ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသည့်
ပြည်ပရောက်မြန်မာ အဖွဲ့ များဆွေးနွေးကြခြင်း
အပိုင်း( ၁ )
အပိုင်း( ၂ )
Friday, December 31, 2010
Thursday, December 30, 2010
မဆီမဆိုင်လား ဆီဆိုင်လား
၂၀၁၀ ဒီဇင်လာလ ၃၀ ရက် ကြာဿာပတေးနေ့ ဆိုတော့
အင်္ဂလိပ်နှစ်ကုန်ဖို့ တရက်ဘဲလိုတော့တယ် ။
၃၁ ရက်နေ့ ကြရင် တညလုံး မအိပ်ဘဲ
စားသောက်ပြီး ပျော်ရွင်စွာ နှစ်သစ်ကူးဖို့  လူတိုင်းပြင်ဆင်ကြပြီပေါ့ ။
ရာသီဥတုကလည်းဒီနှစ်မှာ အပြင်းအထန် နှိပ်ကွတ်နေတဲ့ အချိန်ပါ ။
ကျွန်တော်တို့ သားအဖနှစ်ယောက် နှစ်စဉ်နှစ်တိုင်း ည၁၂နာရီမှာ
မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေ သေလုမျောပါး ကြောက်တဲ့
့မီးရှုးမီးပန်းဖေါက်ဖို့ သွားဝယ်ကြတယ်။
ဈေးဆိုင်ထဲမှာ ငွေချေအပြီး လက်ကိုင်ဖုန်းထဲက အသံမြည်လာတယ် ။
အိမ်ကို အမြန်ပြန်လာပါ ။
အိမ်ရှေ့ ခန်းမှာ ရေတွေပြည့်နေပြီ။
ရေအေးနေတော့ လက်တွေလဲ ကိုက်နေပြီ ။
အကူအညီ အရေးပေါ် လိုအပ်နေပြီ ။
အသက် ၈၁ နှစ် အရွယ် ယောက္ခမကြီးဆက်လာတာပါ ။
အူရားဖါးရား ပြောနေတာဆိုတော့
ပတ်ဝန်းကျင်က မေးလာတော့ သားကရှင်းပြလိုက်ပါတယ် ။
အော် မြန်မာအိမ်က ပြဿနာပါလား
အကူအညီ လိုရင်ပြောပါ ။
တတ်နိုင်တာဆို ပေးရန် အဆင်သင့်ပါဘဲလို့ 
ဆိုင်ရှင်နဲ့  အိမ်နီးနားခြင်းတွေက ပြောကြတယ် ။
အိမ်တခါးဖွင့်လိုက်တယ် ဆိုရင် အဖွားက ပင်ပန်းတကြီး
ရေတွေကို အဝတ်နဲ့  စုတ်ပြီး ပလပ်စတစ် ဇလုံထဲကို ညှစ်ထဲ့နေတယ် ။
ငါ ရှင်းလို့ မနိုင်တော့ဖူး ရေက မကုန်နိုင်တော့ ဖုန်းဆက်လိုက်တာ ။
ကျွန်တော်စဉ်းစားလိုက်ပါတယ် ။
ဘာဖြစ်တာလဲ ။
ပြဿနာအဖြေက ဘာလဲ ။
ဘာကိုစပြီး ဖြေရှင်းဖို့ ကြိုးစားရမှာလဲ
ဘာစလုပ်သင့်လဲ ။
ဘာလုပ်ရမလဲ ။
ရေတွေ ဘယ်က လာတာလဲလို့ ကြည့်လိုက်တော့
အလှမွေးထားတဲ့  ငါးကန်ကလာတာပါ ။
ငါးကန်ကမှန် ဖိအားများပြီး ကွဲသွားတာပါ ။
စတိုခန်းထဲက ရေစုတ်မော်တာ အသေးလေးယူပြီး
သားကို ရေတွေကို စုတ်ခိုင်းလိုက်ပါသည် ။
ကျွန်တော်က ဒုက္ခရောက်နေသော ရွှေငါးတွေကို
ဘေးလွတ်ရာသို့ ယာယီရွေ့ ပြောင်းလိုက်ပါသည် ။
ကျွန်တော်က ငါးတွေနေဖို့  အသစ်ဝယ်ပေးရမယ် ။
လောလောဆယ် ပြင်းထန်နေတဲ့ အခြေအနေမှာ
ရသမျှလေးနဲ့  စုစည်းဖါထေးပြီး
အကောင်းဆုံးကို ဖန်တီးပေးရမယ်လို့ 
ပြောလိုက်မိပါတယ် ။
အဖွားက ဖန်နဲ့ လုပ်တဲ့ ငါးကန်ကို ကြောက်သွားပြီ ဖြစ်လို့ 
နောက်တခါ ဝယ်ရင် ဖန်နဲ့ လုပ်တဲ့ ငါးကန်မဝယ်ဘို့ 
အကြောက်အကန်ငြင်းပါတော့တယ် ။
လောလောဆယ်ဖြေရှင်းရမဲ့ 
အိမ်ခန်းအတွင်းက ရေများ ပပျောက်ရေး
ငါးမှန်အိမ် ပြန်လည် ဖါထေး ပြုပြင်ရေး
အလှမွေး ငါးများ နေရာပြန်ချရေးများကို
ပူးပေါင်းဆောင်ရွတ်ရန် မစဉ်းစားတော့ပါ ။
ကျွန်တော့ ခေါင်းထဲ အတွေးတခုဝင်လာပါတယ် ။
နည်းလမ်းစနစ်တကျ မသုံးတပ်
မဖြေရှင်းတပ်ရင် အားလုံးဟာ
လူသားတွေအတွက် အန္တရယ်တွေ အားလုံးပါဘဲ ။
မြန်မာပြည်က ပြဿနာ အစစ်ဟာ
ဘယ်ကစတာလဲ ။
ပြည်ထောင်တွေ စုပြီးနေဖို့ ကြိုးစားရာက
စားပွဲပေါ်က ပြဿနာတွေကို
တိုင်းပြည်ကွဲမဲ့  ဖယ်ဒရယ်မူု လို့ အမည်တပ် မြစ်ဖျားခံပြီး
စစ်တပ်ကတိုင်းပြည်အာဏာသိမ်းပြီး
အာဏာရှင်စနစ်ကို ပြည်သူပိုင်စနစ် နိုင်ငံတော်ပိုင်စနစ်နဲ့ 
နားလှည့် ပါးရိုက် တယ်လို့ လုပ်နေတယ်လို့ 
အများက လက်ခံထားကြတယ် ။
လူတစုက ပူးပေါင်းရန် မစဉ်းစားတော့ဘဲ
ဘာနိုင်ငံရေး လမ်းညွန်မှ မပါသေးလို့ 
စောင့်ကြည့်မည့် အတွေးအခေါ် အသံတွေ ကြားလိုက်ရပါသည် ။
အော် ၈၁ နှစ်အရွယ် အဖွားလို လူတွေ အများကြီး
မြန်မာပြည်ထဲမှာ ရှိနေပါသေးလား။
စစ်အာဏာရှင်ကြီး နှစ်ပေါင်း ၅၀ လုပ်ချင်ရာ လုပ်နေတာ
မအံ့သြ တော့ပါခင်ဗျား
ဌေးတင့်
စစ်မှန်သော ငြိမ်းချမ်းရေး ခေါ်သံ
ဒုတိယအကြိမ်ပင်လုံညီလာခံဖေါ်ဆောင်ရေးကိုသံသယမရှိစေချင်ပါ
ဒုတိယပင်လုံညီလာခံခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ
ယနေ့မြန်မာပြည်သူပြည်သားများ၏ ဘ၀လုံခြုံရေး ၊
အေးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက်အထူးလိုအပ်ချက်များဖြစ်သော
၁ ။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ၊
၂ ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး ၊
၃။ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊
တို့အတွက်ပထမခြေလှမ်းတရပ်ဟုဆိုရပေမည် ။
ထိုကဲ့သို့ရည်ရွယ်ချက်ကောင်းကောင်းနှင့်လှမ်းလာသော
ခြေလှမ်းကိုသံသယ မျက်စိဖြင့် တိုင်းရင်းသားခေါင်းဆောင်တချို့မှပြောဆိုဝေဖန်ခြင်းသည
်ဆန္ဒလွန်နေသည်ဟုမြင်ပါသည် ဒေါ်အောင်ဆန်းစုကြည်သည်
မက်သရောထကြေငြာစာတမ်းကိုလူသိရှင် ကြား ထုတ် ဖေါ် ကြေငြာခဲ့ပြီးဖြစ်သည်
သူမ၏ထောက်ခံထားချက်ကိုဗီဒီယို မှတ်တမ်းနှင့်ပင်ထုတ်ပြန်ထား ခဲ့ပါသည် ။
အပြန်အလှန်အားဖြင့် ထိုတိုင်းရင်း သားခေါင်းဆောင်များကလည်း
ဒုတိယ ပင်လုံညီလာခံဖြစ်ပေါ်လာရေး ကိုထောက်ခံအားပေးသင့်သည် ။ အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်သည့်သဘောသက်ရောက်သော
အပြန်အလှန်နားလည်မှုကိုယူသင့်သည် ညီလာခံပင်မစသေးသံသယရှိသည်ဟူ
သောအသုံးအနှုံးသည်မပြုအပ် ဟုမြင်ပါသည် ။
ယနေ့ငြိမ်းအဖွဲ့များနှင့် နအဖကြားတင်းမာမှုများ ၊ဒီကေဘီအေ နဲ့ ငြိမ်းချမ်းမှုပျက် ၍
တိုက်ပွဲများဖြစ်ပေါ်လာမှုများ ၊ ၀ တပ်များကလက်နက်မစွန့်လွှတ်သည့်အပြင်
သူတို့နယ်မြေထဲတွင်မည်သည့် လက်နက်ကိုင်တပ်ကိုမျှဝင်ခွင့်မပြုဆိုသည့်အချက်များသည်
မြန်မာပြည်တွင်ပြည်တွင်းစစ်မီး
အချိန် မရွေးတောက်လောင်နိုင်သည့်ဖေါ်ပြနေသည့်လက္ခဏာ များဖြစ်သည်၊
ထိုကဲ့သို့တင်းမာနေမှုကို နအဖစစ်အုပ်စုအနေဖြင်
့ပြည်တွင်းစစ်ဖြင့်ဖြေရှင်းသည့်နည်းလမ်းကိုအသုံးပြုလာပါက
တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်များ၊ တပ်မတော်သားများ ၊
ကိုယ့်ညီအကိုသွေးရင်းသားရင်းများ အချင်းချင်း သတ်ဖြတ်ကြ၍
အများအပြားသေကြေပျက်စီးကြမည့်ကိန်းဆိုက်ရောက်မည်ဖြစ်သလို
အပြစ်မဲ့ပြည်သူများသည်လဲ ပြည်တွင်းစစ်မီး လျှံကြားတွင်မြေဇာပင်ဖြစ်ကြပေလိမ့်မည် ။
ပြည်တွင်းစစ်ဖြစ်ပေါ်နေသောမည်သည့်နိုင်ငံမှတိုင်းပြည်၏တိုးတက်ဖွံ့ဖြိုးရေး၊ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊တို့ထက်မိမိအုပ်စုမှစစ်အောင်နိုင်ရေးကိုသာစောင်းပေး
ပြုလုပ်ကြသဖြင့် ပြည်သူတို့ဘ၀ကျီးလန့်စာစားဘ၀ဖြင့်မိမိတို့ဘ၀တိုးတက်ရေးထက်အသက် ရှင်ရပ်တည်ရေးကိုသာဦးစားပေးနေထိုင်ခဲ့ကြရသဖြင့်၎င်းတို့နေထိုင်သောတိုင်းပြည်သည်
ပြည်တွင်းစစ်မရှိသောတိုင်းပြည်များထက် စီးပွားရေး ၊နိုင်ငံရေး ၊လူမှုရေး ၊ပညာရေး ၊
စသည်တို့သည်အခြားနိုင်ငံများထက်နိမ့်ကျ၍ အောက်တန်းနောက်တန်းကျဘ၀သို့ ရောက် ခဲ့ကြရသည်ထိုအချက်ကိုမြင်သဖြင့်တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င်မျိုးချစ်စိတ်ရှိ သော ခေါင်းဆောင်များမှဒေါ်အောင်ဆန်းစုကြည်အား ဒုတိယပင်လုံညီလာခံခေါ်ယူရန်
တာဝန်ပေးအပ်ခြင်းကိုဒေါ်အောင်ဆန်းစုကြည်ကတာဝန်ယူလက်ခံဆောင်ရွက်နေခြင်းဖြစ်သည်ဒုတိယပင်လုံညီလာခံဖြစ်မြောက်အောင်မြင်ရေးသည်
မြန်မာပြည်ငြိမ်းချမ်းသာယာရေးအတွက်သမိုင်းလိုအပ်ချက တရပ်ဖြစ်သည် ၊
ပြည်တွင်းစစ်ရပ်စဲရေးအတွက်ဦးတည်၍ လုပ်ဆောင်မှုကိုမျိုးချစ်စိတ်ရှိသော
တပ်မတော်သားများကလည်း ထောက်ခံလာနိုင်ဘွယ် ရှိသည်
တိုင်းရင်းသားများကဗိုလ်ချုပ်အောင်ဆန်းကိုယုံကြည်ခဲ့သလ
ိုဒေါ်အောင်ဆန်းစုကြည် ကိုလည်း
သူမ၏ သတ္တိ ၊ဗျတ္တိငြိမ်းချမ်းရေးကိုမြတ်နိုးးသည့်
စိတ်ဓါတ်တို့ကိုကြည့်၍ ယုံကြည် ကြဖို့ လိုသည် ၊
သံသယဖျောက်၍အတူယှဉ်တွဲအလုပ်လုပ်ခြင်းဖြင့်ညီညွတ်မှုကို တည်ဆောက်ခြင်းက ပိုမို၍လက်တွေ့ကျသည့်အပြင်စစ်မှန်သောဖယ်ဒရယ်နိုင်ငံတော်သစ်ပေါ်ပေါက်လာ ရေးအတွက်
လက်တွဲလုပ်ဆောင်သောနိဒါန်းအစကို
အတူတကွစည်းလုံးညီညွတ်စွာဖြင့် လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည် ။
”အတူတကွလက်တွေ့ပူးပေါင်းလုပ်ဆောင် ခြင်း ဖြင့်သံသယများကိုချေဖျက်ကြပါစို့”
ထွန်းအောင်ကျော်
ပထမဆုံး ဥက္ကဋ္ဌ
ကျောင်းသားတပ်မတော် (ABSDF )
In this photo: Khaing Saw Tun, Than Win, Win Moe, Min Min Soe, Yin Dee, Zar Ni (photos), U Kyaw Hlaing, Htun Aung Gyaw (photos), Ko Ko Oo, Ko Kyaw Lin, Kyaw Htin
သန်းဝင်း
ပထမဆုံးအထွေထွေအတွင်းရေးမှူး
ကျောင်းသားတပ်မတော် (ABSDF)
ပထမဆုံးတွဲဘက်အထွေထွေအတွင်းရေးမှူး
ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် ( DAB )
၁၂ - ၂၈ - ၂၀၁၀
ကျောင်းသားတပ်မတော် ရဲ့ အစောဆုံး ကာလက သမိုင်းတခု
Tuesday, December 28, 2010
ကွန်ယက် စာမျက်နှာသစ် ဖွင့်ပွဲ open new network
ယနေ့လူငယ်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ "အာဏာလိုချင်လို့ ၉၀ တုန်းက အနိုင်ရလို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး ပြည်သူ က တခဲနက်မေးပေးထားတာကို မစော်ကားချင်လို့ပါ" ...
ပေးပို့ သူ စိုးမိုးသူ(ဒိုက်ဦး)
...လူ ၄၀၀ ၅၀၀(ထိုင်ခုံစာရင်းအရ လူ ၃၀၀ မတ်တပ်ရပ်တာတွေရှိသေးတယ်) လောက်လာကြတယ်
နယ်ပယ် ပေါင်းစုံက လာတာတွေ့ရတယ်
ဝန်ထမ်းပါတယ်
ရှေ့နေပါတယ်
ဥပဒေ ကျောင်းသားပါတယ်
ဘလော့ဂါ ပါတယ်
NGO က ပါတယ်
လူမှု့ရေး အဖွဲ့အစည်းတွေက ပါတယ်
ကျောင်းသားလူငယ်တွေပါတယ်
၉ နာရီ ခွဲခန့်မှ ပွဲ စတယ် ၁၂ နာရီမှာ ထမင်းစားနားတယ် ၁၂ ခွဲ မှာ ပြန်စတယ်
ထမင်းစားတဲ့ အချိန်မှာ အန်တီက လက်ရေတပြင်ထဲစားတာ တွေ့ရတယ်
အားလုံးထိုင်တဲ့ ကြားထဲ လာထိုင်စားတာ လေးစားဖွယ်ပါပဲ
တက်ရောက်လာသူ ၅၂ ဦး က ဆွေးနွေးပြောဆို မေးမြန်းတယ်
အကြောင်းအရာ မျိုးစုံပါတယ်
စီးပွားရေး
လူမှု့ရေး
နိုင်ငံရေး
ILO ကိစ္စ
ဥပဒေ ကိစ္စ
လူငယ်ကွန်ယက် ကိစ္စ
IT ကိစ္စ နည်းပညာ သင်တန်းကိစ္စ
အားလုံးပြောပြီးတော့
အန်တီက အနှစ်ချုပ်ပြန်ပြောတယ်
အားလုံးမေးတာကို ရှင်းပြတယ် အနှစ်ချုပ်ပေါ့
ပြီးတော့ အခမ်းအနားပြီးပါတယ်
နောက်လည်း ပွဲတွေ လုပ်ဦးမယ်ပြောတယ်
အားရတယ်လည်းပြောတယ် ခု ချိန်ကစပြီးကွန်ယက် အနေနဲ့
ဆက်သွယ်ရေး လမ်းကြောင်းဖွင့် တာက စလုပ်ပါတယ်
ဒီနေ့ ကျန်တော်ပြောတာတွေက တော့ စစချင်း ဒုတိယ ပင်လုံ ကိုအကြွင်းမဲ့ထောက်ခံပါတယ်
တက်ရောက်လာတဲ့ ရဲဘော် ရဲမေ တွေလည်း
ထောက်ခံမယ်လို့ ယုံကြည်ပါတယ် မေးတဲ့ မေးခွန်းကတော့
(၁)လူငယ်ကွန်ယက်အနေနဲ့ ဖွဲ့ဖြစ်ရင် အန်တီ့ဦးဆောင်မှု့အောက်ကနေ
တသွေမသိမ်းသွားမှာလား တခြားနယ်ပယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ
မတူတဲ့အတွက် လိုက်ပုံကိုင်ပုံတွေ လိုက်လျော ညီထွေ ဖြစ်အောင် လုပ်မှာလား
(၂) နောက်တက်လာမယ့် အစိုးရသစ် ယန္တာယား မှာ
ဒီကွန်ယက်ကို လိုက်လျောညီထွေ ဖြစ်အောင်ဘယ်လို လုပ်မလည်း
အစိုးရသစ်က နှိပ်ကွပ် လာရင် ဘယ်လို တုန့်ပြန်မလည်း
(၃)မပြေးသော်လည်း ကံရာရှိ ဒီချုပ်ကို မတရားအသင်း ကြေငြာပြီး
အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ရင် ကွန်ယက်အနေနဲ့ ဘယ်လို တုံပြန်မလည်း
တန်ပြန်တုန့်ပြန်မှု့တွေ လုပ်မလား မသိသလိုနေမလား ဘာလုပ်ကြမလည်း
(၄) အန်တီ ကျန်းမာရေးကြောင့်ဖြစ်ဖြစ် အခြားအကြောင်းကြောင့်ဖြစ်ဖြစ်
အန်တီ ဦးမဆောင်နိုင်ခဲ့ရင် ဒီကွန်ယက်ကို ဘယ်လို ဆက်ထိန်းမလည်း
အန်တီ ရှိတဲ့ အချိန် နိုင်ငံရေး ဒီရေ နဲ့ အန်တီမရှိတဲ့ အချိန် နိုင်ငံရေး ဒီရေ
မတူတာ အန်တီလည်း သိပါတယ်
ဒီကွန်ယက်ကို ခဏတာ ရေပွက်လေးလို မဖြစ်စေချင်ဘူး
(၅) ၉၀ ရလဒ်ကို အန်တီ့ အနေနဲ့ရော ဒီချုပ် အနေနဲ့ ရော ဘယ်လို သဘောထားပါလည်း
၂၀၁၀ ရွေးကောက်ပွဲလည်း ဖြစ်သွားပြီဆိုတော့ ၉၀ ရလာဒ်နဲ့ ၂၀၁၀ ရလဒ်ကို
ဘယ်လို ajust လုပ် မလည်း ကျေးဇူးတင်ပါတယ်
တခြား ဟာတွေကိုတော့ ရော ဖြေသွားပေမယ့်
၉၀ ရလာဒ်ကိစ္စကိုတော့ သီးခြား နီးပါး ဖြေပေးသွားတယ်
၉၀ ကို ဆက်ကိုင်ထားပါတယ်တဲ့ ဘာကြောင့်လည်းဆိုတော့ ၉၀ ရလာဒ်ကို
ဆုပ်ကိုင်ထားတာ က အာဏာလိုချင်လို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး
၉၀ တုန်းက အနိုင်ရလို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး
ပြည်သူ က တခဲနက်မေးပေးထားတာကို မစော်ကားချင်လို့ပါ
တချို့က ပြောတယ် ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာလည်း ပါတာပဲဆို
ဟုတ်ပြီ
၉၀ တုန်းက လည်း ဒီမိုကရေစီအရ ရွေးကောက်ပွဲ လုပ်သွားတာပဲ
ဆက်လက်ကိုင်ထားမှာပဲ လို့ပြောတယ်
(၁၉၉၀ မှာ လက်ရှိ တပ်မတော်မှ ဗိုလ်ချုပ်ကြီးများပါဝင်တဲ့ အဖွဲ့ ကကြီးကြပ်ပြီး
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ် ။
၂၀၁၀ မှာလည်း တပ်မတော်မှ ဗိုလ်ချုပ်ကြီးများပါဝင်တဲ့ အဖွဲ့ ကကြီးကြပ်ပြီး
စည်းကမ်းရှိသော ဒီမိုကရေစီ လမ်းကြောင်းမှာ ရွေးကောက်ပွဲရှိသင့်တယ် ပြောတဲ့သူတွေ
လုပ်နေကြတာဘဲ)

Monday, December 27, 2010
Net work ကွန်ယက်
လူသားရယ်လို့ စပြီး ဖြစ်ပေါ်လာပြီးနောက်
သဘာဝ ဘေးအ န္တရာယ်တွေကို ကာကွယ်ဖို့ 
တဦးနဲ့ တဦး ကူညီကြရတယ် ။
ကိုယ်လက်အမူအရာတွေကစပြီး
အသံနဲ့ အသိပေးခဲ့ကြတယ် ။
နောက်တော့
တဦးနဲ့ တဦး ဆက်သွယ်ရာမှာ
လူကိုသုံး
ငှက်ကိုသုံး
မြင်းကိုသုံး
ရေနွေးငွေ့  ကျောက်မီးသွေး ရထားသုံးခဲ့ကြတယ် ။
အသိဥာဏ်တိုးတက်မှုမှ လျှပ်စစ်ဓါတ်ကို တွေ့ ခြဲ့ကတယ်။
en.wikipedia.org/wiki/Electricity
နောက်တော့ သံလိုက်လှိုင်း ကို ၁၈ရာစုမှာ
သေသေချာချာ လေ့လာနိုင်ခဲ့ကြတယ် ။
Until 1820, the only magnetism known was that of iron magnets and
of "lodestones", natural magnets of iron-rich ore. It was believed that
the inside of the Earth was magnetized in the same fashion, and
scientists were greatly puzzled when they found that the direction of the
compass needle at any place slowly shifted, decade by decade,
suggesting a slow variation of the Earth's magnetic field.
