by H.M.G, 1945) ကို သယ်ဆောင်လျက် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ယင်းနောက် နောက်တစ်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသည့် ၄င်းအား ဂုဏ်ပြု သည့်ဧည့်ခံပွဲ၌ “မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ မကြာမီမှာပင် အခြေအနေပေးသည်နှင့် တပြိုင်နက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပပေးတော့မည်ဖြစ်ကြောင်း” ပြောကြား သွားသည်။

ဒေါ်မန်စမစ်က ဆက်လက်၍ ရွေးကောက်ပွဲကျင်းပရေးမပြုမီအတောအတွင်း ၁၉၃၅ ခု မြန်မာနိုင်ငံအစိုးရအက်ဥပဒေ The Governmentof Burma Act, 1935) ကို ခေတ္တရပ်ဆိုင်းထားပြီး စက္ကူဖြူစာတမ်းအရ ဘုရင်ခံတစ်ဦးတည်း အုပ်ချုပ်သွားသည့်စနစ်ဖြင့် (၃) နှစ် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

စင်စစ် စက္ကူဖြူစီမံကိန်းမှာ အသစ်အဆန်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွက် ၉၁ ဌာနအုပ်ချုပ်ရေးအသစ်ကို မွေးပေးခဲ့သော ၁၉၃၅ခု မြန်မာ နိုင်ငံဥပဒေပုဒ်မ ၁၃၉ အရ အုပ်ချုပ်မည့် စီမံကိန်းပင်ဖြစ်သည်။ ပုဒ်မ ၁၃၉ အရ ဘုရင်ခံသည် တိုင်းပြည်၏အချုပ်အခြာအာဏာကိုဆက်လက်ချုပ်ကိုင်ထားပြီး ဗြိတိသျှအစိုးရက တိုက်ရိုက်တာဝန်ခံ၍ အုပ်ချုပ်ရန်ပင်ဖြစ်သည်။

အဆိုပါ စက္ကူဖြူစီမံကိန်းကို အင်္ဂလိပ်အလိုတော်ရိနိုင်ငံရေးသမားကြီးများသာ ထောက်ခံကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်နေသော ဖဆပလအဖွဲ့ချုပ်နှင့် ပြည်သူတရပ်လုံးက ယင်းစီမံကိန်းမှာ ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေးအဆင့်မျှသာရှိသော ခေတ်နောက်ပြန် ဆွဲသည့် အုပ်ချုပ်ရေးဖြစ်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည့် အချိန်ကာလအတိအကျမပါခြင်း၊ တောင်တန်းနှင့်မြေပြန့်ကို ခွဲခြားအုပ် ချုပ်ခြင်း၊ လွတ်လပ်ရေးပေးသည့်တိုင် စီးပွားရေးအရ မလွတ်လပ်စေရန် ဖန်တီးထားခြင်း စသည့်အချက်များကြောင့် ဆန္ဒပြကန့်ကွက် ခဲ့ကြသည်။

ထိုအချိန်တွင် ရှမ်းပြည်နယ်လူထုနှင့် စော်ဘွားများကလည်း နိုးကြားတက်ကြွလာပြီး လွတ်လပ်မည့် မြန်မာ့အရေးကို စဉ်းစားလာကြသည်။

သို့ဖြင့် ရှမ်းပြည်နယ်ရှင်များအားလုံးပါဝင်သော အစည်းအဝေးတရပ်ကို ၁၉၄၆ ဇန်န၀ါရီလ ၃၁ရက်နေ့တွင် မိုင်းကိုင်မြို့၌ ကျင်းပပြီး၊ စော်ဘွားများ၊ မြို့စားများ၊ ငွေခွန်မှူးများအားလုံး စ၀်ဖလုံများဟုခေါ်ရေး၊ အင်္ဂလိပ်နယ်ချဲ့ကို မြန်မာများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် စ၀်ဖလုံကောင်စီ (Council of Shan State Sophos) ကိုလည်း ဖွဲ့စည်းလိုက်သည်။ ထိုစဉ် အတွင်း ၁၉၄၆ ဇန်န၀ါရီလ ၁၇ မှ ၂၃ ရက်နေ့အထိ ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပပြုလုပ်သော ဖဆပလအဖွဲ့ချုပ်၏ ပထမညီလာခံတွင် တိုင်းရင်းသားလူနည်းစုများနှင့် ဗမာအမျိုးသားတို့ ညီညွတ်ရေးအဆိုနှင့် နယ်ခြားဒေသများအား မြန်မာပြည်မနှင့်ပေါင်းစည်းရေးအဆိုကို တင်သွင်းလိုက်ကြသည်။

မိုင်းကိုင်အစည်းအဝေးအပြီး စ၀်ဖလုံများဦးစီး၍ ပထမပင်လုံညီလာခံကို လဲချားနယ် ပင်လုံမြို့ကလေးတွင် ၁၉၄၆ မတ် ၁ မှ ၁၂ရက်နေ့အထိ ကျင်းပခဲ့ကြသည်။ အဆိုပါပင်လုံညီလာခံကို `ရှမ်းပြည်နယ်လက်မှုပြပွဲ´ဟု အမည်တပ်ထားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်များ၊ ဗမာပြည်မမှ အခြားနိုင်ငံရေးခေါင်းဆောင်များ၊ တောင်တန်းဒေသမှ ကချင်၊ ချင်း၊ ကရင်နီခေါင်းဆောင်များကိုလည်း ဖိတ်ကြားခဲ့သဖြင့် နိုင်ငံရေးအသွင်လက္ခဏာ အပြည့်အ၀ဆောင်သည့် နိုင်ငံရေးညီလာခံပင် ဖြစ်သည်။ ပထမပင်လုံညီလာခံသို့ ဗိုလ်ချုပ် အောင်ဆန်းသည် ရခိုင်ပြည်ဘက်သို့ ခရီးလွန်နေသဖြင့် ဗိုလ်ချုပ်ကိုယ်စား သခင်နု၊ ဦးဘဂျမ်း (ပုဂံ)၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေ အပြင် ဂဠုန်ဦးစောတို့လည်း တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ရှမ်းပြည်မှ ဦးထွန်းမြင့် (လင်းခေး) နှင့် ဦးတင်အေးတို့ ဟောပြောကြသည်။ သခင်နုက ရှမ်း၊ ဗမာချစ်ကြည်ရေး သမိုင်းကို လည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံအကြောင်းကိုလည်းကောင်း၊ ဟောပြောကြသည်။