အသေးစိတ်ကို အောက်က လင့်ကနေဖတ်ပါ ။
inventors.about.com/od/estartinventions/a/Electromagnets.htm
လျှပ်စစ် စနစ်ကိုတွေ့ ရှိခဲ့တယ် ။
နောက်ဆုံး အင်တာနက် ကွန်ပြူတာဆိုတဲ့ 
လျှပ်စစ်လှိုင်း ဆက်သွယ်နိုင်တဲ့ နေရာ အားလုံး
သုံးနိုင်တဲ့ စနစ်တခု အခြေခံကို တည်ထွင်နိုင်ခဲ့တယ် ။
en.wikipedia.org/wiki/Computer_History_Museum#References
တီထွင်သူတွေက ပိုမိုကောင်းမွန်တဲ့ လူ့ ဘောင်သစ် တခုကို
လူသားအချင်းချင်း ဝိုင်းဝန်း ကူညီရေးအပေါ်
တီထွင် ကြံဆ တိုင်ပင် ပူးပေါင်းဆောင်ရွတ်နေစဉ်ကြတယ် ။
လူသားတွေ အကျိုးပြု ဆက်သွယ်ေ၇းလုပ်ငန်းတွေ လက်ခံကျင့်သုံးပုံခြင်း မတူကြပါဘူး ။
နိုင်ငံတော်ပိုင်ဆိုပြီး စစ်တပ်က လက်ဝါးကြီးအုပ် သိမ်းထားတော့
လူထုကလည်း လက်ဝယ်ရရှိရေးအတွက် အမြဲခိုးဖို့ ကြိုးစားနေတော့ အစောင့်ကို လခပေးပြီး ခန့် ထားရတယ် ။
ပြည်သူ့ ကိုယ်စားလှယ်တွေက အစိုးရဖြစ်လာတဲ့ တိုင်းပြည်တွေမှာ
နိုင်ငံတွင်းက အများသုံးပစ္စည်းကို လူတိုင်းစောင့်ရှောက်ကြတယ် ။ အစောင့်မလိုတော့ပါဘူး
၂၀၁၀ မှာနောက်ဆုံး တီထွင်လိုက်တဲ့  စနစ်ထဲမှာ နောက်ဆုံးပေါ်စနစ်နဲ့  လက်ကိုင်ဖုန်း
Black Berry Phone nl.blackberry.com/
I phone apple.com/iphone/
ကွန်ပြူတာ တလုံးကဲ့သို့  ဆက်သွယ်ေ၇း စနစ် အားလုံးကို
တယ်လီဖုန်းလိုင်း ရှိနေတဲ့ နေရာ အားလုံးမှာ ဆက်သွယ်ပြီးလုပ်နိုင်ပါတယ် ။
၂၇ ဒီဇင်ဘာလ ၂၀၁၀ မှာ ကျွန်တော်နဲ့  သားဖြစ်သူ
နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲ များကို သွားခဲ့ပါတယ် ။
သားက ၁၃ နှစ်သားဆိုတော့ ခုန်ပြီးမိုးပေါ်ကို
ပေ ၁၀၀ တက်တဲ့ ရာဘာ ကြိုးနဲ့ ကစားပါတယ် ။
တယ်လီဖုန်းက ဘောင်းဘီအိပ်ထဲက ထွက်ကျသွားပါတယ် ။
လူတွေက ပြွတ်သိပ်နေလို့  လိုက်ရှာတာ မတွေ့ တော့ပါဘူး ။
ကျွန်တော် စိတ်ညစ်သွားပါတယ် ။
လပေးစနစ်နဲ့ ငွေခြေ စာချုပ် ၂ နှစ် လုပ်ထားပါတယ် ။
တလကို ၃၀ ယူရို နှုံးနဲ့ ဆိုတော့
မြန်မာငွေနဲ့  ၁၀ သိန်းကျော် တန်ဖိုးရှိမယ်ထင်ပါတယ် ။
သားက ဖေဖေဘာမှ မပူနဲ့  ရဲစခန်းကို
သတင်းပို့ ပြီး ဖုန်းလိုင်း အရင်ပိတ်ဖို့ ပြောပါတယ် ။
ဒါနဲ့  သားအဖ ၂ယောက် ရေခဲတော ကိုစိတ်ပျက်လက်ပျက်နဲ့ လျှောက်ခါ
ရဲစခန်းကို သွားခဲ့ပါတယ် ။
တာဝန်ကျ အရာရှိက ဖုန်းနံပါတ်ကို သေသေချာချာ မေးပြီး
အင်တာနက်ကတဆင့် ကွန်ယက်တွေချိတ်ပြီး
ရှာပါတော့တယ် ။
ဂိုဂယ်မြေပုံကဲ့သို မြင်ကွင်းမျိုးကို
ရဲ ကွန်ပြူတာမှာ စတွေ့ ရပါတယ် ။
၁၅ မိနစ်ကျော် ကြာတဲ့ အခါ
မီးကလေး မှိတ်တုတ် မှိတ်တုတ် ကို စတင်ပြီးတွေ့ ပါတယ်
ရဲအရာရှိရဲ့  မျက်နှာဟာ တင်းမာနေရာက ပြုံးလာပါတယ် ။
ဆက်ပြီး ကီးဘုတ်ကို နှိပ် ပုံကြီးချဲ့ လိုက်တော့
ဖုန်းရှိနေတဲ့ နေရာနဲ့  အိမ်လိပ်စာရပြီတဲ့  ။
ရဲ အရာရှိက လိပ်စာထဲက အိမ်လိုင်းတယ်လီဖုန်းကိုခေါ်လိုက်ပါတယ် ။
ယဉ်ကျေးစွာဘဲ အိမ်ပိုင်ရှင်ကို မေးမြန်းလိုက်တဲ့ အခါ
သူတို့  မိသားစု ရုံးပိတ်ရက်မှာ ကစားပွဲကို သွားခဲ့ကြောင်း
အခုမှ အိမ်ပြန် ရာက်ကြောင်း ပြန်ပြောပါသည် ။
ကလေးက ၁၀ နှစ်သားရှိပြီး
ကလေးကို မေးမြန်းသောအခါ
တယ်လီဖုန်းတလုံးကို ကောက်ရထားကြောင်း
ပြောကြားလာပါတယ် ။
ကျွန်တော်တို့ သားအဖ ဝမ်းသာအားရ
ရဲအရာရှိထံမှ လိပ်စာယူပြီး သွားရောက်ခါ

ကျွန်တော်သားတယ်လီဖုန်းကို ပြန်ယူခဲ့ပါသည် ။
ကျွန်တော့ခေါင်းထဲမှာ ကွှန်ယက်စနစ် အတွေးခါခါလည်နေပါသည် ။
မြန်မာတွေ ကွန်ယက်စနစ်ကို ဘယ်လို အသုံးချနေပါသလဲ။
ပြည်သူ့ အစိုးရလက်အောက်က လူထုတွေက
သူတို့ ဘဝနေစဉ်ရပ်တည်မှုအတွက်
တယ်လီဖုန်း ကွန်ပြူတာ အင်တာနက်တွေကို
ဆက်သွယ်ရေး
မှတ်တမ်းဗီဒီယို
အမှတ်တရ ဓါတ်ပုံ
သတင်းအချက်အလက်များ
ရုံးလုပ်ငန်းများ
စာသင်ခန်းများတွေမှာ
လွတ်လွတ်လပ်လပ်
အုပ်စုလိုက်ဝေမျှကြနဲ့ 
ရဲတပ်ဖွဲ့ ကလည်း
လူထု စိတ်ချမ်းသာရေး
လူထု လုံခြုံရေး အတွက်
အစွမ်းကုန်ကာကွယ်ပေးနေတယ် ။
မြန်မာပြည်မှာတော့
အင်တာနက်ဆိုင်များတွင် ကင်မရာများတပ်ပြီး
မသင်္ကကာဖွယ်ရာများကို အစိုးရသို့ သတင်းပို့ ရမည်ဆိုတော့
မြန်မာပြည်တွင် သတင်းအချက်အလက်များ အားလုံး
ထောင်ကျနေတာလား
စက်မှုနိုင်ငံကြီးအတွက်
သတင်းတွေ ဘယ်လိုရှာကြမှာလဲ ။
Saturday, December 25, 2010
အရေးတော်ပုံဂျာနယ် နှင့် သခင်သန်းထွန်း
နအဖ စစ်အုပ်စု သုံးနေတဲ့ “နိုင်ငံတော်” ဆိုတဲ့ စကားလုံး နဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို
ကျနော် အတော့်ကို စောက်မြင်ကပ်နေတာကြာပါပြီ။
“နိုင်ငံတော် ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကောင်” ဖြစ်နေလို့ပါ။
သားဆွေ
AYD1-2[1]
၁၉၅၂ ခုနှစ် ပခုက္ကူခရိုင် ပုံတောင်ပုံညာ ဒေသတွင် သုံးပါတီ ညီညွတ်ရေး ပြုလုပ်ခဲ့စဉ်က တွေ့ရသည့် ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) (၀ဲ)၊ သခင်သန်းထွန်း (ဗမာပြည် ကွန်မြူနစ်ပါတီ) (အလယ်)၊ သခင်စိုး (ကွန်မြူနစ်ပါတီ-ဗမာပြည်) (ယာ)။ (ဓာတ်ပုံ - ပြည်သူ့အာဏာ ဂျာနယ်)
သမိုင်းတကွေ့မှ သခင်သန်းထွန်း သန်းဝင်းလှိုင် Saturday, 25 December 2010 13:04 ဆောင်းပါး
http://www.irrawaddy.org/bur/index.php/articles/2-articles/5343-2010-12-25-06-08-22
သခင်သန်းထွန်းသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထင်ရှားခဲ့သည့် နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခဲ့ပေသည်။
အထူးသဖြင့် လွန်ခဲ့သော ၅၃ နှစ် အတွင်း သခင်သန်းထွန်းသည် “ဗမာပြည် ကွန်မြူနစ် ပါတီ”၏ ခေါင်းဆောင်ကြီး တဦး အဖြစ် ထင်ပေါ်ကျော်ကြား ခဲ့လေသည်။ သခင်သန်းထွန်း၏ နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင် သာမက ကမ္ဘာ့ ကွန်မြူနစ် လောကတွင်လည်း ကြားသိဖူးကြသည်။

သခင် သန်းထွန်းသည် နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့သူ ဖြစ်သည်။ မြန်မာ့ တော်လှန်ရေး သမိုင်း အဆက်ဆက် တွင်လည်း သခင် သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။
တို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦးအဖြစ်သာမက ၁၃၀ဝ ပြည့် ရေနံမြေ အလုပ်သမား အရေးနှင့် ကျောင်းသား အရေးတော်ပုံ တို့တွင် ဦးဆောင်မှုအပိုင်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သကဲ့သို့ တောင်သူ လယ်သမားများ၏ အရေး ကို လည်း ရှေ့ဆောင် လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြောက်ကျား စစ်ပွဲတွင်လည်း ဇွဲကောင်းကောင်းဖြင့် ဦးစီးပါဝင်ခဲ့သူ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလှုပ်ရှားမှုနှင့် ကွန်မြူနစ် အင်အားစုကို စည်းရုံး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။
ဆရာကြီး ဒဂုန်တာရာက “ရုပ်ပုံလွှာ” စာအုပ်တွင် သခင်သန်းထွန်းအား ဤသို့မှတ်တမ်းတင် ရေးဖွဲ့ထားသည်။
“သခင်သန်းထွန်းကို လူချင်းမသိမီကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဗဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျနော့်ကို ပြောပြ၏။
ထိုအခါက ကိုဗဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြ သော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။
“သခင်သန်းထွန်းဆိုတာ တော်တော်စာဖတ်တယ်ဗျ။ မာ့က်စ် စာပေကိုလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်း တယ်”ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဗဟိန်း ကျနော့်ကို ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စတဦးပဲ ဟုသာ အောက်မေ့လိုက်၏။
တနေ့တွင် ကိုဗဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဗဟိန်းက ကျနော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။
“သြ ... သြ ...ခင်ဗျားအကြောင်းကိုလည်း ကိုဗဟိန်းက ခဏခဏ ပြောပါတယ်ဗျာ”ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။
သူသည် မန္တလေးပိုး အပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး၊ အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသား က ဝါလဲ့လဲ့။ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်းဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏၊ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာပြော၏။
အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူမဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်။ ကဗျာဆရာ မီလ်တန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္တု၊ ဗြိတိသျှပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံ မောင်ဝ ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။
နောင်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း သိရသည်။ ကျောင်းနေစဉ်က စာတော်သူတဦးဖြစ်ခဲ့၏။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်းတစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီးဖြစ်စဉ် သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ နောင် ဖဆပလ ခေတ် ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာရေးတာ မြန် သလောက် ကောင်းတာပါပဲ' ဟု ချီကျူးသည်ကို ကြားရဖူး၏။ ၁၉၃၉ က တို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်များအဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါး သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂ များက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဖိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။
ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကိုလေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ်သည်”ဟူ၍ ရေးသားထားလေသည်။
သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ။ ဘာသာပြန်စာပေများရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံ အမည်ရှိ ကွန်မြူနစ်ပါတီ ဂျာနယ် ကို လည်း လျှို့ဝှက် ထုတ်ဝေခဲ့သည်။
သို့ကလို ထူးချွန်ထက်မြက်၍ နိုင်ငံရေးသမိုင်းအစဉ်အလာ ကြီးမားခဲ့သော သခင်သန်းထွန်းကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် တောင်ငူခရိုင် ကညွတ်ကွင်းမြို့ အဘ ဦးဘိုးမောင်၊ အမိ ဒေါ်အေးကြူတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦး အနက် တတိယမြောက်ဖြစ်သည်။ သူ့အထက် အစ်ကိုတို့မှာ ဦးတင်(သာယာဝတီထောင်မှူးဟောင်း)၊ ဦးညီပုတို့ဖြစ်ပြီး သူ့အောက် ညီနှင့် ညီမတို့မှာ မစိမ်းညို၊ ကိုညီလေး၊ မစိမ်းချို (မမြဝင်း) တို့ဖြစ်ကြသည်၊
သခင်သန်းထွန်းသည် ပျဉ်းမနားမြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းမှ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)ကို အင်္ဂလိပ်စာ၊ ရာဇဝင်၊ မြန်မာတို့ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်မြို့ ဆရာဖြစ်သင် ကောလိပ်တွင် ပညာ ဆက်လက် သင်ကြားခဲ့သည်။ ဆရာအတတ်သင်ကျောင်းမှ ဆင်းပြီးနောက် ရန်ကုန်မြို့ကန်တော်ကလေးရပ်ရှိ ဘားမား မွတ်စလင် အထက်တန်းကျောင်း(ယခု အထက(၆)မင်္ဂလာတောင်ညွန့်မြို့နယ်) တွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့ လေသည်။
ကိုလိုနီခေတ်မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ သည်။ ထို့နောက် ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သခင်နု၊ ဦးထွန်းအေး၊ ဦးအုန်းခင်တို့နှင့်အတူ နဂါးနီ စာအုပ် အသင်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။
ထို့နောက် တို့ဗမာအစည်းအရုံးတွင်လည်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄၀ ပြည့်နှစ်မတ်လ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့(Ramgarh)တွင် ကျင်းပသည့် အိန္ဒိယ ကွန်ဂရက်ပါတီ ညီလာခံသို့ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်တင်မောင်၊ သခင်အုန်းမြင့်(တိုးတက်ရေး)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင် ဆင်ဂူပတား တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်သို့ရောက်ရှိလာသော မာ့က်စ်ဝါဒ စာအုပ်များကိုဖတ်ရှုကာ ကွန်မြူနစ် ဝါဒကို စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပါဝင်လှုပ်ရှားခဲ့လေသည်၊
၁၉၄၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်း သခင်သန်းထွန်းသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့လေ သည်။
၁၉၄၂-၄၄ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေး အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေး တာဝန်ခံအဖြစ် လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး ပြင်ဆင်မှုကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အစိုးရ အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖဆပလ အဖွဲ့ကြီးကို စတင်ဖွဲ့စည်းသောအခါ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဖက်ဆစ် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
၁၉၄၅ ခုနှစ် ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဌဖြစ်လာသည်၊ ယင်းနှစ်တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း ဒေါ်ဖွားစုတို့၏ သားသမီးကိုးယောက်အနက် ပဉ္စမမြောက်သမီး မခင်ကြီး(ဗိုလ်ချုပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည် ၏ အစ်မ)နှင့် ထိမ်းမြား၍ သမီး ခင်မမ၊ သား မောင်ထွန်းအောင်၊ မောင်ထွန်းဝင်းတို့ ထွန်းကားခဲ့သည်။
ဒေါ်ခင်ကြီးသည် သခင်သန်းထွန်း ထက် အသက် ၂ နှစ်ကြီးသည်။
ထို့နောက် ၁၉၄၆ ခုနှစ်တွင် သခင်သန်းထွန်းသည် ဖဆပလအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံရလေသည်၊ ၁၉၄၆ အောက်တိုဘာလ ၁၀ရက်နေ့တွင် သခင်သန်းထွန်းတို့ ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ သည် ဖဆပလ အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းခံရသည်။ ၁၉၄၈ မတ်လ၂၈ တွင်သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီသည် အစိုးရကို တော်လှန်ပုန်ကန်ကာ တောခိုခဲ့သည်၊ ယင်းနောက် မြေအောက်ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဥက္ကဌအဖြစ် နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့သည်။
၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ်၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း
ပဲခူးရိုးမ အရှေ့စောင်း ကျောက်ချောင်းကမ်းပါးရှိ တောင်ကြောလေးပေါ်တွင် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် လုံတိတ် ခေါ် ရဲဘော် မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံသောကြောင့် သခင်သန်းထွန်း သည် ကျဆုံးသွားခဲ့ရပေသည်။
သခင်သန်းထွန်အား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ နိုဝင်ဘာ၂၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံလွှင့်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် ပဲခူးရိုးမ တိုင်းဥက္ကဌ ဗိုလ်မှူးမြခေါ် ရဲဘော်မြသည် သတင်းစာဆရာများအား အောက်ပါအတိုင်းပြောပြခဲ့သည်။
“လွန်ခဲ့သည့်စက်တင်ဘာ ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ရိုးမ တောင်စွယ် တွင် ဗဟိုစခန်းချခဲ့ကြသည်။ ထိုနေ့ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဌ သခင်သန်းထွန်းသည် အခင်းကြီးစွန့်ရန်တောင် ခြေသို့ ဆင်းသွားပြီး မကြာမီတွင် သေနတ်သံတချက် ကြားရသည်။ သေနတ်သံကြားရ၍ မိမိက လှမ်းအကြည့်တွင် လုံချည်ကို လက် နှစ်ဘက်ဖြင့်မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး ဘယ်သူက ပစ်လိုက်တယ်မသိဘူးဟု တခွန်းသာပြောနိုင်သည်။ မိမိက သေနတ်သံလာရာကို လိုက်ကြည့်ပြီး ပြန်အလာတွင် သခင်သန်းထွန်း လဲနေသည်ကို တွေ့ရသည်။ ၅ မိနစ် အကြာတွင် သေဆုံးသွားသည်။ ဗကပ ဆေးမှူး ကိုလှမောင်၏ စစ်ဆေးချက်အရ သေနတ်ကျည်ဆန်သည် ဘယ်နံစောင်းမှ ဝင်ကာ ညာဘက်နို့အုံမှ ပေါက်သွားပြီး နှလုံးထက်မှ သွေးကြောမကြီး ပြတ်သွားသည်ဟု သိရသည်။ ဆေးလုံးဝ ကုသချိန်မရဘဲ ၅ မိနစ် အတွင်း သေဆုံးသွားသည်။ ထိုညမှာပင် ဗကပ ဗဟိုစခန်းကို နေရာပြောင်းရွှေ့ကာ တရက်ခရီးသွားအပြီး သခင် သန်းထွန်း၏ အလောင်းကို လျှို့ဝှက်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း” စသည်ဖြင့် ပြောကြားသွားသည်။
သခင်သန်းထွန်း အလောင်းမြှပ်နှံရာနေရာကို တပ်မတော်ကတွေ့ရှိခဲ့ပုံကို တပ်မတော်ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တင်ဦး(နောင် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦး)က ပြောကြား ရာ တွင် “သခင် သန်းထွန်းအား သေနတ်ဖြင့်ပစ်ခဲ့သူ မောင်မြကြီး ပြောကြားချက်ကို မိမိတို့စစ်ဆေးရန်အတွက် မိမိသည် တပ်မတော် ထောက်လှမ်းရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်မ ၇၇ မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သခင်သန်းထွန်း လုပ်ကြံ ခံရသည့်နေရာသို့ သွားရောက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် ဗကပ များသည် စခန်းကို ဗြုန်းစားကြီး ပြောင်းရွှေ့ခဲ့၍ ပလတ်စတစ် အမိုးစများ ဝါးတိုင် များတွင် စုတ်ပြတ်ကျန်ရစ်ခဲ့သည်ကို လည်းကောင်း၊ သခင်သန်းထွန်း အလောင်းသယ်ယူရာတွင် အသုံးပြုရန်အတွက် ခုတ်ယူသွားသည့် ဝါးငုတ်တိုတို့ကိုလည်းကောင်း၊ ထိုးဆေးပုလင်းများ၊ သွေးစသွေးနများ တွေ့ရှိခဲ့ရကြောင်း၊ ထို့အပြင် မောင်မြကြီး၏ သေနတ်ကို
စီအိုင်ဒီ(ရဲမှုခင်းတပ်ဖွဲ့)သို့ ပို့၍ စစ်ဆေးခြင်း၊ သခင်သန်းထွန်း လဲကျသည့်နေရာမှ သွေးစများကို ဒေါက်တာ မောင်မောင်တိတ် အား ဓာတ်ခွဲကြည့်စေခြင်းများပြုလုပ်ခဲ့သည်။ သခင်သန်းထွန်း အား မြှပ်နှံထားသည့်နေရာကို နိုဝင်ဘာလ၂၀ ရက် နေ့မှစ၍
နေ့စဉ်ရက်ဆက် ရှာဖွေခဲ့ရာ နိုဝင်ဘာ၂၃ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ဦးမြ(ရဲဘော်မြ)၏ လမ်းညွှန်မှုဖြင့် တွေ့ရှိခဲ့သည်။ သခင်သန်းထွန်း၏ ရုပ်အလောင်းသည် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပြီး မြှပ်နှံခဲ့သည့်အတွက် ညာဘက် လက်မောင်းပင် အသားများယောင်ယမ်းနေသည်ကို တွေ့ရသည်။ ယင်ကောင် များမအုံမီ ဓာတ်ပုံများ ရိုက်ယူပြီး
သခင်သန်းထွန်း၏အလောင်းကို တူးဖော်တွေ့ရှိသည့် နေရာမှာပင် ကောင်းမွန်စွာ သင်္ဂြိုဟ် လိုက်ကြောင်း”
စသည်ဖြင့် ပြောကြားသွားသည်၊
သခင်သန်းထွန်း ကျဆုံးသွားသောအခါ ဇနီး ဒေါ်ခင်ကြီးနှင့် သမီးတယောက် သားနှစ်ယောက် ကျန်ရစ်ခဲ့လေသည်။ သခင် သန်းထွန်း၏ဇနီး ဒေါ်ခင်ကြီး ၉၂ နှစ်သည် ၂၀ဝ၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်
တက္ကသိုလ် ရိပ်သာ လမ်း ခြံအမှတ် ၅၄ နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်၊
စာကိုး -
(က) မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃။ စာ ၁၃၇-၁၄၈
(ခ) သခင် သန်းထွန်း၏ နောက်ဆုံးနေ့များ
(ဂ) ရှေ့သို့စာစောင် အတွဲ ၁၄ အမှတ်၂ (၁၅-၁၂-၆၈)
(ဃ) Who’s who in Burma, pp193
(င) သခင် သန်းထွန်း၏သမီး ဒေါ်ခင်မမ(ခင်ခင်သန်း) ပြောပြချက် (၁၆-၃-ဝ၉)
(သန်းဝင်းလှိုင်သည် သမိုင်းဆိုင်ရာ စာပေများကို ရေးသားနေသူဖြစ်ပြီး စစ်အစိုးရ ဖိအားပေးမှုများကြောင့် မကြာသေးမီက ပြည်ပသို့ရောက်ရှိလာသူဖြစ်သည်။)

Thursday, December 23, 2010
ABSDF removed from the terrorist in USA
Hi Htun,
I was thrilled too. Can you let Thet Naing know about this?
I'll let you know when the Department of Homeland Security officially
announces this and USCIS sends out a memo about
ABSDF being officially removed.
I do hope Burma has freedom someday and
would welcome an offer to visit there.
Sue Chaffee
Hi Htun and Minn,
eI received two emails yesterday stating the ABSDF is definitely being removed
from the terrorist list and that USCIS should start addressing the cases
that have been put on hold in the next few weeks.
Therefore we won't need to send the letter to
Janet Napolitano or visit Senator Schumer's office.
Hopefully Thet Naing and Ko Ko Oo will receive word
about their cases sometime in the next two months.
Dear Sue Chaffee,
My name is Than Win I am very thankful for your kind help for ABSDF.
I was the first General Secretary of ABSDF when
Ko Htun Aung Gyaw was the Chairman.
Without you it will take time to remove ABSDF from
a terrorist organization.
We all former and current ABSDF members are very grateful
for your dedicated work for us.
We really appreciated with the bottom of my heart.
Thank to Ko Htun and Ko Minn Htwe too.
Regards
Than Win
Former General Secretary of ABSDF.
ABSDF တွင်လက်ရှိတာဝန်ထမ်းဆောင်နေကြသော ရဲဘော်များနှင့် နိုင်ငံတကာသို့ရောက်ရှိနေကြသောအေဘီရဲဘော်များခင်ဗျား
အမိမြန်မာပြည်ဒီမိုကရေစီရေး ၊လူ့အခွင့်အရေးအပြည့်အ၀ရရှိရေး ၊
တိုင်းရင်းသားများတန်းတူ အခွင့်အရေးကိုရရှိစေမည့် ဖယ်ဒရယ်ပြည်ထောင်စု
ပေါ်ပေါက်ရေးအတွက်တိုက်ပွဲဝင်နေသော ကျွန်ပ်တို့၏ မိခင် ABSDF အဖွဲ့ကြီးအား
အမေရိကန်နိုင်ငံရှိ Homeland Security Department မှ
အကြမ်းဖက်အဖွဲ့အဖြစ်စာရင်းသွင်းသတ်မှတ်ထားခဲ့ပါသည် ၊
ထို့အတွက်ကြောင့် အမေရိကန်နိုင်ငံသို့လာရောက်ရန်
UN အောင်ထားသောABSDF တပ်ဖွဲ့ဝင်များလာရောက်အခြေချခြင်းကိစ္စကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခြင်းကိုခံထားကြရပါသည် ။
ထို့အပြင် 9 /11 အမေရိကန်နိုင်ငံတွင် မူဆလင်အကြမ်းဖက်မှုကြီးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံတွင်လာရောက်အခြေချနေထိုင်ကြသော
ABSDF အဖွဲ့ဝင်များ၏ GREENCARDမရရှိသေးသူများGREENCARD လျှောက်ထားခြင်း ၊
GREENCARD ရရှိပြီးသူများ မှနိုင်ငံသားလျှောက်ထားခြင်း တို့ကိုအကြမ်းဖက်အဖွဲ့မှ
အဖွဲ့ဝင်များဖြစ်သည်ဟုသတ်မှတ်ချက်ဖြင့် ရက်အကန့်အသတ်မရှိ ရွှေဆိုင်းခြင်းခံရသည့်အတွက်များစွာနစ်နာခဲ့ကြရပါတယ် ထိုကိစ္စနဲ့ပတ်သက်၍
ABSDF တွင်ဦးဆောင်မှုနေရာတွင်တာဝန်ထမ်းဆောင်ခဲ့ကြသော
ကိုထွန်းအောင်ကျော်နဲ့ ကျနော်တို့အနေနှင့် တာဝန်ရှိသည်ဟုယူဆသဖြင့်
တတ်နိုင်သမျှအဆက်အသွယ်ရှာပြီးဒီအခက်ခဲကိုကူညီဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါသည် ။
Congressmen ၊ homeland security dept သို့
စာများရေးသား၍အေဘီဟာ အကြမ်းဖက်အဖွဲ့မဟုတ်ကြောင်း
စာရေးသားပေးပို့ခဲ့ပါသည်
ထို့အပြင်မကြာသေးခင်က အင်တာနက်တွင်
ကိုထွန်းအောင်ကျော်မှ petition လုပ်၍လက်မှတ်များကောက်ခံပြီး
Ithaca မှ Sue Chaffee အကူအညီဖြင့် ၀ါရှင်ဒီစီသို့စာနှင့် petition များကိုပေးပို့ခဲ့ခြင်အပေါ်
Homeland security dept မှ ABSDF အဖွဲ့အား အကြမ်းဖက်စာရင်းမှပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းသတင်းကောင်းကို
Sue Chaffee မှ ကျနော်တို့အားယနေ့ (12 /22 /2010 )
မှာဝမ်းမြောက်စွာလက်ခံရရှိပါတယ်။့ ဒီသတင်းကို Homeland security မှ မကြာခင်တရားဝင်ထုတ်ပြန်တော့မည်ဖြစ်ကြောင်းကိုရဲဘော်အားလုံးသို့
ခရစ်စမတ်လက်ဆောင်အဖြစ်
သတင်းကောင်းပါးအပ်ပါတယ် ။
ရဲဘော်များကြုံတွေ့အခက်အခဲများကိုကျော်ဖြတ်အောင်မြင်နိုင်ကြပါစေ ။
ဒီကိစ္စကိုအဓိကလုပ်ခဲ့ကြသော Ithaca မှ ကိုထွန်းအောင်ကျော် နှင့်
ကိုမင်းထွေးနဲ့တကွ petition တွင်ရဲဘော်ရဲဘက်စိတ်ဖြင့်
လက်မှတ်ထိုးပေးခဲ့ကြသောရဲဘော်များအားလုံး၏
မွန်မြတ်သောစိတ်ဓါတ်ကိုကျနော်အနေဖြင့်
ဂုဏ်ယူ ၊ချီးကျူး ၊ မှတ်တမ်းတင်အပ်ပါသည်
ဂုဏ်ယူလေးစားစွာဖြင့်
ရဲဘော် သန်းဝင်း
Tuesday, December 21, 2010
အစွဲများ ပပျောက်ရေး
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည်
အစွဲများ ပပျောက်ရေးသာဖြစ်သည်
နိဒါန်း
ကျွန်တော်ရေးသားခဲ့သော ပြည်ထောင်စု တည်ဆောက်ရေး ဆောင်းပါး၏
ဦးတည်ချက်သည် စစ်မှန်သော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက်
အခက်အခဲများကို မည်သို့မည်ပုံ ဖြေရှင်းရမည် (Solution) ကို
မိမိအတွေ့အကြုံအရလည်းကောင်း၊ လေ့လာချက်များအရလည်းကောင်း
တိုင်းပြည်ချစ်စိတ်နှင့် တင်ပြခြင်းသာဖြစ်သည်။
၎င်းအပေါ် ကိုကျော်သန်းက သူ့အမြင်ကို တင်ပြလာခြင်းအပေါ်
ပြန်လည်ရှင်းလင်းရန် လိုသည်ဟု ယူဆသဖြင့် ဤဆောင်းပါးကို ရေးလိုက်ခြင်းဖြစ်ပါသည်။ ကိုကျော်သန်းကိုလည်း ကျွန်တော့ အမြင်ကို ပိုမိုရှင်းလင်းရန်အတွက်
လမ်းဖွင့်ပေးသဖြင့် ကျေးဇူးတင်ပါသည်။
ယနေ့ ITခေတ်တွင်စာဖတ်သူများမှီငြမ်းချက်များကိုတိုက်ရိုက်
လေ့လာနိုင်ရန်အတွက်အောက်ခြေမှတ်စု (Foot Notes) များကိုဖေါ်ပြရာ၌အင်တာနက်လင့်များကိုစာဖတ်သူများတိုက်ရိုက်ယှဉ်တွဲ၍
ဖတ်ရှု့နိုင် ရန်ဖေါ်ပြထားခဲ့ပါသည်။ထို့အပြင်အင်တာနက်မှ
တိုက်ရိုက်မကြည့်နိုင်သောအထောက်အထားများကို
ကျမ်းကိုးစာရင်းတွင်ဖေါ်ပြထားခဲ့ပါသည် ။
တိုင်းသူပြည်သားများကိုသတင်းမှောင်ချ၍တပါတီအာဏာရှင်စံနစ်ကို
ကျင့်သုံးပြီးဝါဒဖြန့်စာပေများဖြင့် အုပ်ချုပ်နေသောခေတ်သည်ကုန်ဆုံးချိန်ရောက်နေပါပြီ ။
ထို့ကြောင့်ထိုအခွင့်အရေးကိုအသုံးချ၍ကျနော်တို့အားလုံးပြည်သူများကို
သတင်းမှန်အထောက်အထားမှန်တို့ဖြင့်မျက်စိနားဖွင့်ပေးဖို့တာဝန်ရှိပါသည် စာဖတ်သူများ မှအောက်ခြေမှတ်စုများရှိလင့်များကို
တိုက်ရိုက်ကြည့်ရှု့လေ့လာခြင်းအားဖြင့်အမှားအမှန်ကို
ကိုယ်ပိုင်ဥာဏ်ဖြင့်ထိုးထွင်းသိမြင်နိုင်ကြပါစေ။
နိုင်ငံအမည်နှင့် ပတ်သက်၍ သဘောထား
နိုင်ငံအမည်နှင့် ပတ်သက်၍ ယခင်က တင်ပြထားသည့်အတိုင်း
(၁) ညီညွတ်ရေးသည် အဓိကဖြစ်သည်။
(၂) အမည်သည် ပညတ်မျှသာဖြစ်သည်ဟု သုံးသပ်ပါသည်။
နံမည်တခုကြောင့် ညီညွတ်ရေး ပျက်ပြားမည်ဆိုလျှင်
ကျွန်တော့အနေနှင့် အမည်ကို အများသဘော ကျ၊
ဘ၀င်ကျသည့် နံမည် ရွေးချင်းကို ထောက်ခံမည်ဖြစ်ပါသည်။
ဗမာဘဲခေါ်ခေါ် မြန်မာဘဲခေါ်ခေါ် သုဝဏ္ဏဘုမ္မိလို့ ခေါ်ခေါ် ကြိုက်ရာခေါ်
ညီညွတ်ကြလျှင် ငြင်းစရာ မရှိပါ။
ဥပမာ- ကမ္ဘောဒီယားနိုင်ငံကို ကွန်မြူနစ်တို့က ကမ်ပူးခြားဟု ပြောင်းလဲလိုက်သည်။
သန်းရွှေတို့က Burma ကို Myanmar ဟု ပြောင်းလဲလိုက်သည်။
အင်္ဂလိပ်လို ပြောင်းလိုက်သော်လည်း ဗမာလိုရေးလျှင်မူ အတူတူပင် ဖြစ်သည်။
တိုင်းပြည်နံမည် ပြောင်းလိုက်သော်လည်း စစ်အုပ်စုက ဆက်လက်စိုးမိုးနေသဖြင့်
ထူးမခြားနားပင် ဖြစ်သည်။ ထို့ကြောင့် နံမည်ကိစ္စကို အငြင်းမပွါးလိုပါ။
တိုင်းရင်းသား အားလုံးနှင့် ညီညွတ်ရေး ယူနိုင်သည့် နံမည်ဖြစ်ရေးသည်
အဓိက အရေးကြီးသော အချက်ဖြစ်ပါသည်။
ဗမာလူမျိုးတွေ ကြီးစိုးတဲ့ နိုင်ငံဟူသောအစွဲ ကွယ်ပျောက်ပြီး
ပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးက “ငါတို့ နိုင်ငံ” ဟူ၍
ဝင့်ကြွားစွာ ပြောဆိုနိုင်သော နံမည်ဖြစ်လျှင် ရည်မှန်းချက်ပြီးပြည့်စုံပါသည်။
ကျွန်တော့တွင် နံမည်စွဲ မရှိပါ။ ညီညွတ်ရေးသာ လိုလားပါသည်။
အရေးကြီးဆုံး အချက်မှာ တကယ်စစ်မှန်သည့် ပြည်ထောင်စု စံနစ်ကို
အများဆန္ဒနှင့် ညီညွတ်ရေးတည်ဆောက်ခြင်းနှင့်
လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေးပင်ဖြစ်သည်။
စာရွက်ပေါ်တွင် ရှိသည့် ညီညွတ်ရေးမျိုး၊ စာရွက်ပေါ်တွင်
ရေးသားထားသည့် စိတ်ကူးယဉ် (Utopia) လောက နိဗ္ဗာန်မျိုးထက်
တကယ့် လက်တွေ့တွင် ပြည်သူပြည်သားများ၏
လူ့အခွင့်အရေး အပြည့်အ၀ ပေးနိုင်သော စံနစ်များ ဖြစ်ဖို့သာ လိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်
ကိုကျော်သန်း ပြောသလို အဲဒီခေတ်ကို သူရော ကျွန်တော်ရော မမှီပါဘူး။
မမွေးသေးလို့ ဖြစ်ပါသည်။ ဒါပေမဲ့ ကိုကျော်သန်းက ဗိုလ်ချုပ်အောင်ဆန်းက
ခွဲထွက်ခွင့်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်ခြင်းဟာ လက်ဝဲအယူအဆကို
သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လီနင်ရဲ့ ခွဲထွက်ခွင့်နဲ့ ကိုယ့်ကြမ္မာ
ကိုယ် ပြဋ္ဌာန်းခွင့်ပြုတယ်ဆိုတဲ့ သဘောတရားအရ လက်ခံခဲ့၍ ဖြစ်မယ်လို့ ဆိုခြင်းဟာ ဘာအထောက်အထားမှ မရှိဘဲ ကိုယ်လိုရာကို ဆွဲရေးတယ်လို့ ယူဆပါတယ်။
ကျွန်တော့စာထဲမှာ တချို့လက်ဝဲသမားတွေကလို့ ဆိုခဲ့ရာမှာ
ကွန်မြူနစ်တွေကလို့ တိတိကျကျ မရည်ညွန်းခဲ့ပါဘူး။
ဒါဟာလဲ စစ်အာဏာရှင်ကို အင်အားစု အားလုံးနဲ့
ညီညီညွတ်ညွတ် တိုက်ချင်တဲ့ စိတ်ကြောင့်ဖြစ်ပါသည်။
နောက်ဗိုလ်ချုပ်အောင်ဆန်း ကြည်ညိုသူတွေနဲ့
လက်ဝဲကွန်မြူနစ်တွေနဲ့ တိုက်ပေးတယ် ဆိုရအောင်လဲ
ဗိုလ်ချုပ်အောင်ဆန်းကို ကွန်မြူနစ်ပါတီက ဗြိတိသျှအစိုးရအဖွဲ့ထဲမှာ
အာဏာလွှဲပြောင်းယူဖို့အတွက် ပထမအဆင့်အနေနဲ့ ပါဝင်ခဲ့တဲ့ အတွက်
ဗိုလ်ချုပ်အောင်ဆန်း နဲ့ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို ဗြိတိသျှ အစိုးရချပေးတဲ့
ဖောက်ပြန်ရေးလမ်းစဉ်ကို လိုက်တယ်ဆိုပြီး ကွန်မြူနစ်ပါတီက ပြင်းပြင်းထန်ထန်ဝေဖန်ပြီး
တိုက်ခိုက်ခဲ့တဲ့ အတွက် ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လ ထဲက ထုတ်ပစ်လိုက်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ဝါဒကို နိုင်ငံရေးသမ္ဘာ ရှိလာတဲ့အခါ
လက်မခံနိုင်ဘူးဆိုတာ ထင်ရှားပါသည်။
ရန်တိုက်ပေးစရာ မလိုပါဘူး။
ထိုခေတ်က ကိုလိုနီစံနစ်ကို တိုက်ဖျက်သူတိုင်း လက်ဝဲ၀ါဒကို ကြိုက်ကြပါတယ်။
ဒါဟာလဲ လက်ဝဲဝါဒက ကိုလိုနီစံနစ်ကို တိုက်နိုင်တဲ့အကြောင်းပြချက်ကို
စံနစ်တကျ တင်ပြနိုင်ခဲ့လို့ပါ။
ဒါပေမဲ့ ကွန်မြူနစ်အတွေးအခေါ်မှာ လူတွေကို ခံစားမှုမရှိတဲ့
ကုန်ပစ္စည်းတွေလို သဘောထားခဲ့တာတွေ၊ အထူးသဖြင့်
ဒီကွန်မြူနစ်စံနစ်ကို အကောင်အထည်ဖေါ်တဲ့ ခေါင်းဆောင်တွေ ကို
ဘုရား ရဟန္တာတွေလို ကိုးကွယ်ခဲ့တာတွေဟာ အဓိက မှားယွင်းမှုကြီးလို့ မြင်ပါတယ်။
ကွန်မြူနစ်စံနစ်ကို ခေါင်းဆောင်ခဲ့သူတွေဟာ လူထဲက လူတွေဘဲဖြစ်ပါတယ်။
ဘုရား ရဟန္တာတွေ မဟုတ်ပါဘူး။
ဒီလူတွေမှာ လောဘ၊ ဒေါသ၊ မောဟတွေရှိတယ်ဆိုတာ
ကွန်မြူနစ်ကြီးစိုးတဲ့ နိုင်ငံတွေကို ကြည့်ရင် အထင်းသား မြင်နိုင်ပါတယ်။
ဒါကြောင့် လီနင်ရဲ့ စာတမ်းအရ “ခွဲထွက်ခွင့်နှင့်တကွ
ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ထက် နိမ့်ကျတဲ့ မည်သည့်မူဝါဒကမျှ
လူမျိုးစု ပြဿနာကို မဖြေရှင်းနိုင်ပါ” လို့ ရေးထားခဲ့တာကို
ကိုကျော်သန်းက ကိုးကားပြောခဲ့လို့ ဒီလိုရေးသားချက်အရ
ကျွန်တော်တို့က မျက်စိမှိတ် ထောက်ခံဘို့ ဆိုတာထက်
စာတွေ့သီအိုရီ (Theory) နဲ့ လက်တွေ့ (Practical) ကျင့်သုံးမှုကို
လေ့လာမှသာ အဖြေမှန်ကို တွေ့ရှိနိုင်မယ်လို့ ယုံကြည်ပါသည်။
ဒါကြောင့် ကွန်မြူနစ်ဝါဒနဲ့ ၎င်းဝါဒကို ကျင့်သုံးခဲ့တဲ့ နိုင်ငံကြီး (၂) နိုင်ငံကို လေ့လာကြည့်တဲ့အခါ စာထဲမှာပါတဲ့ အကြောင်းအရာ သီအိုရီနဲ့ လက်တွေ့ကျင့်သုံးပုံဟာ မိုးနဲ့မြေပမာ ကွာခြားနေတာကို သွားတွေ့ရပါတယ်။ ရုရှားနိုင်ငံကြီးမှာ ကွန်မြူနစ်စံနစ် ကျင့်သုံးခဲ့စဉ်က မိမိပြည်တွင်းရှိ လူမျိုးစုများကို ဆိုက်ဗေးရီးယားကိုပို့ပြီး ဂူးလပ်(Gulags) ခေါ် ပြုပြင်ရေးစခန်းတွေမှာ မျိုးတုံးသတ်ဖြတ်မှုတွေ၊ ရုရှားပြည်တွင်းရှိ ပိုလစ်လူမျိုးတွေ၊ ဂျာမန်လူမျိုးတွေကို သူတို့ဒေသတွေက အတင်းအကြပ် ရွှေ့ပြောင်းပြီါ် အလွန်အေးမြတဲ့ ဆိုက်ဗေးရီးယားကို အသုတ်လိုက် သန်းချီပိုခဲ့တာတွေ၊ Red Terror လို့ ခေါ်တဲ့ အနီရောင်အန္တရယ်အကြောင်း စာအုပ်ပေါင်း မြောက်မြားစွာ ရုရှားကိုလိုနီဘဝရောက်ခဲ့တဲ့ အရှေ့ဥရောပ နိုင်ငံတွေ လွတ်လပ်တဲ့အခါ ပြည့်စုံစွာ စာအုပ်စာတမ်းများအဖြစ် ထွက်ပေါ်လာခဲ့ပါသည်။
ထိုအကြောင်းများ ရေးပြနေလျှင် ဆောင်းပါးရဲ့ မူလ အာဘော်ပျောက်သွားမည် စိုးသဖြင့် အကျယ်မရေးလိုတော့ပါ။ အဓိက ပြောလိုသည်မှာ “ခွဲထွက်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း”ဆိုတဲ့ သီအိုရီဟာ လက်တွေ့မှာ မမှန်ပါဘူး။ ကွန်မြူနစ်တွေဟာ ရုရှားနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူနည်းစုများကို ဖိနှိပ်အုပ်ချုပ်ပြီး Russianization ရုရှားအဖြစ် အတင်းအကြပ် ပြုပြင်ပြောင်းလဲဘို့ ကြိုးစားခဲ့သလို အရှေ့ဥရောပကိုလည်း ၎င်းရဲ့ သံကွန်ခြာအောက်မှာ ရုံးမထွက်နိုင်အောင် လုပ်ထားခဲ့ပြီး အရှေ့ဥရောပကနေ ဝါဆောစာချုပ်အဖွဲ့အဝင် နိုင်ငံအဖြစ်မှ ခွဲထွက်ဖို့ လုပ်ခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယား(Czechoslovakia ) ဟန်ဂေရီ (Hungary) , ၊ လတ်ဗ်ဗီယား (Latvia), လစ်သူနီယား (Lithuania) ၊ အက်စ်တိုနီယား (Estonia), နိုင်ငံတွေက ပြည်သူ့တောင်းဆိုမှုတွေကို ရုရှားတင့်ကား တပ်ကြီးတွေ စေလွှတ်ပြီး ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တာ အများအသိ ဖြစ်ပါသည်။ အမှန်တော့ ကိုလိုနီစံနစ်ကို တိုက်ရင်း၊ ဖက်ဆစ်ကို တွန်းလှန်ရင်း ရုရှားနိုင်ငံဟာ ကွန်မြူနစ်ဝါဒအောက်မှာ ခေတ်သစ် ကိုလိုနီနယ်ချဲ့ နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့တာဘဲ ဖြစ်ပါတယ်။
သခင်သန်းထွန်း၏ “စစ်နှင့် လွတ်လပ်ရေး” ဆောင်းပါးသည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ရုရှားပြည်နှင့် ပတ်သက်၍ “ရုရှားပြည်မှ အကူအညီကိုလည်း စိတ်ချလက်ချနှင့် ယူနိုင်ပေ၏။ အကြောင်းကား နယ်ချဲ့မှုသည် ဓနရှင်စနစ်ကြောင့်ဖြစ်၏ ရုရှားပြည်၌ကား ဓနရှင်စနစ် ဖြိုဖျက်ပြီးဆင်းရဲသားအစိုးရတည်ထောင်ပေးပြီး နယ်ချဲ့ ရန်လည်းမလိုတော့။ဆင်းရဲသားအစိုးရတည်ထောင်ပြီးစကပင် ရုရှားလက်အောက်ခံနိုင်အားလုံးကို လွတ်လပ် ခွင့်ပေးခဲ့၏” ဟု ရေးသားခဲ့ခြင်းကို ကြည့်လျှင် သခင်သန်းထွန်း၏ အမြင်တွေ မှား၍ လမ်းမှားလိုက်ခဲ့ခြင်းကို သိနိုင်ပေသည်။