သခင်နုက ဗိုလ်ချုပ်အောင်ဆန်းမှာ ကြိုင်တင်စီစဉ်ထားသော အခြားကိစ္စတစ်ခုရှိ၍ သမိုင်းဝင် ဤညီလာခံကို မတက်ရောက်နိုင်ကြောင်း၊ ဤသို့ မတက်ရောက်နိုင်သည့်အတွက် တောင်းပန်ကြောင်း၊ မတက်နိုင်သော်လည်း အောင်မြင်မှုရပါစေဟု ဆန္ဒပြုသည်ကို ဤအစည်း အဝေးသို့ တင်ပြရန် မှာကြားလိုက်ကြောင်း ပြောကြားပြီး ရှမ်းဗမာ ချစ်ကြည်ရေးသမိုင်းကို အဓိကဆွေးနွေးသွားသည်။ ထို့အပြင် ဖဆ ပလအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံတွင် ရှမ်းလူငယ် (၁၀) ဦးနှင့်တွေ့ဆုံစဉ်က မပြေမလည်ရှိခဲ့သည်ကို ထပ်မံတွေ့ဆုံဆွေးနွေးကြပြီး အတော်အတန် နားလည်မှုရရှိသွားကြသည်။

ဂဠုန်ဦးစောက တောင်တန်းဒေသများသည် ဗမာပြည်ပနှင့် တပြိုင်တည်း လွတ်လပ်ရေးရယူကြပြီး၊ လွတ်လပ်ရေးရပြီးပါက ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရှိစေရမည်ဟု ဆွေးနွေးသည့်အပြင် ဒိုမီနီယံအုပ်ချုပ်ရေးအကြောင်းကိုပါဆွေးနွေးလာသဖြင့် ရှမ်းပြည်ခေါင်းဆောင်များက ဗမာ ပြည်မှာ ရောင်းမစွံတဲ့ဒိုမီနီယံကို ရှမ်းပြည်လာမရောင်းပါနဲ့ဟု ပြောလိုက်ရာ ဦးစော `လုံးဝ´ အရေးနိမ့်သွားသည်။

ရှမ်းနှင့်ကချင်ခေါင်းဆောင်များသည် ဗမာပြည်နှင့် တပြိုင်တည်း လွတ်လပ်ရေးရယူသွားမည့်နည်းလမ်းများကို သီးသန့်တွေ့ဆုံ ဆွေးနွေးကြ သည်။ ကရင်နီပြည်နယ်ကိုယ်စားလှယ်ကမူ မိမိတို့ကရင်နီပြည်မှာ သီးခြားလွတ်လပ်ရေးရရှိပြီးဖြစ်၍ လေ့လာသူအဖြစ်သာ တက်ရောက် ကြောင်း၊ အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းပုံအပေါ်မူတည်ပြီး ကရင်နီပြည်သူများ၏ ဆန္ဒသဘောထားရယူသွားမည်ဟု အလွတ်သဘောဖြင့် သာ ဆွေးနွေးသွားသည်။ ပထမပင်လုံညီလာခံသည် ရှမ်း၊ ဗမာ၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှု၊ အပြည်အလှန်နားလည်မှု ရရှိစေသည်။ ၁၉၄၇ခုနှစ်တွင် ပင်လုံတွင် ထပ်မံ၍ ဒုတိယပင်လုံညီလာခံ ကျင်းပရန်ဆုံးဖြတ်ခဲ့ကြသည်။

ရှမ်းလူထုခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးစံဖေ၊ ဦးဘရီ၊ ဦးအုန်းဖေ စသူတို့ ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ (ရပလ) ကို ဖွဲ့စည်းကြသည်။ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) က ၁၉၄၆ သြဂုတ်လတွင် ပြည်မနှင့်ပေါင်း၍ လွတ်လပ်ရေးအရ ယူပြီးလျှင်-

(၁) ပြည်ထောင်စုမူအရ ပေါင်းမည်။
(၂) အခွင့်အရေးနှင့်အဆင့်အတန်း တန်းတူဖြစ်ရမည်။
(၃) ရှမ်းပြည်အား လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမည်။
(၄) ခွဲထွက်လိုက အချိန်မရွေးခွဲထွက်ခွင့်ပေးရမည်ဟု ကြွေးကြော်ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်ဆွေးနွေးပွဲမသွားမီ ၁၉၄၆ ဒီဇင်ဘာလ ၂၃တွင် လွိုင်ကော်မြို့ ကရင်နှစ်သစ်ကူးပွဲတော်မှအပြန် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ၀င်ခဲ့သည်။ ဗိုလ်ချုပ်သည် ညောင်ရွှေဟော်၌ ရှမ်းစော်ဘွားများ၊ ၄င်းတို့၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးသည်။ ဗိုလ်ချုပ်အောင်ဆန်းက မိမိသည် မကြာမီအတွင်း အင်္ဂလန်သို့သွားရောက်ပြီး လွတ်လပ်ရေးအတွက် အရေးဆိုမည်။ ရှမ်းပြည်သည် မြန်မာပြည်နှင့်အတူ လွတ်လပ်လိုပါက လက်မှတ်ရေးထိုးပေးရန် ရှမ်းစော်ဘွားများအား တင်ပြသည်။ စော်ဘွားများက ယခုကိစ္စသည် အလွန်အရေးကြီး၍ အလျင်စလို ဆုံးဖြတ်ရန်မလွယ်ကူကြောင်း ရှမ်းပြည်မြောက်ပိုင်းစော်ဘွားများနှင့် ညှိနှိုင်းပြီး ကြေးနန်း ဖြင့် အကြောင်းကြား မည် ဟူသော ကတိကိုသာ ပေးလိုက်ကြသည်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားစ၀်ရွှေသိုက်သည် မြောက်ပိုင်းစော်ဘွားများနှင့် ညှိနှိုင်းခဲ့သည်။ အင်္ဂလိပ်တောင်စခန်းဝန် စတီဗင် ဆင် (Henry N.C. Stevenson) ၏ ကြိုတင်သွေးထိုးထားမှုများကြောင့် ဗိုလ်ချုပ်လိုချင်သော အဖြေမရဘဲ ရှမ်းစော်ဘွားများကောင်စီက ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဗမာပြည်ကိုသာကိုယ်စားပြုပြီး ရှမ်းပြည်နှင့်တောင်တန်းဒေ သများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို လန်ဒန်သို့ ဖိတ်ကြားပါဟူ၍ ဗြိတိသျှအစိုးရထံသို့ ကြေးနန်းပို့လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည် လန်ဒန်မြို့သို့ မရောက်မီကပင် ထိုကြေးနန်းကို အင်္ဂလိပ်အာဏာပိုင်တို့ ရရှိထားပြီးဖြစ်သည်။

ရှမ်းပြည်စော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်အတွက် ကိုယ်စားမပြု ကြောင်းဟူ၍ ဗြိတိသျှအစိုးရထံသို့ ကြေးနန်းစာပေးပို့ကြောင်း ကြားသိရသည့်အခါ ရပလအဖွဲ့သည် တောင်ကြီးမြို့ဈေးနေ့တွင် ပြည်သူလူ ထု ၂၀၀၀ကို စုစည်း၍ လူထုအစည်းအဝေးတရပ်ကျင်းပပြီး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်နှင့်တောင်တန်းဒေသ နယ်မြေများအတွက် တပြိုင်တည်းလွတ်လပ်ရေးပေးရန် လန်ဒန်တွင် အရေးဆိုနေကြောင်း၊ ထို့ကြောင့် ဗမာပြည်နှင့်အတူ ရှမ်းပြည်ကိုပါ လွတ်လပ်ရေးတပြိုင်တည်း ချက်ချင်းပေးရန် ဗိုလ်ချုပ်အောင်ဆန်းအားတညီတညွတ်တည်း ထောက်ခံကြောင်း အဆိုတင်သွင်းပြီး ထောက်ခံအတည်ပြုကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗမာများသည် တောင်တန်းဒေသအတွက်ပြောဆိုခြင်းမှာ ဗမာပြည်နှင့် တန်းတူအဆင့်အတန်း အခွင့်အရေး ရစေလိုသောကြောင့်ဖြစ်ကြောင်း၊ ဗမာလူမျိုးသည် ဗြိတိသျှကျွန်မဖြစ်လိုကြောင်း၊ ထို့နည်းတူစွာ တောင်တန်းလူမျိုးများသည်လည်း ဗြိတိ သျှကျွန်ဖြစ်သည်ကို ဗမာက မကြိုက်ကြောင်းပြောဆိုပြီး စေတနာသန့်သန့်ဖြင့် ဗမာပြည်အပါအ၀င် တောင်တန်းဒေသအတွက် တပြိုင် တည်း လွတ်လပ်ရေးကို တောင်းဆိုခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုစဉ်က ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မြန်မာ့လွတ်လပ်ရေးအတွက် သဘောတူစာချုပ်ကို ၁၉၄၇ ဇန်န၀ါရီလ ၂၇တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသော်လည်း တောင်တန်းဒေသများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့ရန်ဖြစ်သည်။

မူအားဖြင့် ဒုတိယပင်လုံညီလာခံမှာ ရှမ်းပြည်နယ်ရှင်များ၏ အစည်းအဝေးမျိုးသာ ဖြစ်ခဲ့သော်လည်း အောင်ဆန်းအက်တလီစာချုပ်ကြောင့် ပုံစံပြောင်းသွားရလေသည်။

၁၉၄၇ ဖေဖော်ဝါရီ ၁တွင် ကချင်ကိုယ်စားလှယ်များ ပင်လုံညီလာခံသို့ တက်ရောက်ရန်လာကြစဉ် ကွတ်ခိုင်နယ် နမ့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို ချမှတ်ခဲ့ကြသည်။

(၁) ကချင်အမျိုးသားများသည် ဗမာအမျိုးသားများနှင့် တပြိုင်တည်း လွတ်လပ်ရေးရရန်၊
(၂) ကချင်အမျိုးသားများ၏ ဆန္ဒနှင့်အညီ ကချင်သီးခြားနိုင်ငံထဲ၌ ဗန်းမော်နှင့် မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်း ဒေသများနှင့် က သာမြို့၏မြောက်ဘက် မြေပြန့်ဒေသများ ပါဝင်စေရန်၊
(၃) လွတ်လပ်သည့် ကချင်သီးခြားနိုင်ငံထဲ၌ ဗန်းမော်နှင့်မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်းဒေသများနှင့် ကသာမြို့၏ မြောက်ဘက် မြေပြန့်ဒေသများ ပါဝင်စေရန်။
(၄) ဗမာအမျိုးသားများနှင့်ကချင်အမျိုးသားများ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့် နယ်နိမိတ် ချက်ချင်းသတ်မှတ်သည်။
(၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိသည့် အခွင့်အာဏာများ၊ ကချင်အမျိုးသားလက်သို့ ပေးအပ်ရန်နှင့် မြန်မာပြည်ကြားဖြတ်အစိုးရအဖွဲ့တွင် ကချင်အမျိုးသား ၀န်ကြီးတစ်ဦး ခန့်အပ်ရန်။
(က) ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းရွက်ရန်။
(ခ) ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စများ ပါဝင်နိုင်ရန်။
(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတစ်ဦး ခန့်ထားပေးရန်။