ဦးနုရဲ့ တာတေစနေသားမှာ ဦးနုက သူ့ခံစားချက်ကို သည်လို ရေးခဲ့ပါသည်။ “စတာလင်ဟာ ဗမာတွေကို ချစ်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း လီးဖြဲနေတာလောက်တောင် မရှိဘူး။ ဒီမအေလိုး ရပ်ရှင်းတွေက တွေ့ကရာ အမိန့်တွေ ပေးတိုင်း ဒို့ကွန်မြူနစ်တွေ အဟုတ်ကြီးထင်ပြီး နားထောင်နေတာ အံ့သြပါရဲ့ကွာ” ဟု ရေးသားထားပါသည်။
ထို့အတူ တရုတ်ကွန်မြူနစ်ပါတီဟာလဲ အလုပ်သမားလူတန်းစားလို့ မယ်မယ်ရရမပြနိုင်ပေမဲ့ လယ်သမား လူတန်းစားကို အခြေပြုပြီး ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေးနဲ့ အာဏာရလာတဲ့အခါ ပထမဦးဆုံး တိဗက်ကို သိမ်းပိုက်လိုက်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်ကိုလည်း တရုတ်က သူ့ရဲ့သြဇာခံ နယ်မြေအဖြစ် လူမျိုးနဲ့ မြိုမယ့် နှစ်ရှည်စီမံကိန်း ရှိသည်ဟု တထစ်ချယုံကြည်ပါသည်။
ယူနန်ပြည်နယ် မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ တိုင်းရင်းသားများကျေးရွာ ဆိုပြီး ကမ္ဘာလှည့် ခရီးသည်တွေ ကြည့်ရှုဘို့ ဖွင့်ထားခဲ့လို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ဘူးပါသည်။ ၎င်းကျေးရွာတွင် ဝလူမျိုး၊ ဂျိမ်းဖောလူမျိုး၊ ပလောင်လူမျိုး၊ စသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများသည်လည်း ယူနန်ပြည်နယ် တိုင်းရင်းသားများနှင့် အတူတူဖြစ်ကြောင်းတွေရှိခဲ့ပါသည်။ ထို့ကြောင့် ယူနန်ပြည်နယ်နှင့် တချိန်ချိန်တွင် လူမျိုးဘာသာတူနေသော ဝများ၊ ကချင် ဂျိမ်းဖောများ၊ ရဝမ်များ ပေါင်းစည်းသွားနိုင်သည်။
ယနေ့တရုတ်ပြည်မှာ လူမျိုးစု ၅၅ မျိုးရှိကြောင်း တရားဝင် ထုတ်ပြန်ထားမှု ရှိပါသည်။ တရုတ်ရဲ့ ၉၂ % ရာခိုင်နှုန်းဟာ ဟန်လူမျိုးတွေဖြစ်ပြီး လူမျိုးစုထဲက လွတ်လပ်ရေးတောင်းနေတာက တိဗက်နဲ့ ဇင်းဂျန် (Xinjiang) ပြည်နယ်တို့ ဖြစ်ပါသည်။ ကင်တုံနီး (Cantonese) နှင့် Hakka လူမျိုးတွေကိုမူ ယခုအခါမှာ ဟန်လူမျိုးအဖြစ် သွတ်သွင်းလိုက်ပြီး ဖြစ်ပါသည်။ ဒါပေမဲ့ တချိန်ချိန်မှာ Cantonese တွေနဲ့ Hakka တွေဟာ ဟန်လူမျိုးစုကြီးမှ ရုန်းထွက်ပြီး သူတို့ဟာ ဟန်လူမျိုးမဟုတ်ဘူးလို့ ပြောလာနိုင်ကြောင်း Drug Gladnay က ပြောကြားခဲ့ပါသည်။
တိဗက်ခေါင်းဆောင် ဒလိုင်းလားမားက တရုတ်အစိုးရထံ လွတ်လပ်ရေးတောင်းဆိုမှုကို စွန့်လွှတ်လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြောင်းလဲ တောင်းခံခြင်းအပေါ် တရုတ်အစိုးရက ငြင်းဆိုလိုက်ပါသည် ။ တရုတ်ပြည် Xinjiang (ဇင်းဂျန်) နယ်ရှိ မူဆလင် Uighirs အူဂါ လူမျိုးစုတို့ကလည်း တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တောင်းဆိုနေပြီး အဓိကရုဏ်းများ ၂၀၀၉ ခုနှစ် ဂျူလိုင်လတွင် ဖြစ်ပွားခဲ့ရာ ပြည်မမှ တပ်အင်အား ၂၀,၀၀၀ စေလွှတ်ပြီး နှိမ်နင်းခဲ့ရပါသည်။
ထိုအကြောင်းအရာများက တရုတ်ကွန်မြူနစ် အစိုးရသည် သူကိုလိုနီပြုထားသည့် လူမျိုးစုများ ခွဲထွက်ခွင့်ကိုပေးသည့် အရိပ်အယောင်ပင်မပြခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိနိုင်ပါသည်။ ကိုကျော်သန်းက ကျွန်တော်ရေးခဲ့သည့် NDF က ခွဲထွက်ခွင့်ကို စွန့်လွှတ်လိုက်တာ တခုတည်းကို မူတည်ပြီး ခွဲထွက်ခွင့်နှင့် ဖယ်ဒရယ်ဆိုတာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုသက်သက် (Non Issue) ဘဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
မက်သရောထ ကြေငြာစာတမ်းကို ဖတ်ရှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အပြည့်အ၀ ထောက် ခံသွားခဲ့သည်။ မက်သရောထကြေငြာစာတမ်းကိုဆက်လက်အကောင်အထည်ဖေါ်ရန် “သူမွဲဟ်ကလိုး” (Thoo Mweh Klo Agreement) ညီလာခံကို ၁၉၉၈ ဒီဇင်လာ ၁၄ မှာ ကျင်းပခဲ့ပါသည်
ထိုညီလာခံသို့ ကိုယ်တိုင်တက်ရောက်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဆရာဂျက်ကော့ (ခေါ်) ဆရာဂျက်က ”ကျနော်တို့ ဗမာပြည်ကွန်မြူနစ် ပါတီ (CPB) မှာ လူမျိုးစုနှင့်ပတ်သက်၍ သဘောထား သတ်မှတ်ထားချက် မရှိသေးသည့် အတွက်ကြောင့် လက်မှတ်မထိုးနိုင်ပါ” ဟု အကြောင်းပြ၍ ငြင်းဆိုသွားခဲ့သည်။ ညီလာခံတွင် တက်ရောက်လာကြသော အဖွဲ့အစည်းအားလုံးမှ မက်သရောထ ကြေငြာစာတမ်းကို သဘောတူ လက်မှတ်ထိုးခဲ့ကြသော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ တဖွဲ့တည်းကသာ လက်မှတ်မထိုးဘဲ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ မက်သရောထ ကြေငြာစာတမ်းသည် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ သဘောတူညီချက် တရပ်ဖြစ်ပါသည်။ သို့ရာတွင် ထိုအခြေခံ သဘောတရားကို ဗမာပြည်ကွန်မြူနစ်ပါတီက လက်မှတ် မထိုးခဲ့ခြင်းကို၊ ကိုကျော်သန်းနှင့်တကွ စာဖတ်ပရိသတ်များ သိထားသင့်သည်ဟု ယူဆ၍ အဖြစ်မှန်ကို ရေးသားတင်ပြ လိုက်ရပါသည်။
ထိုကြောင့် စစ်အစိုးရ၏ ဝါဒဖြန့်မှုသာ ဖြစ်သည်ဆိုပါက ထိုအချက်သည် မမှန်ကြောင်းကို တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက သက်သေပြဘို့လိုပါသည်။ အကောင်းဆုံး သက်သေပြချက်များမှာ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများက မိမိတို့သည် အေးအတူ ပူအမျှ ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆေက်ကြမည်ဖြစ်ကြောင်း တိုင်းပြည်ပြိုကွဲရေး ပြုလုပ်မည့်သူဟူသမျှကို ၎င်းတို့အနေနှင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း လာမည့် ဒုတိယပင်လုံညီလာခံတွင် ထုတ်ဖေါ်၍ အတိအလင်း ပြောကြားရန် လိုအပ်ပေသည်။
ထိုကဲ့သို့ လုပ်ဆောင်နိုင်လျှင် ၁၉၆၂ ခုနှစ်မှ စ၍ ယနေ့ ၂၀၁၀ အထိ စစ်တက္ကသိုလ် ကျောင်းဆင်းစစ်ဗိုလ်များ ခေါင်းထဲသို့ ရိုက်သွင်းထားခဲ့သော တိုင်းပြည်ပြိုကွဲနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှု သံသယကို ကင်းစင်သွားစေနိုင်ပြီး၊ မျိုးချစ်စိတ်ရှိသော တပ်မှုး၊ တိုင်းမှုးများ ဒီမိုကရေစီ အင်အားစုများဖက်သို့ ကူးပြောင်းရောက်ရှိလာနိုင်သည်။ အဓိက ပြဿနာမှာ ဘက်ပြောင်း ထောက်ခံလာရေးဖြစ်သည်။ ထိုခွဲထွက်လိုမှု ဆိုသည့် သံသယကို ဖျောက်ရန်မှာ ဒီမိုကရေစီအင်အားတို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပေါ်တွင် အဓိက တည်မှီလျှက်ရှိသည်။ တပ်မှ ကူးပြောင်းထောက်ခံလာရန် တပ်အတွင်းရှိ မျိုးချစ်တပ်မှုးများ အမြင်ကြည်လင်လာစေရန် ကြိုးစားဘို့အတွက် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ကို ပယ်လိုက်ကြောင်းကို NDF မှ ပြောကြားခဲ့သော်လည်း ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များကလည်း ခွဲထွက်ခွင့်ရှိသည်ကို မတောင်းဆိုကြောင်း စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုကိုသာ တည်ဆောက်ကြရန် သန္ဒိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့သော် တပ်တွင်းရှိ မျိုးချစ်တပ်မှုးတို့နှင့် သဘောတူညီမှု ရယူနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ သတင်းမှောင်ချ၍ တဖက်သတ် ၎င်းတို့ လိုလားသည့် ဝါဒ သဘောတရားများကိုသာ အစဉ်တစိုက် ရိုက်သွင်းနေသော နိုင်ငံတွင် ပြည်သူများ ဦးနှောက်ဆေးခံနေရသည်မှာ ဓမ္မတာဖြစ်သည်။ ဝါဒဖြန့်မှုကို ချေဖျက်ရန်မှာ ကျွန်တော်တို့ တာဝန် ဖြစ်သည်။ ကျွန်တော်တို့ မြင်သလို ပြည်သူများ၊ တပ်မတော်သားများ မြင်ရန်လိုပါသည်။
ကျွန်တော့်ကို နအဖသူလျှို တင်မောင်ဆန်းက မဲဆောက်မြို့တွင် ခြောင်းမြောင်း၍ တိုက်ခိုက်ခြင်းကို နအဖသတင်းစာများက တင်မောင်ဆန်းအား တကယ့်မျိုးချစ်အဖြစ် ရေးသားပြီး တင်မောင်ဆန်းမှ ကျွန်တော့အား ဓါးဖြင့်ထိုးလိုက်သည့်အတွက် တောထဲတွင်ရှိ ကရင်ဆေးရုံတွင် ခွေးသေဝက်သေ သေတော့မည်ဖြစ်ကြောင်း ဖေါ်ပြခဲ့ခြင်းအပေါ် မွေးသမိခင် မေမေက ဖတ်ရှုရသောအခါ “ငါ့သားကို ခွေးသေဝက်သေ အဖြစ်မခံဘူး ငါကိုယ်တိုင် သဂြိုလ်မယ်ဟူ၍ မဲဆောက်မြို့ကို ရောက်လာခဲ့သည်၊ မထင်မှတ်ဘဲ သားအမိနှစ်ယောက် လမ်းပေါ်တွင် ချိန်းမထားဘဲ တိုက်တိုက်ဆိုင်ဆိုင်တွေ့သည့် အခါမှ အစိုးရသတင်းစာမှ လိမ်ညာရေးသားကြောင်း အမေ့ခမြာ သိခွင့်ရခဲ့သည်။ အဓိကမှာ လိမ်ညာရေးသား ဝါဒဖြန့်ချက်များကို ကာယကံရှင် ကိုယ်တိုင်နှင့် တွေ့ပြီး ဖြေရှင်းမှ နအဖ လိမ်ညာကြောင်း ရှင်းလင်း သွားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ယခုတိုင်းပြည်ပြိုကွဲသွားမည်ဆိုသည့် အဓိကအကြောင်းတရားကို ကျွန်တော်တို့ ကာယကံရှင် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားခေါင်းဆောင်များက မဟုတ်ကြောင်း ဗြောင်ရှင်းလင်းချက် ထုတ်ရန် အထူးလိုသည်ဟု လေးနက်စွာ တင်ပြလိုက်ပါသည်။
ထိုအကြောင်းအရာသည် (Non issue) ပြဿနာမဟုတ် ဆိုသည်ကို လုံးဝလက်မခံပါ။ ဤအကြောင်း အရာသည် ကျွန်ုပ်တို့အားလုံး ဖြေရှင်းရမည့် (Main issue) အဓိက အကြောင်းအရာဖြစ်သည်ဟု ထပ်လောင်း ပြောပါရစေ။
“ငါတို့ တိုင်းရင်းသားတွေကို မင်းတို့ဗမာတွေက ကျွန်ပြုထားတာ၊ မင်းတို့ဗမာတွေဟာ လိုလိုနီ နယ်ချဲ့တွေ၊ ငါတို့ ခွဲထွက်တော့ကော ဘာဖြစ်လဲကွ၊ ငါတို့ လူမျိုးဟာ ကိုယ့်ထီးကိုယ်နန်းနဲ့ နေလာခဲ့တာ၊ ငါတို့ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စကားတွေ မင်းတို့ထက်စောတယ်” ဆိုတဲ့ စကားတွေ စာတွေ ကျွန်တော့် ဆောင်းပါးထွက်ပြီးနောက် ဝေဖန်မှုများအဖြစ် ပါလာခဲ့သည်။
ကျွန်တော်သည် စိတ်ကူးယဉ်သမားမဟုတ်၊ အတိတ်က ရွှေထီးဆောင်းခဲ့သည်များကို ကျွန်တော်မမှီပါ။ သိတော့ သိပါသည်။ ထိုရွှေထီးဆောင်းခဲ့သည့် အချိန်ကို ကျွန်တော်တို့ ပြန်မသွားနိုင်ပါ။ ကျွန်တော်တို့ လုပ်နိုင်သည်က ယခု ပစ္စုပ္ပန်နှင့် လာမည့် အနာဂါတ်ကာလကို ဘယ်လို ဖြတ်သန်းကြမည်ကိုသာ ဖြစ်ပါသည်။ ပဲခူးတွင် ရှင်စောပု နန်းစိုက်သည့်အတွက် ပဲခူးသည် မွန်လူမျိုးများ နေပြည်တော် ဖြစ်ခဲ့ခြင်းနှင့် ယနေ့ ပဲခူး၏ အခြေအနေသည် မတူတော့ပါ။ ဘုရင်စံနစ်လည်း မရှိတော့ပါ။
နှစ်တွေ ခေတ်တွေက ပြောင်းလဲ သွားခဲ့ပါပြီ။ ပြောင်းလဲသော ခေတ်နှင့်အညီ ကျွန်တော်တို့ မိမိပြည်သူတွေ ဘဝ သာယာရေး၊ ခေတ်မှီရေး၊ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်ရေး၊ တန်းတူ အခွင့်အရေး အညီအမျှ ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးတို့သည်သာ အဓိကကျသည်ဟု မြင်ပါသည်။
ဗမာပြည်က ခွဲထွက်ပြီး ငါတို့နိုင်ငံ ငါတို့တည်ထောင်တော့ကော ဘာဖြစ်လဲကွ ဆိုသူတို့ကို တခုတော့ ပြောချင်ပါသည်။ လွန်ခဲ့သော နှစ် ၃၊ ၄ နှစ်ခန့်က ဟန်ညောင်ရွှေ၏ အစ်ကိုကြီးဖြစ်သူ တိုက်ဂါးညောင်ရွှေမှ သူ့ကို ထောက်ခံသူ ၁၀ ဦးနှင့် ရှမ်း သမ္မတ နိုင်ငံကို ထူထောင်လိုက်ကြောင်း၊ သူသည် ရှမ်း သမ္မတ ဖြစ်ကြောင်း ကြေငြာလိုက်သည်။ တကယ့်လက်တွေ့တွင် ရှမ်းနိုင်ငံမပေါ်ပေါက်လာခဲ့ဘဲ ရှမ်းပြည်နယ်ရှိ ရွာများကို နအဖ ထိုးစစ်ဆင်လာသဖြင့် ရွာသူရွာသား ၆၀၀ ကျော် ယိုးဒယားပြည်ထဲ ထွက်ပြေးလာရသည်က အမြတ်ထွက် သွားသည်။ တိုက်ဂါးကတော့ ကနေဒါနိုင်ငံ ပြန်သွားရုံဘဲရှိသည်။ သမ္မတ ဟု ကိုယ့်ကိုကိုယ် ကြေငြာလိုက်ရ၍ အာသာပြေသွားပုံရသည်။ ရှမ်းပြည်သူများကတော့ ပို၍ ဖိနှိပ်လာမှုကြောင့် မြို့ရွာပစ်ပြေးလာခဲ့ရသည်။ ဆိုလိုသည်မှာ ထိုကဲ့သို့ မစို့မပို့ လုပ်ရပ်များက နအဖ၏ တိုင်းပြည်ကြီး ပြိုကွဲတော့မည်ဆိုသည်ကို တိုက်ရိုက် ထောက်ခံနေသည်ကို မိမိကိုယ် မိမိ သတိပြုမိ၏လောဟု မေးလိုက်ချင်ပါသည်။
တိုင်းရင်းသား သက်သက်မဟုတ်ဘဲ ကိုယ့်လူမျိုးအားလုံးကို ဖိနှိပ်ကျွန်ပြု အုပ်ချုပ်နေသော စစ်အာဏာရှင်စံနစ်ကို အတူတကွ တွန်းလှန်ဘို့ စိတ်မကူးဘဲ၊ ဗမာမုန်းတီးရေး စိတ်ဖြင့် “ခွဲထွက်တယ်ကွ” ဟု “နံမည်ဝှက်” ဖြင့် အော်နေကြသူတို့ကို သူတို့နောက်တွင် ခွဲထွက်ရန် မဆိုထားနှင့် လက်နက်ကိုင်တပ်ဖွဲ့ ရှိနေပြီလားဟု မေးချင်ပါသည်။ များသောအားဖြင့် လူမျိုးရေးစိတ်ဓာတ်ဖြင့် ပြောနေသူများတွင် စစ်အာဏာရှင် တို့ကို တောက်လျှောက် ဆန့်ကျင်လာသောသူသည် မရှိသလောက်ပင်ဖြစ်သည်။ ထိုလူတို့သည် လက်နက်ကိုင် တော်လှန်ရေး မဆင်နွှဲဖူး၊၊ သေနတ်တောင် မကိုင်ဖူးသူက လူများစုဖြစ်သည်။ ထို့ပြင် နိုင်ငံခြား တိုင်းပြည်ရောက်မှ လက်သီးလက်မောင်းတန်းပြီး အလွန်ပြတ်သားသည့် ရဲရဲတောက်စကားများ ပြောနေကြ သည်မှာ စိတ်ပျက်စရာ ကောင်းလှပါသည်။
ချင်းပညာတတ်တစုနှင့် အင်တာနက်တွင် လွန်ခဲ့သော (၁၀) ကျော်က အပြန်အလှန် စာရေးဖြစ်သည်။ ၎င်းတို့ထဲတွင် ဆလိုင်းကစ်ဆိုသူတယောက်တော့ မှတ်မိနေပါသည်။ ၎င်းတို့ အုပ်စုမှ ကျွန်တော့အား “မင်းတို့ ဗမာလူမျိုးကြီး စိတ်ဓာတ်ရှိလို့ NDF ထဲကို ABSDF က မဝင်တာ မဟုတ်လား” ဟု စွပ်စွဲခဲ့ပါသည်။ ထိုစာရတော့ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရဖူးပါသည်။ ကျွန်တော့ကို စွတ်စွဲသော ထိုချင်းပညာတတ်များသည် မည်သို့မည် ပုံ ဂျာမဏီသို့ ရောက်လာသည် မသိသော်လည်း ၎င်းတို့ ပြောစကားများအရ ၎င်းတို့သည် တော်လှန်ရေးနယ်မြေထဲမှ လာသူများမဟုတ်ကြောင်းတော့ သေချာသွားခဲ့ ပါသည်။
ကျွန်တော်က NDF သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သတ်သတ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဗမာလူမျိုးသည် လူမျိုးကြီးဖြစ်သဖြင့် ပါဝင်ခွင့် မရှိပေ။ ထို့ကြောင့် ABSDF ပေါ်လာသည့်အခါ NDF ခေါင်းဆောင်များက ABSDF ကို ပါဝင်စေချင်သဖြင့် DAB ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ထို့ကြောင့် ၎င်းတို့ စွတ်စွဲချက်မှာ မမှန်ကြောင်း ရှင်းလင်းရေးသားလိုက်သည့်အခါ ၎င်းတို့အသံ တိတ်သွားခဲ့ပါသည်။
ကျွန်တော်က ဆက်လက်၍ ကိုတင်မောင်ဦးသည် ချင်းလူမျိုးဖြစ်သည်။ သူသည် ဗမာပြည်တခုလုံးကို ကိုယ်စားပြုသည့် ကျောင်းသားခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းတို့သည် ကိုတင်မောင်ဦးကဲ့သို့ တပြည်လုံး၏ ကျောင်းသားခေါင်းဆောင် မဖြစ်နိုင်ဟု ပြောသည့်အပေါ် ၎င်းတို့ထဲမှာ တဦးက ဘာကြောင့် သူတို့အနေနှင့် မဖြစ်နိုင်သနည်းဟု ပြန်လှန်မေးခဲ့သည့်အခါ ကျွန်တော်က ကိုတင်မောင်ဦးသည် တပြည်လုံးအတွက် တိုက်ပွဲဝင်ခဲ့၍ တပြည်လုံးက သူ့ကို ကျောင်းသားခေါင်းဆောင်ဟု အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ၎င်းတို့မှာမူ မိမိလူမျိုးစု တခုတည်းကိုသာ ပြောဆိုနေသည့်အတွက် လူမျိုးစုခေါင်းဆောင်ထက်ပို၍ ဖြစ်လာစရာမရှိကြောင်း ရှင်းလင်းခဲ့ရဘူးပါသည်။