(၆) ကချင်သီးခြားပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နှင့်အတူ မြန်မာနိုင်ငံလုံး စောလျင်စွာ လွတ်လပ်ရေးရရှိရန်အတွက် တိုင်းပြုပြည်ပြု လွှတ်တော်၌ ချက်ချင်းပါဝင်ကြရန်။
(ရ) အထက်၌ ဖော်ပြသည့်အတိုင်း မြန်မာအမျိုးသားအားလုံး လွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်သည့် ကချင်ပြည်နယ်အပါအ၀င် လွတ်လပ်သည့် မြန်မာပြည်ထောင်စု အစိုးရ ဖွဲ့စည်းရန်။
(၈) အထက်ပါ တညီတညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်၊ စသည် တို့ဖြစ်သည်။

ယင်းနောက် ၁၉၄၇ ဖေဖော်ဝါရီလ ၇ရက်တွင် ကချင်နှင့်ချင်း ကိုယ်စားလှယ်များ ပင်လုံမြို့သို့ ရောက်ရှိလာပြီး ဆွေးနွေးပွဲကို စတင်ခဲ့ကြ သည်။ ဖေဖော်ဝါရီလ ၉ ရက်တွင် တောင်တန်းဒေသများ ညီညွတ်ရေးအဖွဲ့ (Supreme Council of United People [SOCUNP]) ကို ဖွဲ့စည်းခဲ့ကြသည်။

ပင်လုံညီလာခံသို့ ကရင်နီပြည်နယ်မှ ဦးစောသိန်း (စ၀်သိန်း) နှင့် ဦးစောဝဏ္ဏ (စ၀်ဝဏ္ဏ) တို့သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားအဖွဲ့ချုပ် (Karean National Union [KNU]) မှ ဦးလှဖေ (ပအို့ဝ်)၊ စောစံအေး၊ စောဝရီသော်နှင့် စောချစ်တီးတို့ လေ့လာ သူအဖြစ် နောက်ကျမှ ရောက်လာသည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ နေ့များတွင် အပြီးသတ် ဆွေးနွေးပွဲကို မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ၀န်ကြီးအချို့၊ စော်ဘွားအားလုံးအပြင် ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ် များက ပင်လုံညီလာခံအပြီးသတ် အစည်းအဝေး၌-

“ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းဖြင့် ရှမ်း၊ ကချင်၊ ချင်း တို့ အားလုံး လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးသို့ တက်ရောက်လာသူ အဖွဲ့တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း သဘောတူကြသည်” ဟူ၍ ဖော်ပြပြီး လွတ်လပ်ရေးအတွက် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ပင်လုံမြို့၌ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုလိုက်ကြသည်။

ဤသို့ဖြင့် ၁၉၄၈ ဇန်န၀ါရီလ ၄ ရက် နံနက် ၄း၂၀ နာရီတွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပေါ် ထွန်းလာခဲ့ရာ၊ နှစ်စဉ် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီလ ၁၂ရက်နေ့ကိုလည်း `ပြည်ထောင်စုနေ့´အဖြစ်သတ်မှတ်ပြီး ကျင်းပ လာခဲ့သည်မှာ ယခုအခါ ၆၅ နှစ် တိုင်ခဲ့ပြီဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။

Kyaw Thu - FFSS Yangon Activity,

အနာဂတ်ခေါင်းဆောင်များအတွက် ရက်ပေါင်း (၄၀)
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၃၁၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အများပြည်သူအတွက် လာရောက်ကုသိုလ်ဖြစ် လုပ်အားဒါနများပေးကြသော အသင်းသူ/သားများ နှင့် ဝန်ထမ်းများထဲမှ မိမိတို့စားဝတ်နေရေး၊ မိသားစုအရေးများကို ရုန်းကန်လှုပ်ရှားကြရသည့်အချိန်များထဲမှ မိမိတို့၏ပညာရေးအား ဂုဏ် ထူးဘွဲ့ထူးများရရှိအောင် ကြိုးစားကြသော အနာဂတ်ခေါင်းဆောင်ကောင်းများပေါ်ထွက်လာသလို စားဝတ်နေရေးအတွက် တစ်ဖက် တ လမ်းမှ မိဘကိုကူညီလုပ်ကိုင်ရင်း ကျောင်းတက်ကာပညာရေးအတွက် ရုန်းကန်နေရသော မျိုးဆက်သစ်များသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဝင်ရောက်ဖြေဆိုရန်အတွက် ရက်ပေါင်း (၄၀) ခန့်သာလိုတော့သည်။

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ မုဒိတာလမ်းရှိ “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦးတို့မှာလည်း မိဘကိုကူညီရင်း ကျောင်းတက်ကာ စာကျက်နေရသောကြောင့် ပင်ပန်းနွမ်းနယ်နေကြကြောင်း “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းမှ ဆရာ/မများတို့မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် စာမေးပွဲဖြေဆိုရန် ရက်ပေါင်း (၄၀) သာကျန်တော့သည့် ကျောင်းသား/သူများ၏ ပင်ပန်းနွမ်းနယ်မှုများကို ပပျောက်စေကာ ဦးနှောက်ရွှင်လန်း၊ ဉာဏ်ပညာ ထက်မြတ်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစန်းအေး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်ခင်သီတာအောင်တို့မှ ၃၀.၁.၂၀၁၂ ရက်နေ့တွင် Ovaltine 400gm (၃၅)လုံး၊ Milo 285gm (၃၅) ဘူး၊ Enervon-C 30 tabs (၃၅) ဘူး၊ Mixagrip 4 tabs Card (၁၄၀) ကဒ်တို့ကို သွားရောက်လှူဒါန်းမှု ပြုခဲ့ကာ ကျောင်းသား/သူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းမှပေါ်ထွက်လာမည်ဟု ယုံကြည်မိပါတော့သည်။






gathering of former political prisoners in Rangoon

နိုင်ငံရေး အကျဉ်းသားဟောင်းတို့ရဲ့ ရန်ကုန်မြို့တွေ့ဆုံပွဲ
Yangon Press International ဓာတ်ပုံ သတင်း
ဇန်န၀ါရီ ၃၁၊ ၂၀၁၂
ယနေ့ ညနေ ရန်ကုန်မြို့ စိမ်းလမ်းစိုပြေ ဥယျာဉ်၌ ကျင်းပသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲသို့ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ကြသည်။

(ဓာတ်ပုံများ - Yangon Press International)

Maung Yit - How we change the Weather? Install another one ?


 
အယ်ဒီတာ့လက်ရေး (၇)
Weather မကောင်းတိုင်း ဖြုတ်လဲရမှာတဲ့လား
မောင်ရစ်။  ဇန်န၀ါရီ ၃၁၊ ၂၀၁၂
ဒီလထဲမှာ အယ်ဒီတာ့လက်ရေး လဆန်းမှာ တပုဒ်ပဲ ရေးဖြစ်တယ်။ လမကုန်ခင် တပုဒ်တော့ ရေးဦးမှပဲဆိုပြီး ရေးပါတယ်။ ဇန်န၀ါရီ ၁၃ မှာ မြန်မာပြည်သူတရပ်လုံး တခဲနက်မျှော်လင့်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ သံဃာတော်တွေ၊ ၂၀၀၇ မျိုးဆက်တွေ၊ ကျောင်းသား၊ လူငယ်၊ ပါတီဝင်တွေ လွတ်မြောက်လာကြတယ်။ ပြည်သူလူထုကြီးတရပ်လုံးနဲ့ မိသားစုတွေ အားလုံးရဲ့ ကြိုဆိုမှုနဲ့ ၀မ်းမြောက်ပျော်ရွှင်မှုဟာ တကမ္ဘာလုံး လှုပ်သွားတယ် ဆိုရပါမယ်။
အာဏာရ ကြံ့ဖွံ့အစိုးရဟာ ၂၀၁၁ မှာ အာရပ်နွေဦးကို သင်ခန်းစာ ယူလိုက်သလား၊ မြောက်ကိုရီးယားက ခေါင်းဆောင်ကြီးကိုပဲ သင်ခန်းစာ ယူလိုက်သလား။ ပထ၀ီနိုင်ငံရေး၊ စွမ်းအင်လောင်စာ နိုင်ငံရေးတွေနဲ့ ၂၁ ရာစုသစ် နိုင်ငံရေးကစားပွဲမှာ ဒီတခါ ငါတို့ အလှည့်ပဲလို့  ပိုင်ပိုင်ကြီး ဆုံးဖြတ်လိုက်ပြီလား။ လား … လား … လား … ။ မြန်မာပြည်ပြင်ပမှာကတော့ သတင်းဖတ်သူတွေကတော့ “They are smart !!!” လို့ ပြောလာကြလို့ သွားဖြီးလေးနဲ့ တုန့်ပြန်နေရတယ်။
အာဏာရအစိုးရတွေ smart ဖြစ်တာကို ကြိုဆိုပါတယ်။ သူတို့က smart မဖြစ်ရင် အရာရာကို အကြမ်းဖက်ပြီး အာဏာစက်တွေသုံးပြီး တဖက်သတ်ဖြေရှင်းတာကို နှစ်ပေါင်းများစွာ ခံစားရသူဟာ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း smart and brave ဖြစ်စွာနဲ့ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ဖို့ ဆုံးဖြတ်ပြင်ဆင်နေပြီ ဖြစ်လို့ သူတို့ကိုလည်း နိုင်ငံတကာက သတင်းဖတ်သူတွေက “They are smart, too” လို့ ပြောတာကို ကျနော်တို့လည်း ပြုံးပြုံးကြီး လုပ်ပြနေရတယ်။
ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက စစ်အစိုးရရဲ့ ဗို်လ်ချုပ်ကြီးတဦးက ပညာရှင်တွေကို လမ်းညွှန်ချက်များ ပေးတဲ့အခါ weather မကောင်းရင် ဖြုတ်လဲလိုက်လို့ ပြောခဲ့တယ်ဆိုတဲ့ ဂန္ထ၀င်ပြက်လုံး ရှိပါတယ်။ အခုအချိန်မှာ လက်ရှိအာဏာရှင်တွေဟာ weather မကောင်းတာကို ဖြုတ်မလဲတော့ဘဲ weather မျိုးစုံကို ရင်ဆိုင် ကျော်လွှားနိုင်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်နေပြီလို့ ပြောရမလိုပါပဲ။
အဲသည်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ကိုယ်တိုင်ကလည်း မကောင်းတဲ့ ရာသီဥတုကို ဖြုတ်လဲပစ်မလား၊ ဘယ်လိုမျိုး ကိုယ်တိုင်က အပြောင်းအလဲတွေ လုပ်ပြီး ရာသီဥတုကို ရင်ဆိုင်မည်လဲ ဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာဖြစ်လာတယ်။
ဘာကြောင့် ဒါကို ပြောဖြစ်သလဲဆိုတော့ တလောက အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)က ကျောင်းသားများလုပ်ကြံသတ်ဖြတ်ခံရမှုကြီး သတင်းတွေ၊ ခံစားချက်တွေ သတင်းစာမျက်နှာများမှာ တက်ရောက်လာတဲ့အခါ စာဖတ်သူတွေထဲက တချို့က မတရားမှုကို ဖော်ထုတ်ရမယ်၊ အပြစ်ကျူးလွန်သူတွေကို အရေးယူကြရမယ်လို့ တဖက်က ပြောကြသလို၊ တဖက်ကကလည်း ကျောင်းသားတပ်မတော်ကြီးတခုလုံးရဲ့ အခမ်းကဏ္ဍကို တခါတည်း ဖျက်သိမ်းလိုက်ဖို့ နံမယ်ပျက်စာရင်း သွင်းလိုက်ဖို့ အဆိုတွေ တင်သွင်း ဖြန့်ချိလာကြတာကို တွေ့ရပါတယ်။
သည်နေရာမှာ weather ကို ဖြုတ်လဲလိုက်ရမှာလား ဆိုတဲ့သဘောမျိုးနဲ့ ဆင်ခြေပေးချင်မိတာကတော့ …
မြန်မာ့လွတ်လပ်ရေးမှာ အခမ်းကဏ္ဍတနေရာက ပါဝင်ခဲ့တဲ့ တပ်မတော်ကြီးကို လက်ရှိမှာ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ ကြီးစိုးနေလို့ တပ်မတော်ကြီးတခုလုံး ဖြုတ်လဲပစ်လိုက်ဖို့ မလွယ်ဘူးလို့တော့ ထင်မိပါတယ်။
အင်န်အယ်ဒီပါတီဟာ ၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့တယ်။ ပြည်သူတွေ မဲနဲ့ ရွေးချယ်ခဲ့တဲ့ အမတ်ပေါင်း ၃၉၀ ကျော် ရခဲ့တယ်။ အဲသည် ရွေးကောက်ပွဲနဲ့ အဲသည်အမတ်တွေနဲ့ ပြည်သူတွေအတွက် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းသည်အထိတော့ ဖြစ်မလာခဲ့ဘူး။ အဲသည်အချိန်ကာလတလျောက်မှာ အင်န်အယ်ဒီပါတီခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုတွေကို အမျိုးမျိုး အဖုံဖုံ ပြောဆို သုံးသပ်ခဲ့ကြသော်လည်း အင်န်အယ်ဒီပါတီကြီး တခုလုံး ဖျက်သိမ်းလိုက်စရာ အခြေအနေအထိတော့ မရောက်ခဲ့တာ သေချာပါတယ်။ ဒါကြောင့်လဲ အခုသမိုင်းအလှည့်အပြောင်းမှာ အင်န်အယ်ဒီပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုက်ရိုက်ခေါင်းဆောင်မှုနဲ့ ဗဟိုအလုပ်အဖွဲ့အသစ် အဆင့်ဆင့်တွေနဲ့ ပြန်လည် လှုပ်ရှားနေတယ် မဟုတ်ပါလား။