နိဂုံးအားဖြင့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို လီနင်က စာရေးသားထားခဲ့သော်လည်း လီနင် တည်ထောင်ခဲ့သော ကွန်မြူနစ်ပါတီက ခွဲထွက်လိုသူ မှန်သမျှကို သတ်၊ အစုလိုက် အပြုံလိုက် အကျဉ်းစခန်းများဆီသို့ပို့နှင့် ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်ခဲ့သည်မှာ ဓာတ်ပုံမှတ်တမ်းများနှင့် ရှိပါသည်။ တရုတ်အားပေးမှုနှင့် သီဟာနုအစိုးရကို ဖြုတ်ချပြီး တက်လာသော ခမာနီ ပိုပေါ့ အစိုးရ၏ Killing Field လူသတ်ကွင်းသည် ကိုယ့်လူမျိုး အချင်းချင်း လူတသန်းကျော် သုတ်သင်မှုကို ကျူးလွန်စေခဲ့ပါသည်။ ဖက်ဆစ်ဂျာမဏီဟစ်တလာ၊ ကွန်မြူနစ်စတာလင် အစိုးရ၊ မော်စီတုံး၏ ယဉ်ကျေးမှု တော်လှန်ရေး သည် ကမ္ဘာက ကြက်သီးထလောက်အောင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် သမိုင်းတင်ထားခဲ့ရပါသည်။ ထိုကြောင့် ပြည်ထောင်စုသားအားလုံး စစ်အာဏာရှင်အောက်မှ ရုန်းထွက်ပြီး နောက်ထပ် တပါတီ အာဏာရှင်စံနစ်ဆီ သို့ မရောက်ရေးမှာ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်နောက် လိုက်လုံးလုံးဖြစ်ခဲ့ပြီး တရုတ်ပြည်မှ မော်စီတုံး တတိယမိန်းမ ချန်ချင်းနှင့် ဝမ်ဟုတ်ဝင်းတို့ ဦးဆောင်သည့် လေးဦးဂိုဏ်းမှ ယဉ်ကျေးမှု တော်လှန်ရေးလုပ်သည့်အခါ တောထဲတွင်ပင် ကိုယ့်ရဲဘော်ကိုယ် သတ်ဖြတ်ခဲ့သည့် သာဓက ရှိခဲ့ပါသည်။
၁၉၄၈ မတ်လ (၂၇) ရက် တော်လှန်ရေးနေ့မှာ သခင်သန်းထွန်းက ဗန္ဓုလပန်းခြံမှာ ဟောပြောပွဲလုပ်၊ သခင်နုက အာဇာနည်ကုန်းမှာ ဟောပြောပွဲ လုပ်ခဲ့ကြတဲ့အခါ ဦးနုက သွေးထွက်သံယို ဖြစ်မဲ့ လမ်းစဉ်ကို မလိုက်ကြပါနဲ့၊ ငြိမ်းချမ်းရေး လမ်းစဉ်ကို လိုက်ကြပါ။ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ပြည်သူ့ရဲဘော်တွေ အစရှိတဲ့ နိုင်ငံရေးသမားတွေ ညီညွတ်ကြရင် ဝန်ကြီးချုပ်ရာထူးရော ဖ.ဆ.ပ.လ ဥက္ကဋ္ဌ ရာထူးကိုပါ ထွက်ပေးပြီး အများလက်ခံသူကို တင်မြှောက်ပါ့မယ်လို့ ပြောခဲ့သည်။ သခင်သန်းထွန်းက ဖဆပလ အစိုးရကို လက်နက်နဲ့ ဖြုတ်ချရမယ်။ ဗားကရာချောက်ကြီးထဲမှာ ဖဆပလ အလောင်းကောင်တွေဟာ တောင်လို ပုံသွားစေရမယ်လို့ ဆိုခဲ့သည်ဟု တာတာစနေသားမှာ ဖတ်ရှု့ မှတ်သားရပါသည်။
တချို့သူငယ်ချင်းများက အကယ်၍များ ဗမာပြည် ကွန်မြူနစ်ပါတီ အာဏာ အဲဒီအချိန်က ရခဲ့ရင် ပိုပေါ့တို့ထက် စောပြီး ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားတွေ သန်းနဲ့ချီပြီး အသတ်ခံရမှာဘဲလို့ ပြောဘူးပါသည်။
သို့ရာတွင် ကျွန်တော့အနေနှင့် ကိုကျော်သန်း ပြောသလို ဗမာပြည် ကွန်မြူနစ်ပါတီသည် ပါတီစုံ စနစ်ကို လက်ခံကျင့်သုံးမည် ဆိုသည်ကို အထောက်အထားလိုပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက ပါတီစုံကို တကယ်ယုံကြည်ပါ၏လော။ ပါတီစုံ ဒီမိုကရေစီကို လက်ခံပြီး ရွေးကောက်ပွဲဝင်သည့်အခါ အနိုင်ရပါက၊ ပါတီစုံကို တကယ်ကျင့်သုံးပါမည်လောဟု မေးစရာရှိပါသည်။ ပါတီစုံစံနစ်အောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသည့်အခါ အတိုက်အခံပါတီများ ရှင်သန်ခွင့်ကို ဖျက်သိမ်း၍ တပါတီစံနစ်နှင့် အုပ်ချုပ်သော ကွန်မြူနစ်များ ရှိ၍ ဖြစ်ပါသည်။ ကျွန်တော်တို့ နောက်တခါထပ်၍တောခိုမတော်လှန်နိုင်တော့ပါ ။
လေးစားစွာဖြင့်
ထွန်းအောင်ကျော်
ဒီဇင်္ဘာလ၂၁ရက်၂၀၁၀ခုနှစ်
နေ့လည်၁၂နာရီတိတိ
ကျမ်းကိုးစာရင်း
(၁) ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်၊ ဆိုင်စုမှသည် မန်ဟိုင်းဆီသို့ ၊ Duwun Publishing, 2007 1st Edition
(၂) ဦးနု၊ တာတေစနေသား (Satunday’s Son) ၁၉၉၈၊ 1st Edition Irrawaddy Publishing, New Delhi
(၃) ဦးနု၊ ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁- ၄၅)
(၄) ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဋ္ဌာနချုပ်၊
(၅) သိန်းဖေမြင့်ရေး ကျော်ငြိမ်း ရွှေပြည်တန်စာအုပ်တိုက် ဧပြီလ ၁၉၆၁နှစ် ဒုတိယအကြိမ်။
(၆) ဗမာ့အရေး (စာရေးဆရာညွန့်ပေါင်းရေးသည်) ထပ်မံတည်းဖြစ်သူ မောသီရိ, 1st Edition 2003, Irrawaddy Publishing, New Delhi.
(၇) သိန်းဖေမြင့်၏ တော်လှန်ရေးကာလနိုင်ငံရေးအတွေ့အကြုံများ (တတိယအကြိမ် ) ယမုံနာစာပေ ၁၉၇၆ခု နှစ်
(၈) Moying Li, Snow Falling in Spring, Coming of age in China during the Cultural Revolution. Melanie Kroupa Books,1st Edition 2008.
(၉) Vladimir V. Kusin, Political Groups in the Czechoslovak Reform Movement, Columbia University Press, New York 1972.
(၁၀) Noel Barber, Seven Days of Freedom The Hungarian Uprising 1956, Stein and Day Publishers, New York 1st Edition 1974.
(၁၁) The Secret Speeches of Chairman Mao, Edited by Roderick MacFarquhar, Timonthy Cheek, and Eugene Wu, Havard Contemporary China Series 6, Harvard University Press 1989.
(၁၂) Richard Evans, Deng Xiaoping and the making of Modern China, Penguin Books 1997
(၁၃) China Since the ‘Gang of Four’, Edited by Bill Brugger, St. Martin’s Press, New York 1980.
(၁၄) Timothy Cheek, Mao Zedong and China’s Revolutions, A Brief History with Documents
(၁၅) The Czech Black Book, Edited by Robert Littell, Frederick A. Praeger Publishers, New York, 1969.
(၁၆) What Happened in Czechoslovakia, An account of the Government crisis in February 1948, 1st Edition, Published in April 1948 by Orbis, Prague..
(၁၇) Czechoslovakia’s Blueprint for “Freedom”, Dubcek’s Statements- The Original and official Documents Leading to the Conflict of August, 1968, Introduction & Analysis by Paul Ello, Ph.D, Georgetown University School of Foreign Service, Published by Acropolis Books, Washington D.C 20009, Second Printing, October 1968. Colortone Creative Printing.
(၁၈) John F. Cady, A History of Modern Burma, Cornell University Press, Ithaca, New York, First Published 1958
(၁၉) Frank N.Trager, Bulilding a Warfare State in Burma 1978-1986
လေးစားစွာဖြင့်
ထွန်းအောင်ကျော်
ဒီဇင်္ဘာလ၂၁ရက်၂၀၁၀ခုနှစ်
နေ့လည်၁၂နာရီတိတိ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -- - - - - -- - - - -- - - - -
တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်
ရဲဘော်ကျော်သန်း ၆၊ ၁၂၊ ၂၀၁၀။
ကိုထွန်းအောင်ကျော်ရဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ စာတန်းဆန်ဆန် ဆောင်းပါးကို ဖတ်ရပါတယ်။ တန်းတူရေးကို အခြေခံတဲ့ တိုင်းရင်းသားစုံ ညီညွတ်ရေးနဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် သူ့အမြင်တွေကို တင်ပြထားပါတယ်။ စာတမ်းဆောင်းပါးရဲ့ အာဘော်နဲ့ ရည်ရွယ်ချက်ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံပါတယ်။ သို့သော်လည်း တချို့အချက်များကိုတော့ အပြန်အလှန်ဆွေးနွေးလိုပါတယ်။ ဖြည့်စွက်တင်ပြခြင်း သဘောပါ။
ဒါကလည်း နိုင်ငံရေးသမားတယောက်ရဲ့ တာဝန်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြောသလို နိုင်ငံရေးသမားဆိုတာ ကိုယ့်အမြင်အယူအဆကို လူထုအကြား ပွင့်ပွင့် လင်းလင်း ချပြရဲရမယ်။ အမှားအမှန်ကို သမိုင်း (ရာဇ၀င်) က ဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့ နိုင်ငံနဲ့ ပြည်သူအတွက် ရှောင်ရန် ဘေးအန္တရာယ်တွေ၊ ဆောင်ရန် သာယာဝပြောရေးနဲ့ ညီညွတ်ရေးနည်းလမ်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်မှန်တွေ အမြင်အယူ အဆတွေကို တင်ပြဘို့ နိုင်ငံရေးသမားများ လုပ်ရှားတက်ကြွသူများမှာ တာဝန်ရှိပါတယ်။
ပထမဆုံး ဆွေးနွေးလိုတာက ပြည်ထောင်စုသစ် အမည်နဲ့ ပတ်သက်ပါတယ်။ သူ့ဆောင်းပါး အဆုံးပိုင်းက စတင်ဆွေးနွေး ရတာက ဗမာ၊ မြန်မာအသုံးနဲ့ ပတ်သက်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ စာတွေမှာလည်း တပြည်လုံး တမျိုးသားလုံးနဲ့ သက်ဆိုင်ရင် ဗမာလို့ပဲ သုံးနှုန်းခဲ့သလို ဒီမှာလည်း ထို့အတူ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာ၊ မြန်မာ ကွဲပြားတဲ့ အယူအဆကို တင်ပြလိုတဲ့အတွက် သိသာထင်ရှားမှုရှိအောင် ဦးစွာ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။
ကိုထွန်းအောင်ကျော်က သူ့အတွက် ဗမာပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ် အကြောင်းကိစ္စမရှိ၊ ဒါမှမဟုတ် ဗမာရော၊ မြန်မာကိုပါ ပယ်ပြီး အားလုံးသဘောတူတဲ့ တခြားအမည် တခုကို သုံးရင်လဲ သဘောတူညီတယ်၊ တဆက်တည်း သုဝဏ္ဏဘူမိကို ပြည်ထောင်စုသစ်ရဲ့ အမည်အဖြစ် အဆိုပြုသွားပါတယ်။ ကျွန်တော့ အတွက်တော့ နိုင်ငံတခုရဲ့ အမည်ဟာ အများညီရုံနဲ့ အလွယ်မသတ်မှတ်သင့်လို့ မြင်ပါတယ်။ ခိုင်လုံတဲ့ သမိုင်းကြောင်း ဇာစ်မြစ်နဲ့ ကျိုးကြောင်း ယုတ္တိရှိဖို့ လိုပါတယ်။ ဒီနေ့ခေတ်မှာတော့ ဗမာပဲပြောပြော၊ မြန်မာပဲပြောပြော အတူတူပါပဲလို့ ကွယ်လွန်သူ ဗိုလ်ချုပ်မြ ပြောသလိုပဲ မြေပြန့်နေ လူမျိုးစုကြီးရဲ့ အမည်လို့ အများက နားလည် လက်ခံနေကြတယ်။ ဒါပေမဲ့ နိုင်ငံတခုရဲ့ အမည်ဆိုတော့ အထက်မှာ ဆိုခဲ့သလို အကျိုးအကြောင်း ဇာစ်မြစ်ကိုတော့ ရှာဖို့လိုပါတယ်။ ရှာတဲ့ အခါမှာလည်း ခေတ်ပြိုင် အိမ်နီးခြင်း အမျိုးသားတွေက ကျနော်တို့ကို ဘယ်လို ခေါ်ဝေါ်သတ်မှတ်တယ် ဆိုတာကို ထည့်သွင့် စီစစ်ဖို့ လိုပါတယ်။
လေ့လာဆန်းစစ်မိသလောက်နဲ့ ကျွန်တော့အမြင် ပြောရရင်တော့ ပြည်ထောင်စု တခုလုံးနဲ့ ပတ်သက်တဲ့ အများဆိုင်နာမ်ဟာ ဗမာသာဖြစ်သင့်ပြီး မြန်မာကတော့ ပြည်ထောင်စု အလယ်ပိုင်း မြေပြန့်နေ လူမျိုးစုကြီးကို ခေါ်ဝေါ်ရည်ညွန်းသင့်တယ်လို့ ယူဆပါတယ်။
ဗမာ
ဒီဝေါဟာရတွေနဲ့ ပတ်သက်ပြီး လေ့လာရာမှာ အိန္ဒိယမှာ ရောက်ရှိနေထိုင်ရတာက ကျွန်တော့အတွက် အားသားချက်လို့ ဆိုရပါမယ်။ တကယ်တော့ ဗမာဆိုတဲ့ ဝေါဟာရဟာ ဒီကနေ့ ဗမာပြည်ထဲမှာ နေထိုင်နေ့ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးရဲ့ ဘာသာစကားနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ဗမာဆိုတာ အိန္ဒိယစကား သက္ကတဘာသာ ဗြဟ္မာကနေ ပျက်ရွေ့လာတဲ့ ဝေါဟာရဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀၀၀) ကျော် အထက်ကာလက ကျွန်တော်တို့ ဘိုးဘွားတွေ ၀င်ရောက်အခြေချ မနေထိုင်မီကတည်းက မဇ္ဈိမတိုင်းသားတွေက လက်ရှိ ဗမာပြည်လို့ ခေါ်တဲ့ နယ်မြေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။
အာသံနယ်ကနေ ဖြတ်စီးပြီး ဂင်္ဂါမြစ်ထဲကို ပေါင်းဆုံသွားတဲ့ ဗြဟ္မာကြီးရဲ့သားလို့ အဓိပ္ပါယ်ရှိတဲ့ ဗြဟ္မပုတ္တရမြစ်ရဲ့ အရှေ့ဘက်ဒေသကို မဇ္ဈိမတိုင်းသားတွေက သူတို့ဘာသာနဲ့ ဗြဟ္မာဒေ့ရှ် (သို့) ဗာရမာဒေ့ရှ် (Bramah Desh) လို့ ခေါ်ပါတယ်။ ဗြဟ္မာ+ ဒေ့ရှ် က ဗြဟ္မာဟာ ဗြဟ္မာကြီးကို ရည်ညွန်းပြီး ဒေ့ရှ်ဆိုတာကတော့ ဒေသ၊ နယ်မြေလို့ အဓိပ္ပါယ်ရှိပါတယ်။ ဗြဟ္မာကြီးရဲ့ နယ်မြေ (Land of Lord Bramah) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ အဲဒီဒေသထဲမှာ နေထိုင်သူများကိုတော့ ဗာရမာ သို့မဟုတ် ဗားရမားလို့ ခေါ်ကြတယ်။ ဒီနေ့ခေတ် အိန္ဒိယ နိုင်ငံသားတွေက နိုင်ငံကို ဗရမာဒေ့ရှ်လို့ ခေါ်ပြီး လူတွေကိုတော့ ဗားရမားလို့ ခေါ်နေကြဆဲ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အထင်ကရဖြစ်တဲ့ ဧရာဝတီမြစ်ဆိုတာကလည်း ဆင်မြစ်လို့ အဓိပ္ပါယ်ရတဲ့ သက္ကတ စကားပျက်ဖြစ်ပါတယ်။ ဧရာဝဏ်+ နဒီ က ဧရာဝဏ် (Iravan) ဆိုတာ ဆင်ဖြစ်ပြီး နဒီဆိုတာကတော့ မြစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဗမာဆိုတဲ့ ဝေါဟာရသာလျှင် လက်ရှိပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အမျိုး အနွယ်စု အားလုံးကို ခြုံငုံကိုယ်စားပြုတယ်လို့ ယူဆပါတယ်။
မြန်မာ
မြန်မာဆိုတဲ့ ဝေါဟာရကို ဆန်းစစ်ကြည့်လျှင် အစောဆုံး သုံးနှုန်းခဲ့တာ ပုဂံခေတ်မှာလို့ ဆိုရမှာဖြစ်ပါတယ်။ ဟုတ်တာ၊ မဟုတ်တာ အပထားလို့ ရှေ့လူများအဆိုအရ ပုဂံခေတ် နှောင်းပိုင်း တရုတ်ကျူးကျော်စစ်ကို ခုခံဘို့အတွက် ကျန်းမာသန်စွမ်းသူတွေ၊ “မြန်မြန်မာမာ” လူတွေ ထွက်ကြလို့ ဆင့်ဆော်ရာကနေ ပေါ်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်းဟာ အဲဒီ့နောက်ပိုင်း သိပ်ပြီး တွင်ကျယ်ခဲ့ဟန် မတူပါဘူး။ ပုံနှိပ်လုပ်ငန်းတွေ ပေါ်လာတဲ့ ကုန်းဘောင် ခေတ်နှောင်းပိုင်းကျမှ ပြန်ပေါ်လာတာကို တွေ့မိပါတယ်။
မြန်မာဝေါဟာရရဲ့ ဇာစ်မြစ်က တိဘက်ဗမာ မျိုးနွယ်စုဝင်တွေ့ရဲ့ မိမိနဲ့ စပ်ဆိုင် ရည်ညွန်းတဲ့ စကားဖြစ်ပါတယ်။ မြန် နဲ့ မာကို ပေါင်းစပ်ထားတဲ့ ဝေါဟာရဖြစ်ပါတယ်။ အဲဒီမှာ မာ ဆိုတာကို အထူးကြံဆစရာမလိုပဲ ဒီခေတ်အဓိပ္ပါယ်အတိုင်း မာချာခြင်း၊ သန်စွမ်းခြင်း စတဲ့ ချိနဲ့ပျောနွဲ့ခြင်းနဲ့ ဆန့်ကျင်ဘက်သဘောကို ဆောင်ပါတယ်။ တကယ်တော့ မာ စကားလုံးဟာ မြန် ဆိုတဲ့ စကားလုံးကို ၀ိဂြိုလ်ပြုတဲ့ ကြိယာဝိသေသနသဘောသာ ဖြစ်ပါတယ်။ အရင်းမူလ ပုဒ်က မြန် ပဲဖြစ်ပါတယ်။ မြန် ရဲ့ လုံးခြင်း အဓိပ္ပါယ်က ဒီနေ့ခေတ် နားလည်နေသလို လျင်ခြင်း၊ မြန်ခြင်း၊ သွက်လက်ခြင်း အဓိပ္ပါယ် မဆောင်ပါဘူး။ မိမိကိုယ်ကို ရည်ညွန်းတဲ့ “လူ” ဆိုတဲ့ အဓိပ္ပါယ်သာ ဆောင်ပါတယ်။
ဘာသာဗေဒ (Linguistic) သဘောအရ မျိုးနွယ်စုတွေရဲ့ ဆွေမျိုးဆက်နွယ် အနီး အဝေးကို အခြေခံဝေါဟာရများ (Fundamental Word) တူညီမှု ပမာဏနဲ့ တိုင်းတာ ကြတယ်။ တူညီမှုများရင် ဆွေမျိုးဆက်နွယ်မှု နီးပြီး နည်းရင် ဝေးတယ်လို့ သတ်မှတ်ကြတယ်။ အခြေခံဝေါဟာရ ဆိုတာ ရေ၊ မီး၊ နေ၊ လ၊ အဖေ၊ အမေ၊ လူ၊ သစ်ပင်၊ တော၊ တောင်နဲ့ ကိန်းဂဏန်း အရေအတွက်စတဲ့ နိစ္စဓူဝ သုံးနှုန်းနေကြတဲ့ အခြေခံဝေါဟာရတွေကို ဆိုလိုပါတယ်။ အိန္ဒိယ နယ်ခြား တောင်တန်းများ နဲ့ မြေပြန့်များမှာ နေထိုင်ကြတဲ့ တိဘက်ဗမာ မျိုးနွယ်စုဝင် ချင်း၊ မီဇိုး၊ ဇိုမီး၊ ကသည်း၊ နာဂစတဲ့ အမျိုးအနွယ်တွေရဲ့ စကားမှာ လူ ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး ပြောဆို ရည်ညွန်းရာမှာ မုဋ္ဌဋ္ဌာန်လို့ ဆိုတဲ့ နှုတ်ခမ်းကို ပိတ်ပြီး ရွတ်ဆိုစဉ် နှုတ်ခမ်းဖျားမှာ ဖြစ်ပေါ်တဲ့ “မ” ကို အခြေခံတဲ့ အသံတွေ ဖြစ်နေကြပါတယ်။ “မီ” “မင်” “မန်” “မာန်” “မီယန်” “မြန်” စတဲ့ အသံများနဲ့ လူ ကို ရည်ညွန်းကိုယ်စားပြုကြတယ်။ အနောက်ဖက် တောင်တန်းသားများတွေထဲက သူတို့ကိုယ် သူတို့ မီဇိုး၊ ဇိုမီးလို့ ခေါ်ဝေါ်ကြတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကတော့ တောင်ပေါ်လူ၊ သို့မဟုတ် တောင်ပေါ်သားလို့ ဖြစ်ပါတယ်။ (မီ= လူ+ဇို= တောင်)
ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ မူလဒေသဟာ တိဗက်ကုန်းမြင့်ရဲ့ အရှေ့တောင်ပိုင်း ဒီနေ့တရုတ်ပြည် စီချွမ်ဒေသလို့ ဆိုပါတယ်။ ဗမာပြည်ထဲ ပြောင်းရွေ့နေထိုင်ရာ လမ်းကြောင်း နောက်ဆုံး စခန်းထောက်ဖြစ်တဲ့ ယူနန်နယ်သားများက ကျွန်တော်တို့ကို “မြန်တင့်” လို့ ခေါ်ကြပါတယ်။ ပုဂံပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်တွေဟာ ဒီနေ့ဗမာပြည် အထက်ပိုင်းကို “မီယန်ချန်-MienQan” လို့ အမည်သတ်မှတ်ပြီး တရုတ်အင်ပါယာထဲ သွတ်သွင်းကြောင်း ကြေငြာခဲ့ပါတယ်။ (ဒီအချက်ကို ကိုးကားပြီး ကူမင်တန် ထိုင်ဝမ်တရုတ်ပြည်က မြစ်ကြီးနား အပါအ၀င် ဗန်းမော် မျဉ်းတပြေးအထက် ဗမာပြည်ကို သူတို့ပိုင် အဖြစ် သတ်မှတ် တောင်းဆို နေတာဖြစ်တယ်။) စကားစပ်အနေနဲ့ တင်ပြရရင် အာသံမှာ ကျန်ခဲ့တဲ့ ရှေးမြန်မာ အဆက် အနွယ်များဟာ သူတို့နာမည်နောက်မှာ မျိုးနွယ်စုအမည် (Surname) အဖြစ် မာန် (Marn) ကို ထည့်ပြီး မျိုးနွယ်ကို ထိန်းသိမ်းနေကြတာပါ။ ရှမ်းတွေက မျိုးနွယ်စု အမည်အဖြစ် (Shyam) လို့ သုံးပြီး ထိန်းကြတယ်။ ဥပမာ- ရာမေ့ရှ်မာန် (Ramesh Marn) ထန်းအောင်ရှမ်း (Thang Ang Shyam) တို့ ဖြစ်တယ်။ သူတို့ဟာ ပထမ အင်္ဂလိပ်ဗမာစစ်ပွဲအပြီး ဗမာတွေ ပြန်ဆုတ်စဉ် ကျန်ခဲ့တဲ့သူတွေရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် နှစ်စဉ် ဗမာပြက္ခဒိန်အတိုင်း နှစ်သစ်ကူးပွဲတွေကို အတူဆင်နွှဲကြတယ်။ ပွဲဆန်ဂံ (Pwe Sanghan) ဆိုတဲ့အမည်နဲ့ ဗာရမားဆိုတဲ့ ဘုံအမည်အောက်မှာ အတူဆင်နွှဲကြတာ ဖြစ်တယ်။ အခုတော့ သူတို့အကြားက ဘုံစကားဟာ အာသံစကား (Assamese) ဖြစ်တယ်။
ရှေးဦးပုဂံခေတ် ဘုရင်နဲ့ ဆိုင်တဲ့ အသုံးအနှုန်းဖြစ်တဲ့ မင်းစော၊ မင်းစိုး၊ စိုးမင်းဆိုတဲ့ ဝေါဟာတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ရင်လဲ လူဆိုတဲ့ အဓိပ္ပါယ်ကိုသာ ရည်ညွန်းနေ ပါတယ်။ ဒီမှာလည်း မင်း ဆိုတာ မင်၊ မီ၊ မာန်၊ မီယန် စတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ် လူ ပဲဖြစ်ပါတယ်။ စော၊ စိုဝ်၊ စိုး ဆိုတာတွေကလည်း အသံသာကွဲပြီး အဓိပ္ပါယ်တူတဲ့ ဝေါဟာရတွေ ဖြစ်ပါတယ်။ စိုးမိုး ချုပ်ချာခြင်း၊ ကြီးမှုးခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် မင်းစော၊ မင်းစိုးဆိုတာ လူတို့ကို စိုးမိုးအုပ်ချုပ်သူ၊ လူထုရဲ့ အကြီးအမှုးလို့ အဓိပ္ပါယ် ဆောင်ပါတယ်။
အထက် တင်ပြခဲ့တဲ့ အချက်တွေအရ မြန်မာဝေါဟာရပါ မြန် ဆိုတာဟာ တိဗက်ဗမာ အနွယ်ဝင်တွေက ကိုယ့်ကိုကိုယ်ရည်ညွန်းတဲ့ လူ ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း ကောက်ချက် ပြုနိုင်ပါတယ်။ ဒါကြောင့် သန်းစွမ်းမာချာတဲ့ လူများလို့ အဓိပ္ပါယ်ဆောင်တဲ့ မြန်မာ ဆိုတဲ့ ဝေါဟာရဟာ တိဗက်ဗမာမျိုးနွယ်စုဝင် မြေပြန့်နေ လူမျိုးစုကြီးကိုသာ ရည်ညွန်းကြောင်း ထင်ရှားပါတယ်။
ဗမာလား၊ မြန်မာလား
ဗမာ၊ မြန်မာ ရေးထုံး ကွဲလွဲချက်တွေဟာ ကိုလိုနီခေတ်ဦးပိုင်းမှာ စခဲ့တယ်လို့ လေ့လာ မိပါတယ်။ မြန်မာဆိုတဲ့ ဝေါဟာရဟာ ကုန်းဘောင်ခေတ်နှောင်း ပုံနှိပ်စက်များ ပေါ်လာစဉ် အတော် အသုံးတွင်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင် မ ကိုရရစ်ကာ မ နှစ်လုံးဆင့် ရေးချာနှင့် “မြမ္မာ” လို့ ရေးထားတာတွေတောင် ရှိပါတယ်။ ဗြိတိသျှအောက်ဗမာပြည် မော်လမြိုင်မြို့က ထုတ်တဲ့ ပထမဦးဆုံး သတင်းစာရဲ့ အမည်ဟာ “မြမ္မာသီတင်းစာ” လို့ ဖြစ်ပါတယ်။ ဗမာဆိုတဲ့ ရေးထုံးနဲ့ အသုံးအနှုန်းက အင်္ဂလိပ်တွေ ဗမာတပြည်လုံးကို သိမ်းပြီးနောက်ပိုင်း သူတို့နဲ့ အတူပါလာတဲ့ အိန္ဒိယတိုက်သားတွေ ရောက်လာမှ တွင်ကျယ်လာတယ်လို့ ယူဆပါတယ်။ သူတို့အမြင် အတိုင်း ဌာနေဗမာပြည်သားအားလုံးကို ချုံငုံခေါ်ဝေါ်တဲ့ အမည်ဖြစ်ပါတယ်။ ဗားရမားဝါလားလို့ဖြစ်တယ်။ အဲဒီ့အချိန်က အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားရဲ့ စာရေးစာချီက အစ ၀န်ထောက် အတွင်းဝန်အထိ အများစုဟာ အိန္ဒိယတိုက်သားတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ခံ ဌာနေသားတွေက အုပ်ချုပ်သူတွေ နားလည်အောင် ဗားရမားဆိုတဲ့ စကားကို လိုက်ပြောရာကနေ ဗမာဆိုတဲ့အသုံး တွင်ကျယ်လာတယ်လို့ ယူဆရပါတယ်။ အဲဒီခေတ် ရှေ့ကာလ အရင်က ဗမာပြည်ထည်းမှာ ဗမာ မြန်မာဆိုတဲ့ အသုံးအနှုန်းက မတွေ့မိ သလောက်ပါပဲ။ ရှိခဲ့ရင်လည်း အတော်နည်းပါးပါလိမ့်မယ်။ ထိုအချိန်က အသုံးတွင်ခဲ့တာက နန်းစိုက်ရာ မင်းနေပြည် မြို့ရွာအမည်အတိုင်း ပုဂံသား၊ အင်းဝသား၊ တောင်ငူသား၊ ဓည၀တီသားလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။ ဒီနေ့ခေတ်ထိ မဏိပူရ ကသည်းများက ဗမာကို အ၀ (အင်းဝ) (သို့မဟုတ်) ကဘော် (ကဘော်သား) လို့ ခေါ်နေ ကြဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ် မှတ်တမ်းများမှာလည်း အင်းဝ (Ava)၊ သန်လျင်စသည်ဖြင့် မြို့ရွာအမည်တိုင်းပဲ တွေ့ရ ပါတယ်။ အင်္ဂလိပ်တွေ အိန္ဒိယပြည်ကြီးကို သိမ်းပြီး အိန္ဒိယက တဆင့် ဗမာပြည်ကို ဆက်စပ်ထိတွေ့လာချိန်ကျမှပဲ ဗားမား (Burma) လို့ ရေးလာတာ ဖြစ်ပါတယ်။ ဒါကလည်း ဗမာရဲ့ ရင်းမြစ်ဖြစ်တဲ့ အိန္ဒိယတိုင်းသားတွေရဲ့ စကား၊ အခေါ်အဝေါ် (Bramah) ကို အင်္ဂလိပ်နားအကြားနဲ့ ရေးခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။
တို့ဗမာအစည်းအရုံးနဲ့ လူမျိုးစုံစည်းလုံးရေး
ဗမာဆိုတဲ့ အသုံးအနှုန်းနဲ့ တိုင်းရင်းသားအားလုံးကို ခြုံငုံကိုယ်စားပြုပြီး တွင်တွင် ကျယ်ကျယ် အသုံးပြုလာတာဟာ တို့ဗမာအစည်းအရုံးခေတ်မှာ ဖြစ်ပါတယ်။ အဲဒီ့မတိုင်ခင်က နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ဂျီစီဘီအေရဲ့ အမည် မြန်မာအသင်းချုပ်ကြီးဆိုတာနဲ့ ကွဲလွဲစွာ သုံးထားခြင်းဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော်သီချင်းရဲ့ အခြေခံဖြစ်တဲ့ တို့ဗမာသီချင်းမှာ- “(တို့ဗမာ)၂ ပြေကို တိုင်းရင်းသား အကုန်အစင်၊ တို့ပြေလို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်” လို့ ရေးဖွဲ့ခဲ့ပါတယ်။ ဒီတို့ဗမာသီချင်းဟာ ၀ိုင်အမ်ဘီ သခင်တင်နဲ့ အစည်းအရုံး စတင်တည်ထောင်သူ သခင်ဘသောင်းတို့ စပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တက္ကသိုလ် သထုံဆောင်မှာ စတင်ပြီး ပရိတ်သတ်အကြား သီဆိုခဲ့ကြတယ်။ အဲဒီပွဲမှာ သီချင်းနဲ့ ပတ်သက်ပြီး သခင်ဘသောင်းက ဖွင့်ဆို ရှင်းလင်းပြခဲ့တယ်။ သူရှင်းလင်းပြခဲ့တဲ့ အထဲမှာ “ဒီကမ္ဘာမြေကြီးဟာ ကြေပျက်မသွားသမျှ ကာလပတ်လုံး ငါတို့ဗမာပြည်ကို ဗမာတိုင်းရင်းသား အကုန်ုလုံးက မြောက်ဘက်ပူတာအိုက တောင်ဘက် ၀ိတိုရိယအရောက် အနောက်ဘက် အိန္ဒိယနယ်စပ်က အရှေ့ဘက် ယိုဒယား ကမ္ဘောဇနယ်စပ်အရောက် ဗမာပြည်တ၀ှမ်းလုံးကို တို့ပြည်၊ တို့မြေ၊ တို့အိမ်၊ တို့ရွာလို့ မှတ်ကြရမယ်။ တို့ဗမာ တိုင်းရင်းသား အကုန်လုံးကို သွေးသားအရင်းအချာလို ချစ်ခင်ကြဘို့ တာဝန်ဟာ ငါ့တို့ရဲ့ အဓိက တာဝန်ကြီးဖြစ်တယ်” လို့ အဓိပ္ပါယ် ဖွင့်ဆိုသွားပါတယ်။
ဒီနေရာမှာ စကားကြုံတခု ပြောချင်ပါတယ်။ တချို့သော နိုင်ငံရေးသမားတွေ နိုင်ငံရေး ဆောင်းပါး ရေးနေသူတွေက ဒီနေ့ စစ်အာဏာရှင်တွေ ကျင့်သုံးနေတဲ့ မဟာလူမျိုးကြီးဝါဒဟာ တို့ဗမာအစည်းအရုံးက အခြေခံတယ်လို့ တောရမ်းမယ်ဘွဲ့ ဆိုနေကြတယ်။ ရေးနေကြတယ်။ ဒါဟာ သမိုင်းအရ မှားယွင်းရုံမက ကွယ်လွန်ကြကုန်ပြီဖြစ်တဲ့ တည်ထောင်သူ၊ လှုပ်ရှား ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ စေတနာ၊ ရည်မှန်းချက်နဲ့ ကျေးဇူးကို စော်ကားတာ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီအချိန်က စိတ်ဓာတ်ရေးရာအရ အောက်တန်းကျနေတဲ့ ဇာတိမာန်ကို ပြန်လည်မြှင့်တင်ဖို့အတွက် ငါတို့လည်း ဇာတိပုည ဂုဏ်မာနနဲ့ ရာဇ၀င် ထွန်းပြောင်ခဲ့တဲ့သူတွေဖြစ်တယ်။ အဆင့်အတန်းမြင့်တဲ့ လူမျိုးကြီးသာဖြစ်တယ်လို့ နှိုးဆော်ခဲ့ ကြတယ်။ လှုံ့ဆော်ခဲ့ကြတယ်။ ဒါဟာ ဗမာပြည်သား တိုင်းရင်းသား အကုန်အစင်ကို ရည်ညွန်းနှိုးဆော်တာ ဖြစ်တယ်။ ဘယ်လူမျိုးစု တခုကိုမှ သီးခြား ၀ကွက် ရည်ညွန်းခဲ့တာ မဟုတ်ပါဘူး။ တို့ဗမာ အစည်းအရုံးရဲ့ လူမျိုးရေးအမြင် ကင်းရှင်းကြောင်းကို အာဇာနည် ခေါင်းဆောင်ကြီး သခင်မြက ဘုရင်ခံလွှတ်တော်မှာ “တို့ဗမာအစည်းအရုံးရဲ့ စည်းမျဉ်းမှာ လူမျိုးရေးအရ ကျဉ်းမြောင်းတဲ့ သဘောတရားကို ဘယ်တုန်းကမှ မချမှတ်ခဲ့ပါ။ ဒီလို ၀ါဒမျိုးကို အုပ်စိုးခံ ပြည်သူတွေအပေါ်မှာ သွေးခွဲလေ့ရှိတဲ့ အစိုးရများကသာ ချမှတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ တို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ အိန္ဒိယ အမျိုးသားများဟာ အမြဲမပြတ် လက်တွဲ ရပ်တည် ဆောင်ရွက်ခဲ့တာ အားလုံးအသိပါ။ အိန္ဒိယ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသာ တို့ဗမာအစည်းအရုံးတွင် ပါဝင်ပြီး အိန္ဒိယ ဓနရှင်များ မပါဝင်ပါ။ ဒါကြောင့် တို့ဗမာအစည်းအရုံးက ကျဉ်းမြောင်းတဲ့ လူမျိုးရေး သွေးခွဲမှု လုပ်ငန်းမျိုးမှာ ဘယ်တုန်းကမှ မပါခဲ့ပါ။” လို့ အတိအလင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံး လှုပ်ရှားမှုတွေမှာ လူမျိုးစုံတို့ ပါဝင်လှုပ်ရှားကြခဲ့တာဖြစ်တယ်။
တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေး သြဇာမကင်းတဲ့ နိုင်ငံရေး၊ လူမှုရေးအသင်း အဖွဲ့များဟာ တပြည်လုံးကို ခြုံငုံပြီး ဗမာလို့ပဲ သုံးခဲ့ကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည်ဆိုရှယ်လစ်ပါတီ၊ ဗမာပြည် တောင်သူလယ်သမား အလုပ်သမား အစည်းအရုံး (ဗတလစ)၊ ဗမာပြည် အလုပ်သမား လယ်သမားပါတီ၊ ဗမာ့တပ်မတော် ဗကသများအဖွဲ့ချုပ် စသည်ဖြင့် ဖြစ်ကြတယ်။ တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေးသြဇာ ရှိနေသေးတဲ့ ဂျပန်ခေတ် လွတ်လပ်ရေးနဲ့ လွတ်လပ်ရေးခေတ် အစောပိုင်းကာလတွေမှာလည်း နိုင်ငံ့အမည်ကို ဗမာနိုင်ငံတော်၊ ပြည်ထောင်စု ဗမာနိုင်ငံလို့ ရေးခဲ့၊ သုံးခဲ့ကြပါသေးတယ်။
လူမျိုးစုတခုကိုသာ ကိုယ်စားပြုတဲ့ မြန်မာဆိုတဲ့ ဝေါဟာရကို နိုင်ငံနှင့် အစိုးရများနဲ့ ပတ်သက်ပြီး ပေါ်ပေါ်တင်တင် စတင်အသုံးပြုလာတာဟာ ဗိုလ်နေ၀င်း အာဏာသိမ်းပြီး ခေတ်မှာ ဖြစ်ပါတယ်။ တရားဝင် ပြောင်းလဲ သတ်မှတ်မှုကတော့ နိုင်ငံသားဥပဒေ (၁၉၈၂ လား၊ ၈၅ လား မသိပါ) အတည်ပြု ပြီးမှ ဖြစ်ပါတယ်။ မဟာလူမျီုးကြီးဝါဒ ပြောင်ပြောင် တင်းတင်း ပေါ်ထွန်းလာတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာ၊ ဗမာ ဝေါ်ဟာရ အရှုပ်အထွေးကို မလိမ့်တပတ် အသုံးချပြီး လူမျိုးစု တခုတည်းရဲ့ အမည် မြန်မာကို ပြောင်းလဲ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ တကယ်တမ်း အားဖြင့်တော့ ပြည်ထောင်စုကြီးရဲ့ အမည်နဲ့ လူမျိုးစုံ နိုင်ငံသား အားလုံးရဲ့ အမည်ဟာ ဗမာပဲ ဖြစ်ရမည်လို့ ယူဆပါတယ်။
ပြည်ထောင်စုမှုနှင့် လက်ဝဲအယူအဆ
ကိုထွန်းအောင်ကျော်က ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်နဲ့ စပ်လျဉ်းပြီး လက်ဝဲနိုင်ငံရေး သမားတချို့က ဗိုလ်ချုပ်အောင်ဆန်းကို ရှုတ်ချဆဲရေးတယ်လို့ ရေးထားပါတယ်။ သူကော ကျွန်တော်ပါ အဲဒီ့ခေတ်ကို မမှီပါ။ လက်လှမ်းမီသလောက် လေ့လာဆည်းပူးကြရတာပါပဲ။ သူ့အနေနဲ့တော့ သူ့အတွက် ယုံကြည်စိတ်ချလောက်တဲ့ ပုဂ္ဂိုလ်တဦးရဲ့ အပြော (သို့မဟုတ်) အကြားကို ကိုးကားပြီး ရေးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ရဲ့ လေ့လာ သုံးသပ်ချက် အရကတော့ ဒါဟာ မမှန်နိုင်ပါဘူး။ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ လုပ်ကြံပြောဆိုမှုသာ ဖြစ်နိုင်ပါတယ်။ ဥပမာ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ ဧည့်ခံပွဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဦးနုက သူ့ရဲ့ မိန့်ခွန်းမှာ “ကမ္ဘာကြီးမှာ စစ်အနိဋ္ဌာရုံ ပြာပုံမှာသာ ရှင်သန် ပေါ်ပေါက်နိုင်တဲ့ ကွန်မြူနစ်ဝါဒ ခေါင်းထောင်လာပါလိမ့်မယ်” လို့ သူ့ရဲ့ တာတေ စနေသား စာအုပ်မှာ ရေးထားပါတယ်။ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းရှေ့မှာ ပြောတဲ့စကားဟာ ကွန်မြူနစ်ဝါဒကို ပုတ်ခတ်တာ လုံးဝမဖြစ်နိုင်ပါ။ ဒီနေရာမှာ တကယ်ဖြစ်နိုင်တာက နာဇီဝါဒ လို့သာ ဖြစ်ရပါမယ်။ ပြီးတော့ နာဇီနဲ့ ကွန်မြူနစ် ဝေါဟာရတွေဟာ စကားလုံးချင်း ဘယ်လိုမှ မနီးစပ်တဲ့အတွက် စာစီစာရိုက်အမှားလည်း မဖြစ်နိုင်ပါ။ ဒီတော့ ဒါဟာ ကွန်မြူနစ်ဝါဒကို မုန်းတီးတဲ့ စာရေးသူ (သို့မဟုတ်) တည်းဖြတ်သူရဲ့ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။
ဒီလိုပဲ ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး တချို့ လက်ဝဲသမားတွေက ဗိုလ်ချုပ်အောင်ဆန်းကို ရှုတ်ချဆဲရေးကြတယ်ဆိုတာဟာ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်သလို အလွန်ထိရောက်ပါတယ်။ လက်ဝဲအယူအဆရှိသူတွေကို လူနည်းစု တိုင်းရင်းသားတွေနဲ့ကော ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုသူတွေနဲ့ပါ ရန်တိုက်ပေးတဲ့ စကားပဲဖြစ်ပါတယ်။ လူမျိုးစုရေးရာနဲ့ ပတ်သက်လို့ လက်ဝဲအယူအဆ အမြင်ကို အာဇာနည် ခေါင်းဆောင်ကြီး သခင်မြက ၁၉၃၉ ဘုရင်ခံလွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။
“ကွန်မြူနစ်ဝါဒဆိုတာ လူမျိုးရေးခွဲခြားမှုဝါဒအားလုံးကို ပယ်ဖျက်တဲ့ နိုင်ငံတကာ စည်း လုံးညီညွတ်ရေး ၀ါဒဖြစ်တယ်။ အဖွဲ့အစည်းတရပ်ကို ကွန်မြူနစ်ဆန်တယ် စွပ်စွဲပြီးရင် ဘယ်လိုလုပ်ပြီး လူမျိုးခွဲခြားရေးဝါဒကို ဆုတ်ကိုင်ထားတယ်လို့ စွပ်စွဲနိုင်ရသလဲလို့ ဆိုပါတယ်။”
ဗိုလ်ချုပ်အောင်းဆန်းနှင့် ခွဲထွက်ခွင့်
လက်ဝဲသမားမှန်ရင် လူမျိုးစုတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးကို အလေးအနက် လက်ခံသူများသာဖြစ်တယ်။ လီနင်က သူ့ရဲ့ လူမျိုးစုပြဿနာနဲ့ ပတ်သက်တဲ့ စာတမ်းတခုမှာ “ခွဲထွက်ခွင့်နှင့်တကွ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ထက် နိမ့်ကျတဲ့ မည်သည့် မူဝါဒကမျှ လူမျိုးစုပြဿနာကို မဖြေရှင်းနိုင်” (No policy less than self determination with secession right can solve the nationalities problems) လို့ ဆိုပါတယ်။ ဒီအယူအဆကို အခြေခံပြီး တချိန်က ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ကို ထည့်သွင်း ပြဋ္ဌာန်း ခဲ့ပါတယ်။ လက်ဝဲ အယူအဆကို သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီအယူအဆအရ ပင်လုံညီလာခံမှာ ခွဲထွက်ခွင့်ကို လက်ခံသဘောတူခဲ့တာ ဖြစ်ပါလိမ့်မယ်။
ဒါကို ပင်လုံညီလာခံထဲမှာတင် ကန့်ကွက်ခဲ့တာက လက်ဝဲသမား မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်ရော အတွေ့အကြုံပါကြီးတဲ့ နောင်လွတ်လပ်ရေးခေတ် အာဏာရပါတီခေါင်းဆောင်တဦးက ဗိုလ်ချုပ်အောင်ဆန်းကို စိတ်လိုက်မာန်ပါ ခံစားမှုအတိုင်း မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “ဒါကတော့ အတူတွဲလုပ်ပြီး အလုပ်နဲ့ သက်သေပြရမှာပဲ၊ (၁၀) နှစ် အတူလုပ်ပြီးတဲ့အထိ ခွဲထွက်ချင်နေသေးတယ်ဆိုရင် ဒါကျုပ်တို့ ညံ့လို့ပဲ” လို့ ပြန်ပြောခဲ့ကြောင်း အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံစာအုပ်မှာ ရေးထားတာကို တွေ့ရပါတယ်။
အခုခါမှာတော့ ငြိမ်းချမ်းရေး ကင်းမဲ့ပြီး အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည် အခြေအနေဆိုးကို အဖြေရှာကြရင်း တာဝန်မကင်းတဲ့သူတွေက ပင်လုံစာချုပ်အပေါ် အပြစ်တင်လိုတဲ့ အမြင်တွေကို တိုးတိုးတိတ်တိတ် မရိုးမသား ပြောဆိုနေကြတယ်။ အဲဒီ့ထဲမှာ မဟာလူမျိုးကြီးဝါဒီများရော ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေရော ပါဝင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံ ညီလာခံနဲ့ သဘောတူညီချက်တွေဟာ အခြေအနေအချိန်အခါအရ မှန်ကန်တဲ့ ဆောင်ရွက် ချက်တွေပဲ ဖြစ်ပါတယ်။ ညီလာခံရလာဒ်ကို ပီပြင်အောင် အကောင်အထည် မဖော်နိုင်တာ ကတော့ ဆက်ခံသူ နောက်လူတွေရဲ့ တာဝန်သာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ဒေါက်တာန်သန်းထွန်းက “ဖဆပလတွေ ညံ့ပုံကတော့ ပြည်ထောင်စု(ပင်လုံ) ကျောက်တိုင် တောင် တည့်အောင် မထောင်နိုင်ဘူး” လို့ သူ့ထုံးစံအတိုင်း ခပ်ငေါ့ငေါ့ မှတ်ချက်ပြုခဲ့ပါတယ်။
ခွဲထွက်ခွင့်နဲ့ စစ်အာဏာရှင်စနစ်
ကိုထွန်းအောင်ကျော်ရဲ့ ဆောင်းပါး အစပိုင်းမှာ စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာရ ခြင်းဟာ ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်ကြောင့်လို့ ဆိုပါတယ်။ ဒါဟာ မမှန်ပါဘူး။ စစ်တပ် ခေါင်းဆောင်ပိုင်းကို သွေးထိုးဖို့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ဟာ နှစ်ကာလ ကြာရှည် တဖက်သတ် ၀ါဒဖြန့်မှုတွေကြောင့် လူအများကြားမှာ တကယ့် ပကတိတရားလို ခိုင်မာလာပါတယ်။ လွတ်လပ်ပြီးနောက် ဆယ်နှစ်ပြည့်ရင် ခွဲထွက်လိုက ခွဲထွက်နိုင်သည်ဆိုတဲ့ အချက်ဟာ ပင်လုံညီလာခံမှာ မူအားဖြင့် ဆွေးနွေးသဘောတူခဲ့ကြတာ မှန်းသော်လည်း စာချုပ်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ၁၉၄၇ ဖွဲ့စည်းပုံထဲကျမှ ထည့်သွင်းပြဋ္ဌာန်း (အပိုဒ် ၁၀ ဖြစ်မည်ထင်ပါသည်။) ထားတာ ဖြစ်ပါတယ်။ ဒါကလည်း ပြည်နယ်အားလုံးကို မရည်ညွန်းပါဘူး။
လွတ်လပ်ပြီး (၁၀) နှစ်ပြည့်တဲ့ အထိ ဒီအန္တရာယ်ဆိုတဲ့ အယူအဆဟာ မပေါ် သေးပါဘူး။ ၁၉၅၈ ခုနှစ်မှာ စစ်တပ်ကို အားပြု ရပ်တည်နေရတဲ့ အာဏာရ ဖဆပလ ပြိုကွဲပြီးမှ စစ်တပ်ကို ကိုယ့်ဘက်သူ့ဘက်ပါအောင် ဆွဲဆောင်ကြရင်းက ဒီအယူအဆ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ လုပ်ခဲ့တဲ့ ရန်ကုန် အသံလွှင့်ရုံ တိုင်းရင်းသား နှီးနှောပွဲတွေမှာ ဘယ်လူနည်းစု တိုင်းရင်းသားကမှ ခွဲထွက်ခွင့်ကို ထောက်ပြ ဆွေးနွေးတာ၊ တောင်းဆိုတာ မရှိခဲ့ပါဘူး။ လူနည်းစု တိုင်းရင်းသားတွေ ဆွေးနွေးခဲ့တာက တပြည်ထောင်လည်းမဟုတ် ပြည်ထောင်စုမူ စစ်စစ်လည်း မဟုတ်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးချဲ့ဖို့ ဖြစ်ပါတယ်။ လွတ်လပ်ပြီးကာလ ကစလို့ ထိုဆွေးနွေးပွဲကာလအထိ အာဏာရ ဖဆပလအစိုးရဟာ ပြည်နယ်တွေမှာ ကိုယ်ပိုင် အစိုးရအဆင့်မဟုတ်တဲ့ ပြည်နယ်ဦးစီးကောင်စီ ဆိုတာတွေနဲ့ အုပ်ချုပ်ပါတယ်။ ဦးစီးကောင်စီ ဥက္ကဋ္ဌကို ပြည်နယ်လူထုရဲ့ ဆန္ဒမဲကို ပစ်ပယ်ပြီး ၀န်ကြီးချုပ်က သူသဘောကျသလို ရွေးချယ်ခန့်အပ်ပါတယ်။ ဒီလို မမျှတတဲ့ အချက်တွေနဲ့ မကျေနပ်ချက်တွေကို ပြုပြင်ပြီး ပြည်ထောင်စုမူ စစ်စစ်ကို ထူထောင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ နိုင်ငံရေးဟာသ
ကိုထွန်းအောင်ကျော်ရဲ့ စာအဆုံးပိုင်းမှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဦးဆောင် တပ်ပေါင်းစုဖြစ်တဲ့ (NDF) ကလည်း ခွဲထွက်ခွင့်ကို စွန့်လွှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခွဲထွက်ခွင့်နဲ့ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုရဲ့ အန္တရယ်ဖြစ်တယ်ဆိုတဲ့ အယူအဆ ဟာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုသက်သက် (Non-issue) ပဲ ဖြစ်ပါတယ်။ နအဖတွေရဲ့ လေသံအတိုင်းပြောရရင် မဟာလူမျိုးကြီးဝါဒကို အသုံးချပြီး လူထုဆန္ဒကို ပစ်ပယ်ကာ အာဏာကို ဖြတ်လမ်းက ရယူလိုသူ ဖောက်ပြန်ရေးသမားတွေရဲ့ သွေးထိုးစကား သာဖြစ်ပါတယ်။
ဒီနေ့ခေတ် လူနည်းစုတိုင်းရင်းသားတွေ အကြားမှ ကြားနေရတဲ့ ခွဲထွက်ခွင့်နဲ့ သီးခြား လွတ်လပ်ရေးဆိုတာဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှုနဲ့ ပင်လုံစာချုပ်ပါ တန်းတူရေး မူကို ချိုးဖောက်ခံရတာတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံဟာ ရာစုနှစ်ရဲ့ စိတ်ပျက်စရာ အကောင်း ဆုံးနဲ့ မရီရဆုံး နိုင်ငံရေး ဟာသတပုဒ်ပါပဲ။ ရုပ်သဏ္ဍာန်အရသာ ပြည်ထောင်စုကြီး တည်ရှိနေပေမဲ့ စိတ်ဓာတ်ရေးရာအရတော့ အစိတ်စိတ်ပြိုကွဲနေပါတယ်။ စစ်အာဏာရှင် တွေရဲ့ ကျေးဇူးကြောင့် ဘယ်လူနည်းစု တိုင်းရင်းသားကမှ သူတို့ကိုယ်သူတို့ တင်းပြည့် ကျပ်ပြည့် ပြည်ထောင်စုသား နိုင်ငံသားအဖြစ် မခံယူနိုင်၊ မခံစားနိုင်တော့ပါဘူး။ ရာစုနှစ်ဝက် မက ပြိုကွဲနေတဲ့ တိုင်းရင်းသား စည်းလုံးရေး (၀ါ) အမျိုးသားညီညွတ်ရေး ပြည်လည် တည်ဆောက်ရေးဟာ အင်မတန်ခက်ခဲမှာ အသေအချာဖြစ်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။
ကိုလိုနီအမွေဆိုးကို အဖြေရှာတဲ့ပင်လုံ
လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်ကြီးများရဲ့ ပင်လုံစာချုပ်အရ လွတ်လပ်တဲ့ ပြည်ထောင်စုရယ်လို့ ပေါ်ပေါက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်မလို့ဆိုတဲ့ Proper Burma ကို ကိုယ်စားပြုပြီး ကျန်ခေါင်းဆောင်တွေက ဘုရင်ခံအုပ်ချုပ်တဲ့ နယ်ခြား တောင်တန်း ဒေသ Frontier Burma ကို ကိုယ်စားပြုပြီး လက်မှတ်ထိုးခဲ့ကြတယ်။ ပြည်မကို ကိုယ်စားပြု ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရွေးကောက်ပွဲကို အခြေခံတဲ့ ပြည်မ လူထုကိုယ်စားလှယ် ဖြစ်ပါတယ်။ ကျန်တောင်တန်းကိုယ်စားလှယ်များကတော့ ရိုးရာအမွေခံ ခေါင်းဆောင်များ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ရဲ့ ခွဲခြားအုပ်ချုပ်ရေး စနစ်ကြောင့် ဒီလိုဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။
၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့ ထုတ်တဲ့ ဗြိတိသျှအစိုးရရဲ့ အမိန့်ပြန်တမ်းမှာ “ယခင် ဗမာဘုရင်ပိုင် နယ်မြေအားလုံးကို ဗြိတိသျှ ဘုရင်မကြီး၏ အင်ပါယာအတွင်း သွတ်သွင်း လိုက်သည်။” လို့ ဆိုပေမဲ့ တကယ်တမ်း အုပ်ချုပ်ရေးမှာတော့ ပြည်မ (Proper Burma) နဲ့ နယ်ခြား ဒေသများ (Frontier Burma) လို့ ခွဲခြား အုပ်ချုပ်ခဲ့တယ်။ မြန်မာ၊ ရခိုင်၊ မွန်၊ ကရင်စတဲ့ ပြည်မသားတွေ ဘုရင်ခံအုပ်ချုပ်တဲ့ အဲဒီ့တောင်တန်းဒေသတွေကို ၀င်/ထွက်ခွင့် မရှိဘူး။ အဲဒီ့ဒေသတွေမှာ ဗမာစာ သင်ခွင့်မရှိဘူး။ အဲဒီလို နှစ်ကာလရှည် ခွဲခြား အုပ်ချုပ်ခြင်းရဲ့ အကျိုးဆက်ကြောင့် လွတ်လပ်ရေး ယူမယ့်အချိန်မှာ ပင်လုံညီလာခံနဲ့ ပင်လုံ စာချုပ်ဆိုတာ လိုအပ်စွာ ပေါ်ပေါက်လာတာ ဖြစ်တယ်။
အလွယ်တကူ ပေါ်ပေါက်လာတာတော့ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်ရောက်နေစဉ်မှာ ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ကိုယ်စားလှယ် မဟုတ်ဖူးလို့ သံကြိုးရိုက် ကန့်ကွက်တာတွေ ရှိခဲ့သလို ပင်လုံစာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆိုခဲ့တဲ့ စော်ဘွားတွေလဲ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တောင် စိတ်ပျက် လက်လျှော့တော့မလောက် အခြေအနေရောက်ခဲ့တယ်လို့ အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ ပင်လုံစာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဦးထွန်းအေး၊ ဦးတင်အေး၊ ဦးထွန်းမြင့်စတဲ့ တိုးတက်တဲ့ ရှမ်းမျိုးချစ်တွေ ခေါင်းဆောင်ပြီး တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီး ကျင်းပခဲ့တယ်။ လူထုအစည်းအဝေးကြီးက ပြည်မနဲ့အတူ လွတ်လပ်ရေးယူရန်နဲ့ ပြည်ထောင်စု မူကို ထောက်ခံဖိအားပေးခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ ပင်လုံစာချုပ်ကို အောင်အောင် မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်။
ပင်လုံစာချုပ်နဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု ဆိုတာဟာ လူနည်းစုရော၊ လူများစုပါ တိုင်းရင်းသားအားလုံးက ကိုယ့်သဘောဆန္ဒအလျောက် ပူးပေါင်းတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သီချင်းမှာ သီဆိုသလို တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှမှုကို အခြေခံထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ လူမျိုးစုံ အမျိုးသားခေါင်းဆောင်ကြီးတွေ စိုက်ထူ ခဲ့ကြတဲ့ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုကို ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ရန်မှာ နိုင်ငံသား အားလုံးရဲ့ တာဝန် မျိုးချစ် အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒီနေ့ ပြည်ထောင်စုရဲ့ အန္တရာယ်က ဖောက်ပြန်မှု ဗီဇအခြေခံတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ၀ါဒတွေပဲဖြစ်တယ်။ တမျိုးသားလုံးရဲ့ ရန်သူဖြစ်တဲ့ စစ်အာဏာရှင် နအဖစစ်အုပ်စုဟာ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေ အကြားက ပဋိပက္ခအသွင် အပြန် အလှန် ကျေးဇူးပြု ယှဉ်ဖက်နေမှုကို အမှီပြုပြီး ရပ်တည်နေတာဖြစ်တယ်။ လွတ်လပ်ရေး တိုက်ပွဲကာလက ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ လူမျိုးစုံ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ပြီး အောင်ပွဲဆင် ခဲ့တယ်။ ဒီနေ့ စစ်အာဏာရှင်တွေကို ချေမှုန်းအောင်ပွဲဆင်ဖို့ ဆိုတာမှာ ကလည်း အမျိုးသားညီညွတ်ရေးဟာ အဓိက လိုအပ်ချက်ဖြစ်တယ်။ အမှန်တကယ် ညီညွတ်ရေး လိုချင်ရင် ရန်သူအစစ်ကို မြင်ဘို့လိုပါတယ်။
ရဲဘော်ကျော်သန်း
၆၊ ၁၂၊ ၂၀၁၀။
(ထွန်းအောင်ကျော် တွေးခေါ်ရေးသားသည့်)
ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း အပိုင်း (၁)
နောက်ခံသမိုင်း
မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးရွက်ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စုစံနစ် အုပ်ချုပ်ပုံမဟုတ်ဘဲ တပြည်ထောင်စံနစ်သာ ဖြစ်သည်ဟု ရှမ်းခေါင်းဆောင်များက ဦးဆောင်တင်ပြလာခဲ့ပြီး အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရေးကို တောင်းဆိုလာခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းလက်ဝဲ ကွန်မြူနစ်များက ပုန်ကန်ထကြွခဲ့ပြီး၊ ကရင်တပ်များကလည်း ကေအင်ဒီအို (KNDO) Karen National Defense Organization က ဦးဆောင်ပြီး ပုန်ကန်ခဲ့ကြသဖြင့် လွတ်လပ်ခါစနိုင်ငံ သည် ပြည်တွင်းစစ်မီးများကြားတွင် ကျရောက်ခဲ့ရသည်။ ထိုအခါ ပြည်သူများက သူပုန်များကို နှိမ်နှင်းနေသည့် တပ်မတော်ကို အားကိုးလာခဲ့ကြပြီး တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံရေးတွင် အရေးပါလာခဲ့သလို ပြည်တွင်းစစ်ကို ရင်ဆိုင်ရင်း သြဇာအာဏာ ကြီးမားလာခဲ့ရသည်။ တပ်မတော်ဗိုလ်ချုပ်ကြီး နေ၀င်းကို အားကိုးလာခဲ့ကြသည်။
ပြည်တွင်းစစ်ဖြစ်ရခြင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီမှ အာဏာရယူရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာပြည်မှ ခွဲထွက်၍ မိမိကိုယ်ပိုင်နိုင်ငံထူထောင်လိုခြင်းနှင့် အုပ်ချုပ်နေသော အစိုးရမှ စစ်မှန်သော ဖယ်ဒရယ်အခြေခံဥပဒေကို မရေးဆွဲနိုင်ခြင်းကြောင့်ဟု ယေဘုယျသုံးသပ်နိုင် ပါသည်။ လက်ဝဲ လက်ယာနိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်လိုရာဆွဲရေးသည့် သမိုင်းက လည်းရှိသဖြင့် အဓိက ပြည်တွင်းစစ်ဖြစ်ရခြင်း (၃) ချက်ကို အကျဉ်းရုံး၍ တင်ပြခြင်းဖြစ် ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ဖြစ်ထွန်းလာခြင်းမှာ ပင်လုံညီလာခံတွင် ပါသည့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုသည့် စာပိုဒ်သည် အဓိကအကြောင်းအရာ ဖြစ်နေသည်ဟုထင်သည်။ မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြို့တွင် ဆွေးနွေးခဲ့ကြစဉ် တန်းတူညီမျှရေး နှင့် အကယ်၍ မကျေနပ်လျှင် နောင် (၁၀) နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိစေရမည်ဆိုသည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းက ထိုစဉ်အခါက ဗြိတိသျှတို့က ပြည်မနှင့် တောင်တန်းဒေသဟူ၍ အုပ်ချုပ် ထားခြင်းကြောင့် အကယ်၍ ဤအချက်ကို လက်မခံပါက တိုင်းရင်းခေါင်းဆောင်များက ပြည်မနှင့်အတူ မပူးပေါင်းဘဲ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်အတွက် လက်မှတ်ရေးထိုးပေးခဲ့ သည်ဟု ယူဆရသည်။