တွေးမိတဲ့ အတွေးကတော့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေရဲ့ အခမ်းကဏ္ဍတွေ၊ ပဋိပက္ခတွေ ရှိမယ်၊ မေးခွန်းထုတ်စရာ မူဝါဒတွေ၊ လမ်းစဉ်တွေ ရှိမယ်။ သို့သော်လည်း သမိုင်းမှာ Institution လို့ ခေါ်တဲ့ အဖွဲ့အစည်းတွေ၊ အုတ်မြစ်တွေဟာ အမြစ်ကနေ ဖြုတ်ထုတ် ဖျက်ဆီး ဖျက်သိမ်းလိုက်စရာ မလိုဘူး ထင်တာပဲ။ အဲသည် အဖွဲ့အစည်း၊ အုတ်မြစ်၊ ရပ်တည်ချက်တွေကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆက်လက်တည်ဆောက် ဖော်ဆောင်သွားရမယ်ဆိုရင် ပြင်ဆင် ပြောင်းလဲမှုတွေနဲ့ ဆက်လက် ထိန်းသိမ်း ရှင်သန်ခွင့် ရှိကြလိမ့်မယ် ယူဆပါတယ်။
ဥပမာ ဗကသဆိုတဲ့ ကျောင်းသားသမဂ္ဂ ဆိုတာဟာ ခေတ်အဆက်ဆက်မှာ လိုအပ်တဲ့ Institution ဖြစ်တယ်။ ဒါကို သမိုင်းမှာ အမြစ်ကမကျန်အောင် ဖျက်ဆီး ချေမွ ပိတ်ပင်ထားဖို့ မလိုအပ်ဘူး။ ဒါကို ခေတ်အဆက်ဆက်မှာ တော်လှန်တဲ့အမြင်ရှိသူတွေက အသက်စွန့်ပြီး ထိန်းသိမ်း ထူထောင်ခဲ့ကြလို့ လက်ရှိအခြေအနေမှာ ၂၀၀၇ မျိုးဆက် ဗကသတွေကို ကျနော်တို့ ဂုဏ်ယူစရာ လက်ဆင့်ကမ်း လက်တွဲစရာအဖြစ် တွေ့ကြရတယ် မဟုတ်ပါလား။
၈၈ မျိုးဆက်တွေ၊ ဗကသ စတဲ့ သမဂ္ဂတွေ၊ သံဃသာမဂ္ဂီတွေ၊ တော်လှန်သော အစဉ်အလာရှိသော အစည်းအရုံးတွေဟာ သမိုင်းအဆက်ဆက်မှာ တည်ရှိနေတဲ့ foundation တွေ၊ Institution တွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ဒါတွေကို ပုဆိန်ရိုးတွေ၊ ကွန်မြူနစ် (ဗကပ)တွေရဲ့ လက်ပါးစေတွေလို့ အမျိုးမျိုး နာမည်ဖျက်ပြီး ဖျက်သိမ်းဖို့ ကြိုးစားခဲ့တာ သမိုင်းနဲ့ ချီခဲ့ပြီ ဖြစ်ပါတယ်။
ဒါနဲ့ စကားစပ်မိလို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ကွန်မြူနစ်ပါတီ ဗမာပြည်) ဆိုတာကလည်း တိုင်းပြည်ကို ဖျက်ဆီးသူ၊ ဖြိုကွဲသူ၊ ပြည်သူတွေနဲ့ ရဲဘော်အချင်းချင်းကို လုပ်ကြံသတ်ဖြတ်သူတွေလို့ စစ်အစိုးရအဆက်ဆက်မှာ နံမည်ဆိုး၊ တံဆိပ်ဆိုးတွေ တတ်နေခဲ့တာပါပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲထဲမှာ အခမ်းကဏ္ဍတခုက ပါဝင်ခဲ့တာ ၀န်ခံရပါမယ်။ ဗကပတွေဟာ သူတို့ ခေါင်းဆောင်၊ နောက်လိုက်၊ မူဝါဒ၊ လမ်းစဉ် အဆက်ဆက်၊ အဆင့်ဆင့်မှာ ပြောင်းလဲမှုတွေ၊ ဖြစ်တာ ပျက်တာတွေကို ရင်ဆိုင်ပြီး ရပ်တည်ခဲ့တဲ့ political institution အနေနဲ့ လက်ခံရပါမယ်။
အမှားတွေ၊ မတရားမှုတွေ၊ လူသတ်မှုတွေ၊ လုပ်ကြံမှုတွေကို လက်ညိုးထိုးပြီး အဖွဲ့အစည်းတခုလုံးကို ဖျက်သိမ်းရမယ် ဆိုရင် အဲသည်အချိန်အခါတုန်းက ဦးဆောင်မှုပေးပြီး အမိန့်ပေး စေခိုင်းသူကို တရားသေလွှတ်ပြီးတော့ အဖွဲ့အစည်းနဲ့ နောက်လိုက်တွေအားလုံးကို တရားခံတွေ၊ ဒါးစာခံတွေလို စီရင်လိုက်သလို ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။
ABSDF ဆိုတဲ့ ကျောင်းသားတပ်မတော်ဟာ ၈၈ အရေးတော်ပုံက ပေါ်ထွန်းလာတဲ့ ဒီမိုကရေစီရေးအတွက် တော်လှန်တဲ့အဖွဲ့အစည်းတရပ် Institution  တရပ်ဖြစ်ပါတယ်။ အဲသည်မှာ မျိုးဆက်အဆင့်ဆင့် ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ မူဝါဒတွေ၊ လမ်းစဉ်တွေ အမျိုးမျိုး အပြောင်အလဲများစွာနဲ့ ရပ်တည်ရှင်သန်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်ရဲ့ တော်လှန်တဲ့သမိုင်းဟာ ခေါင်းဆောင်တချို့၊ လူတချို့ရဲ့ မတရားမှု၊ လုပ်ကြံမှုတွေကြောင့် သူတို့တွေနဲ့ တပါတည်း နိဂုံးချုပ်သင့်တယ်လို့တော့ ကောက်ချက်မချသင့်ဘူးလို့ ပြောချင်တာပါပဲ။
ကျနော်တို့ သမိုင်းအဆက်ဆက်မှာ တော်လှန်ရေးက တောင်းဆိုလို့ ပေါ်ထွန်းလာတဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့တွေနဲ့အတူ ပြည်သူလူထုဟာ အတူတကွ လက်တွဲလိုက်ပါကြတယ်။ ရပ်တည်ချက်တွေ လုပ်ရပ်တွေ မှားယွင်းချွတ်ချော်လို့ရှိရင် သမိုင်းနဲ့ ပြည်သူဟာ မျက်နှာမလိုက်ပါဘူး။ အဲသည်လို လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပြည်သူတွေကို်ယ်တိုင်၊ နောက်လိုက်တွေ ကိုယ်တိုင်က လက်တွဲဖြုတ်ကြတာပါပဲ။ အဲသည်အပြောင်းအလဲမှာ ခေတ်ရဲ့ တောင်းဆိုချက်အရပဲ အစဉ်အလာရှိတဲ့ Institution တွေရဲ့ တော်လှန်သော အလံတော်ကို ကျဆုံးခြင်းမခံပဲ မျိုးဆက်သစ်တွေ၊ ခေါင်းဆောင်သစ်တွေဟာ လက်ဆင့်ကမ်း ဆက်လက် ချီတက်သယ်ဆောင်ကြတာလဲ အမှန်တရား တခုဖြစ်ပါတယ်။
အဲသည်လိုသာ ဆိုရင်ဖြင့် ကျနော်တို့တတွေ ဟိုတုန်းက ဗိုလ်ချုပ်ကြီး stupid ပြောခဲ့သလို weather မကောင်းရင် ဖြုတ်လဲလိုက် ဆိုတဲ့ သံသရာကနေ ရုန်းထွက်နိုင်လိမ့်မယ် ထင်တယ်။

Monday, January 30, 2012


the son of Col. Ba Htoo

ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ၀၀၂
ဇန်န၀ါရီ ၃၁၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ရောက်ရှိစဉ် ဒေသခံတဦးထံမှ ရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ပါဝင်သော ဓာတ်ပုံ (ဓာတ်ပုံများ-ထားဝယ်မြို့ တော်/facebook)

Facebook တွင် အများစိတ်ဝင်စားနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွဲရိုက်ထားသည့်ဓာတ်ပုံတွင် ပါဝင်သူ မောင်မြင့်ထူးသည် စစ်အရာရှိတဦးဖြစ်လာပြီး ရန်ကုန်ရှိ စစ်ကြောရေးစခန်းတခုတွင် သေဆုံးသွားခဲ့သည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ Facebook တွင် ရေးထားသည်။

ဖမ်းဆီးစစ်ကြောခံရသည့် အကြောင်းရင်းနှင့် သေဆုံးချိန်ကို ဖော်ပြထားခြင်း မရှိပေ။

"ပုံမှာပါတဲ့ ဗိုလ်ချုပ်နံဘေးက မောင်မြင့်ထူးဟာ တပ်မတော်မှာ ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ပြီး အာဏာရှင် ဦးနေ၀င်း လက်ထက်မှာ အာဏာရှင် စနစ်ကို ဆန့်ကျင်ဖီဆန်တဲ့ အဖေတူသား ဗိုလ်မှူးဗထူးရဲ့ သား ဗိုလ်ကြီးမြင့်ထူးဟာ ရေကြည်အိုင် ဖက်ဆစ်အကျဥိးစခန်းထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်" ဟု
ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရေးထားသည်။

"အဲဒီ သမိုင်းတွေကို နောက်လာနောင်သားတွေ အတုယူသင့်ပါတယ်။ အဖေရော သားပါ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတဲ့ ထားဝယ်သားတွေ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အားလုံးကို အလေးအမြတ် ဂုဏ်ပြုလိုက်ပါတယ်" ဟု ၎င်းက ဆက်လက် ရေးသား ဖော်ပြထားသည်။

ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင်တွင် ကွယ်လွန်သည်ဟူသော အချက်အလက်နှင့် ပတ်သက်ပြီး စစ်တပ်အတွင်းရေးများကို ဖွင့်ချနေသည့် "စည်းလုံးခြင်းရဲ့အင်အား" အင်တာနက်စာမျက်နှာ http://photayokeking.blogspot.com/2009/03/blog-post_4306.html တွင်လည်း တွေ့ရသည်။
ရေကြည်အိုင်သည် ရန်ကုန်မြို့ရှိ နာမည်ကျော် စစ်ကြောရေးစခန်းတခုဖြစ်သည်။

ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း နိုင်ငံရေးသမားများ အပါအ၀င် ထိန်းသိမ်းခံရသူ အများအပြားကို စစ်ထောက်လှမ်းရေးတပ်ဖွဲ့က အထူး နှိပ်စက်ညှဉ်းပန်းရာတွင် ထိုစခန်းကို အသုံးပြုကြသည်။

ထိုစခန်းတွင် စစ်ကြောခံရစဉ် ဒုက္ခိတဖြစ်သွားသူ၊ သေဆုံးသူ အများအပြား ရှိသော်လည်း ထိုအကြောင်းအရာတို့ကို စုံစမ်းဖော်ထုတ် ဖွင့်ချမှုများ မရှိသေးပေ။
ထားဝယ်သား တစ်ဦးက ဗိုလ်မှူးဗထူး၏သား ပါဝင်သော ယင်းဓာတ်ပုံကို သိမ်းဆည်းထားခြင်း ဖြစ်ပြီး တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ရောက်ရှိစဉ် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
အသက် ၈၈ နှစ်အရွယ် ထားဝယ်သား ဦးရန်ရှင်း (၈၈)နှစ်က ဒေါ်အောင်ဆန်းစုကြည်အား
သမိုင်းဝင်ပုံ လက်ဆောင်ပေး

Sim Card

ငါးထောင်တန် SIM ကဒ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည်
by Yangon Press International
ဇန်န၀ါရီ ၃၀၊ ၂၀၁၂

ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။

“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။

ယင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက် အမှတ် STPG002 အမှတ် ငါးတွင် ရွှေပြည်တံခွန်မှ မူလကပေးခဲ့သည့်အတိုင်း လူတစ်ဦးမှတ်ပုံတင်တစ်ခုလျှင် SIM Card တစ်ခု (ကျပ် ၅၀၀၀) နှုန်းဖြင် ရောင်းချနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင်စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်သည်ဟုပါရှိသည်။


ယမန်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေး သင်တန်းကျောင်း၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီကိုပါ ဖိတ်ကြားပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတို့က ၅၀၀၀ တန်ဖုန်းကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

ထိုသို့ပြောကြားအပြီး နောက်တရက်အကြာတွင် ရွှေပြည်တံခွန်ကုမ္ပဏီက ယခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဆက်လက်ကြိုးစားသွားမည့် အကြောင်း ထုတ်ပြန် အသိပေးလိုက်ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငါးထောင်တန်ဖုန်း မဖြစ်နိုင်သေးသည့်အကြောင်းအချက်များကို ပြောဆိုရာတွင် ရေဒီယိုစခန်းများ တည်ဆောက်ရန် အချိန်ယူရခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာတပ်ဆင်ရခြင်းနှင့် မြို့တွင်းနှင့် အခြားမြို့များသို့ ဆက်သွယ်ရာတွင် ပင်မကျောရိုးဆက်သွယ်မှုအတွက် အချိန်ယူတည်ဆောက်ရခြင်းတို့ကြောင့်ဟု အကြောင်းပြ ပြောဆိုထားသည် ကိုတွေ့ရသည်။

ယင်းအချက်နှင့်ပတ်သက်၍ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးရဲထွဋ်ဝင်းက “သူတို့ရဲ့နည်းပညာအရတော့မသိပါဘူး ကျွန်တော်တို့နည်းပညာအရတော့ ခြောက်လအတွင်းလုပ်နိုင်ပါတယ်”ဟု ထပ်မံပြောကြားသည်။

ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် အမေရိကန်နည်းပညာဖြစ်သည့် 3GPP Rel 7 နည်းပညာအား အသုံးပြုသွားမည် ဖြစ်၍ ရွှေပြည်တံခွန်ကုမ္မဏီအနေနှင့် ပြည်ပဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။

ရွှေပြည်တံခွန်ကုမ္မဏီမှ ၀ါယာလက်နက်ဝေါ့ခ် နည်းပညာရှင် မစ္စတာ ဟီလို ရွိုင်း က “ကျွန်တော်တို့ အနေနဲ့ တာဝါတိုင် အကြီးကြီးတွေ တည်ဆောက်ဖို့မလိုအပ်ပါဘူး”ဟုဆိုသည်။

ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် လိုအပ်သည့်တာဝါတိုင်အကြီးများအစား ပိုမိုပေါ့ပါးသည့် တာဝါတိုင်အသေးများကို သုံးစွဲသွားမည်ဟု ယနေ့ရှင်းလင်းပွဲတွင်ပြောဆိုသည်။

ရွှေပြည်တံခွန်ကုမ္မဏီအနေဖြင့် Second Mobile Network Operator အဖြစ်ဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြထားပြီး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်ပါတ်သက်၍ ဦးရဲထွဋ်ဝင်းက “ဒါကတော့ MPT က ပြည်သူတွေကို ငါးထောင်နဲ့ ဖုန်းကိုင်စေချင်တဲ့စေတနာ အပေါ်မူတည်ပါတယ်”ဟုပြောသည်။ ။

(Yangon Press International မှကူးယူဖေါ်ပြသည်။ )


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
--
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com

To post to this group, send email to moemaka@googlegroups.com
To unsubscribe from this group, send email to
moemaka+unsubscribe@googlegroups.com
For more options, visit this group at
http://groups.google.com/group/moemaka?hl=en