တချို့သော လက်ဝဲနိုင်ငံရေးသမားများက “အောင်ဆန်းအသုံးမကျလို့ လက်မှတ်ထိုး ခဲ့တာ၊ အောင်ဆန်းဟာတရားခံ” ဟု စွပ်စွဲခဲ့ကြသည်။ ထိုစဉ်က ခွဲထွက်ပိုင်ခွင့်ကို ဗိုလ်ချုပ် အောင်ဆန်းက လက်မှတ်မထိုးခဲ့လျှင် မြန်မာရာဇ၀င်သည် တမျိုးတဖုံပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ လက်မှတ်မထိုးသဖြင့် သဘောတူညီချက်မရဘဲ တိုင်းရင်းသားများက ဗြိတိသျှ အင်ပါယာဓနသဟာယထဲတွင် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပြည်မနှင့်သာ လွတ်လပ်ရေးရ လာစရာအကြောင်းရှိသည်။ ရှမ်းပြည်၊ ကယားပြည်၊ ချင်းပြည်၊ ကချင်ပြည်နယ်တို့ ဗြိတိသျှ လက်အောက်မှ မည်သည့်အခါတွင် လွတ်လပ်ရေးရမည် မပြောနိုင်သော်လည်း အကယ်၍ သီးခြားလွတ်လပ်ရေးရရှိပါကလည်း ရှမ်းပြည်သည် ပတ်လည်တွင် ကုန်းလမ်းပိတ် (Land Lock) နိုင်ငံအဖြစ်ပေါ်ထွက်လာပြီး ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံ တို့ကို အားကိုးရမည့် အနေအထားဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှမ်းပြည်သည် ယိုးဒယား ပြည်နှင့် ပူးပေါင်းကောင်း ပူးပေါင်းသွားနိုင်ချေရှိသည်။ ဥပမာ SSA ခေါင်းဆောင် ခွန်ဆာ၏ ဋ္ဌာနချုပ်တွင် ထိုင်းဘုရင်နှင့် မိဖုရားဓါတ်ပုံကြီးများ ချိတ်ဆွဲထားပြီး ခွန်ဆာက ၎င်း၏ ဘုရင်နှင့် မိဖုရားဟု ဆိုခဲ့သည့် သာဓကရှိသည်။ သို့မဟုတ် နိုင်ငံကြီးဖြစ်သည့် ယိုးဒယားသို့မဟုတ် ဗမာက ၀င်ရောက်သိမ်းပိုက်နိုင်သည်။ ထို့အတူ ကချင်နိုင်ငံငယ်လေးသည်လည်း ရှမ်းအလား ကုန်းပိတ်နိုင်ငံဖြစ်၍ မြန်မာနှင့် တရုတ်ကို အားကိုရပေလိမ့်မည်။ တရုတ်က တိဗက်ပြည်ကို ၀င်သိမ်းသလို သိမ်းယူသွားနိုင်ချေရှိသလို မြန်မာနိုင်ငံကလည်း မိမိပိုင် နယ်မြေအဖြစ် တောင်းယူသိမ်းပိုက်ခံရဘွယ်လည်းရှိနိုင်သည်။ ထိုနည်းတူ ချင်းနိုင်ငံအဖြစ် ထွက်ပေါ်လာမည် ဆိုပါက ပြည်မကိုပင် အားကိုးရမည့်အသွင်ရှိသည်။ သို့မဟုတ် ကုလားနှင့် ပေါင်း၍ မီဇိုရမ် ပြည်နယ်ထဲတွင် ပါဝင်သွားနိုင်သည်။
ဗိုလ်ချုပ်အောင်ဆန်း အမျှော်အမြင်ရှိသည့်အတွက်ကြောင့် ယနေ့အထိ မြန်မာနိုင်ငံ ဟူ၍ တိုင်းရင်းသားများအားလုံး စုစည်းထားသည့် အနေအထားသို့ ရှိနေခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည် ကိုးစားသည့် ပုဂ္ဂိုလ်ကို မသမာသူတစုက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် တိုင်းရင်းသား များ၏ ရပိုင်ခွင့်များ၊ တန်းတူညီမျှရေးဆိုသည့် ကတိများကို နောင်တက်လာသည့် ခေါင်း ဆောင်များက ပျက်ကွက်ခဲ့ကြသည်။
ဝန်ကြီးချုပ်ဦးနုကို ၁၉၆၁ ခုနှစ် ဂျွန်လတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း၊ မွန်နှင့် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်သည့် တောင်ကြီးမြို့ ညီလာခံမှ အခြေခံဥပဒေပြင်ဆင်ရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းရန် ဦးနုက ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ၌ ရန်ကုန်မြို့တွင် “အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ် ပေးခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်တော်များနှင့် နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ၀န်ကြီး စပ်ခွန်ချိုက အစည်းအဝေးတွင် ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ဖွဲ့စည်းရေး၊ လွှတ်တော် (၂) ရပ် အာဏာတူရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက တူညီသည့် ကိုယ်စားလှယ် အရေအတွက်ပေးရေး၊ ပြည်နယ်များမှ မိမိဆန္ဒအလျှောက်လွဲအပ်သော အာဏာကိုသာ ပြည်ထောင်စု ဗဟိုအစိုးရမှ ရရှိနိုင်ရေး၊ ကျန်အာဏာကို ပြည်နယ်များတွင် ထားရှိရေး တို့ဖြစ်သည်။
၎င်းအကျိုးဆက်သည် နောက်တလအကြာ မတ်လ (၂) ရက်နေ့ ၁၉၆၂ နှစ်တွင် ဗိုလ်နေ၀င်းက တိုင်းပြည်ပြိုကွဲတော့မည်ဆိုသည့် အကြောင်းပြချက်ကို အသုံးချ၍ စစ်တပ်ကို ခုတုံးလုပ်၊ အခြေဥပဒေကို သစ္စာဖေါက်ဖျက်၍ အာဏာသိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်စံနစ်ကို ထူထောင်ခဲ့လေသည်။
ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရင်ဆိုင်ရမည့် အတားအဆီးများ
(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။
(၂) မိမိလူမျိုးတမျိုးတည်းကိုသာ ကြည့်လုပ်ဆောင်ရွက်သော လုပ်ရပ်။
(၃) လူမျိုးကြီးဝါဒတည်ရှိနေမှု။
ဤသုံးချက်သည် ဖယ်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတားကြီးများဖြစ်သည်။
(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။
တိုင်းရင်းသားများသည် ပြည်တွင်းစစ်ဒါဏ်ကြောင့် မိမိတို့ အိုးအိမ်ပစ်၍လည်းကောင်း၊ သားမယားသေကြေပျက်စီး၍လည်းကောင်း၊ စစ်တပ်၏ ချောဆွဲ ပေါ်တာလိုက်ရ၍ လည်း ကောင်း၊ သားပျို သမီးပျိုများ ဖျက်ဆီးခံရ၍လည်းကောင်း စစ်တပ်ကို မုန်းတီးလာကြသည်။ ဗမာစစ်တပ်ဟူ၍ ဗမာလူမျိုးများကိုပါ မုန်းတီးနေကြသည်။ အမှန်စဉ်စစ် ဗမာလူမျိုးများလည်း တိုင်းရင်းသားပြည်သူများနည်းတူ စစ်အာဏာရှင်စံနစ်ဒါဏ်ကို ခံစားနေကြရသည်။ စစ်အာဏာ ရှင်တို့ကို တိုင်းရင်းသားများနည်းတူ တိုက်ပွဲဝင်နေကြသည်ကို နားလည်သဘောပေါက် လာလျှင် လူမျိုးရေးမုန်းတီးမှုကို ပြေပျောက်အောင် လုပ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ပြည်နယ်များရှိ တိုင်းရင်းသားများ အများစုမှာ ပြည်မသို့ မရောက်ဘူးကြသဖြင့် ပြည်မတွင်လည်း ပြည်နယ်များမှာကဲ့သို့ နှိပ်စက်ညှင်းပန်းမှုရှိကြောင်း မသိမြင်ကြသဖြင့်သာ ဗမာတပ်ဟူ၍ ဗမာလူမျိုးများကို မုန်းတီးနေကြခြင်းဖြစ်သည်။ ဗမာခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဋ္ဌေးကြွေ၊ မင်းဇေယျာတို့ ထောင်ထဲတွင် ဆယ်စုနှစ်၊ နှစ်ခုနေလျှက် တိုက်ပွဲဝင်နေကြခြင်းကို သိချင်မှ သိပေလိမ့်မည်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်တို့ကိုသာ သိရှိချင်သိရှိနေမည်ဖြစ်သည်။
အချုပ်မှာ လူမျိုးရေး မုန်းတီးမှုသည် ပြည်ထောင်စုကြီးပေါ်ပေါက်ရေးအတွက် ကြီးမား သော အဟန့်အတားကြီးဖြစ်သည်။ စစ်အာဏာရှင်စံနစ်ကြောင့်သာ ဗမာလူမျိုးများ အပါအ၀င် တိုင်းရင်းသားများ အားလုံး ဒုက္ခဆင်းရဲခံနေရသည်ကို ရှင်းလင်းစွာ သိပြီး လူမျိုးရေးမုန်းတီး မှုမှာ မှားယွင်းကြောင်း သိမြင်လာဘို့ အဓိကလိုအပ်သည်။ လူမျိုးရေးမုန်းတီးမှုမရှိမှ၊ တွေ့ဆုံဆွေးနွေးသော အခါတွင် အလွယ်တကူ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
(၂) မိမိလူမျိုးတမျိုးတည်းအတွက်သာကြည့်ပြီး လုပ်ဆောင်နေသော လုပ်ရပ်။
တတိုင်းပြည်လုံးကို တပ်သားသုံးသိန်းကျော်အင်အားဖြင့် ဖိနှိပ်ထားသော စစ်အာဏာ ရှင်စံနစ်ကို မိမိပြည်နယ်တခုတည်း လွတ်မြောက်ရေးအတွက် သက်သက်တိုက်ပွဲဝင်နေ မှုသည် “တောင်ကြီးဖြိုမဲ့ကြံ ခါးကမသန်” ဆိုသည့် ပမာဖြစ်နေသည်။ အဓိက တိုင်းရင်းသား ခေါင်းဆောင်များ မြင်ရမည်မှာ မြန်မာပြည်တပြည်လုံး လွတ်မြောက်မှ ငါတို့ပြည်နယ်ပါ လွတ်မြောက်မည် ထို့ကြောင့် တပြည်လုံးလွတ်မြောက်ရေးကို ငါတို့ ကြိုးစားရမည် ဆိုသည့် အမြင်ကို ထားရှိဘို့လိုသည်။ ထိုသို့ တပြည်နယ် လွတ်မြောက်ရေးထက် အရေးထက် တပြည် လုံးလွတ်မြောက်ရေးဆိုသည့် အမြင်သို့ ပြောင်းပစ်လိုက်ပါက တော်လှန်ရေး အောင်မြင်သော နေ့တွင် ထိုခေါင်းဆောင်များသည် ပြည်နယ်ခေါင်းဆောင်များဘ၀ သာမက တနိုင်ငံလုံး လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးသော အမျိုးသားခေါင်းဆောင်များဘ၀သို့ တက်လှမ်း ရောက်ရှိလာပေလိမ့်မည်။
(၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု။
နေ၀င်းလက်ထက်မှစ၍ ယနေ့သန်းရွှေလက်ထက်အထိ မြန်မာစစ်တပ်သည် လူမျိုး ကြီးဝါဒဖြင့် တိုင်းရင်းသားပြည်သူများကို မြန်မာမှု (Burmanization) ပြုခဲ့ကြခြင်းသည် တိုင်း ရင်းသားစည်းလုံး ညီညွတ်မှုကို ကြီးစွာသော ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေများ သင်ကြားခွင့်ကို ပိတ်ပင်၍ မြန်မာစာကိုသာ သင်ကြားစေခြင်း တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းပေးခြင်းမပြုဘဲ မျက်ကွယ်ပြုခြင်းတို့သည် အလွန်ကျဉ်မြောင်းသည့် လူမျိုးကြီးဝါဒဖြစ်သည်။ အမေရိကန်၊ ဥရောပနိုင်များတွင် မူလတန်းအောင်ပြီး (၄- ၅) တန်း ရောက်လျှင် အင်္ဂလိပ်ဘာသာစကား အပြင် နိုင်ငံခြားဘာသာရပ်တခုခုကိုပါ တွဲယူရသည်။ နိုင်ငံခြားသား အခြေချသူများ ရောက်လာသည့်အခါတွင် စာသင်အရွယ် ခလေးသူငယ်များကို အင်္ဂလိပ်ဘာသာအပြင် မိမိ လူမျိုးဘာသာစကား မပျောက်ကွယ်ရအောင် စောင့်ရှောက်ကြဘို့ အားပေးခြင်း ကူညီခြင်းကို ပြုကြသည်။ တိုင်းတပါး ဘာသာစကား၏ တန်ဘိုးကို လေးစားကြသည်။ အမျှော်အမြင် ကြီးကြသည်။ ငါ့ဘာသာစကားပဲ သင်ရမည်မရှိ။ ဘာသာစကားနှင့် ပတ်သက်၍ နောက်တွင် အကျယ်ဆွေးနွေးတင်ပြသွားပါမည်။
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း (၂)
ပထမပိုင်းတွင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ရှိသည့် အတားအဆီး (၃) ရပ်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထိုအတားအဆီး (၃) ရပ်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးမည်သို့၊ မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဉာဏ်မီသလောက် တင်ပြ ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုသို့တင်ပြ ဆွေးနွေးရာတွင် ကျွန်တော့်၏ စိတ်ထဲတွင် မြန်မာပြည်ဖွါး တိုင်းရင်းသား ပြည်သူများအားလုံး-
(၁) လွတ်လပ်သော လူသားများအဖြစ် ပျော်ရွှင်ချမ်းမြေ့ လူပီသစွာနေထိုင်နိုင်ရေး။
(၂) လူ့အခွင့်အရေး တန်းတူညီမျှ ရရှိရေး။
(၃) စည်းလုံးညီညွတ်သော ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကြီး ပေါ်ပေါက်ရေးဟူသော စစ်မှန် သည့် စေတနာ အမြင်ဖြင့် တင်ပြခြင်းဖြစ်ကြောင်း စကားပလ္လင်ခံပါရစေ။ ထို့ကြောင့် ကျွန် တော်ရေးသားတင်ပြချက်များကို လူမျိုးကြီး စိတ်ဓာတ်ရှိသော ဗမာလူမျိုးများနှင့် ကျဉ်းမြောင်း သော လူမျိုးရေးစိတ်ဓာတ်ရှိသည့် တိုင်းရင်းသားတို့က လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ပြည်သူတို့ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်တွင်းတွင် တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော၊ တစည်းတလုံးသော ဖယ်ဒရယ်စစ်စစ်ကို လိုလား သည့် မည်သည့်တိုင်းရင်းသားခေါင်းဆောင်မဆို ကျွန်ုပ်၏ တင်ပြဆွေးနွေးချက်ကို မူအားဖြင့် လက်ခံနိုင်လိမ့်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ဖယ်ဒရယ်ဆိုလျှင် မထိနဲ့ မကိုင်နဲ့ဟု မိမိပြောမှားဆိုမှားဖြစ်ခဲ့လျှင် နိုင်ငံရေးသေသွားမည်ဆိုသည့် အတွေးဖြင့် ယနေ့နိုင်ငံရေးသမား တော်တော်များများနှင့် ခေတ်ဟောင်းနိုင်ငံရေးသမားကြီးတို့က လက်ရှောင်ခဲ့ကြပေသည်။
ကျွန်တော့အမြင်သည် အကယ်၍ ကျွန်တော်တို့က လက်ရှောင်နေသော ကိစ္စကို ထိုအတိုင်း လွှတ်ထားပါက ထိုလိပ်ခဲတင်းလင်းဖြစ်နေသော ကိစ္စကို စစ်အာဏာရှင်တို့က အသုံးချ၍ “တိုင်းပြည်ပြိုကွဲမည့် အရေးကြောင့်” တပ်မတော်ကို တိုးချဲ့နေရပါသည်ဟု အကြောင်းပြချက်ဖြင့် တောင်တန်းပြည်မမကျန် စစ်အာဏာဖြင့် ဆက်လက်နှိပ်ကွပ် နေမည် သာဖြစ်သဖြင့် ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဟု ဆိုသောစိတ်ဓာတ်ဖြင့် မိမိ၏ အမြင်ကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ပထမဆင့် ဗမာမုန်းတီးရေးစိတ်ကို ချေဖျက်ခြင်း
ဗမာမုန်းတီးရေးစိတ်ကို ခြေဖျက်လိုလျှင် တိုင်းရင်းသားများဖက်မှ ၎င်းတို့ကို ဖိနှိပ်သတ် ဖြတ်နေသော ရင်းမြစ်ကို သိမြင်ဘို့လိုသည်။ ၎င်းတို့နှင့် ဗမာတိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်နေသည့် စစ်အာဏာရှင်စံနစ်ကို မြင်မှသာ ဗမာမုန်းတီးရေးစိတ်မှ ဗမာများနှင့် အကျိုးတူပူးပေါင်း၍ စံနစ်ဆိုးကို အတူတကွ တိုက်ထုတ်ပစ်မှသာ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော သာတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် ပန်းတိုင်ကို အဖိနှိပ်ခံပြည်သူများ၏ စုပေါင်းအားဖြင့် တည်ဆောက် နိုင်မည်ဖြစ်သည်။ ၎င်းနည်းတူ ဗမာလူမျိုးများကလည်း စစ်အာဏာရှင်စံနစ်သည် တတိုင်းပြည် လုံးကို ဗမာမှုပြုခြင်း (Burmanization) သည် အားကျစရာ၊ သဘောတူစရာ လုပ်ရပ်မဟုတ်၊ အလွန်ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒ တနည်း မဟာဗမာဝါဒဖြစ်သည်။ ၎င်းဝါဒသည် မြန်မာနိုင်ငံကြီးကို အင်အားတောင့်တင်းသည့် ဗမာနိုင်ငံတော်ကြီးအဖြစ်သို့ တွန်းမပို့ဘဲ ပြည်တွင်းစစ် သံသရာ၌ တ၀ဲလည်လည်ဖြစ်နေမည့် ၀ါဒဖြစ်သည်။ ထိုအခါ ညီနောင် တိုင်းရင်းသားများ၏ တန်ဘိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့် တိုင်းရင်းစာပေ၊ စကား၊ ယဉ်ကျေးမှုများကို ပြုစုပျိုးထောင်ပေးခြင်း၊ မြေတောင်မြှောက်၍ အရှည်တည်တံ့အောင် တန်ဘိုးထား အားပေးခြင်း၊ ကာကွယ်စောင့်ခြင်းတို့ကို ယုံယုံကြည်ကြည် အားတက်သရောဖြင့် ရိုးသားစွာ ပြုကြဘို့ လိုအပ်ပေသည်။
ဥပမာ- ကော်နဲမ်တက္ကသိုလ် (Cornell University) သည် အရှေ့တောင်အာရှ ဒေသနိုင်ငံ များ၏ စာပေများကို အဓိကစုဆောင်း မှတ်တမ်းတင်သည့် စာကြည့်တိုက်များထားရှိသည်။ Kroch Library သည် အရှေ့တောင်အာရှနှင့် အရှေ့အာရှစာပေများကို အထူးသိုလှောင် ထားသော စာကြည့်တိုက်ကြီးဖြစ်သည်။ ပေါပေါ့ခမာနီများ ကမ္ဘောဒီယားနိုင်ငံကို တိုက်ခိုက် အာဏာသိမ်းယူပြီးနောက် ရှေးဟောင်းအမွေအနှစ်စာပေယဉ်ကျေးမှုများကို ဖောက်ပြန်သော စာပေများအဖြစ် သတ်မှတ်၍ ကမ်းကုန်အောင် ဖျက်ဆီးပစ်ခဲ့သည်။ နောင်ဗီယက်နမ် ထောက်ခံမှုဖြင့် တက်လာသော ဟွန်ဆန်အစိုးရလက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ်များ ခေါင်းပါးလျက်ရှိသည်ကို ပြန်လည်ပျိုးထောင်ရန် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်၍ ကော်နဲတက္ကသိုလ်စာကြည့်တိုက်မှ တန်ဖိုးထား ငွေကုန် ကြေးကျခံသိမ်းဆည်းထားသော စာပေများ အားလုံးကို ကူးယူနိုင်ခဲ့သဖြင့် ကမ္ဘောဒီးယား လူမျိုးတို့ မိမိစာပေ ယဉ်ကျေးမှုတို့ကို ပြန်လည်ပြုစုထူထောင်နိုင်ခဲ့ပေသည်။
ဤအချက်က နိုင်ငံခြားတိုင်းပြည်တခုဖြစ်သည့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ၏ အမျှော်အမြင်ကြီးမားမှု၊ မိမိနှင့် ဘာသာမတူ လူမျိုးမတူသဖြင့် ဂရုစိုက်စရာမလိုဆိုသည့် စိတ်ထားမျိုးမရှိဘဲ၊ တိုင်းတပါးယဉ်ကျေးမှုပင် ဖြစ်လင့်ကစား တန်ဘိုးထားထိမ်းသိမ်းထား ကြသည်ကို လေးစားမိပါသည်။ မြန်မာနိုင်ငံတွင်မူ ဗမာစကားသာ သင်ယူရမည်၊ တိုင်းရင်း သားပြည်နယ်များတွင် တိုင်းရင်းသားများ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များ၌ တိုင်းရင်းသားစာပေကို သင်ကြားခွင့်မရှိ ပိတ်ပင်ထားခဲ့သည့် ကျဉ်းမြောင်းသည့် လူမျိုးကြီး ၀ါဒကို ကျင့်သုံးလျက်ရှိသည်ကို ၀မ်းနည်းစွာတွေ့နေရသည်။
မြန်မာပြည်ပညာရေးစံနစ်သစ်
မြန်မာပြည်ပညာရေးစံနစ်သစ်တွင် တိုင်းရင်းသားပြည်နယ်များတွင် မူလတန်းမှ စ၍ တက္ကသိုလ်ဝင်တန်းအထိ မိမိလူမျိုးစာပေကို သင်ကြားခွင့်ရှိစေရမည်၊ ထို့အပြင် မြန်မာစာပေ ကိုလည်း သင်ယူရမည်၊ အင်္ဂလိပ်စာကိုလည်း သင်ယူရမည်။ တိုင်းရင်းသားစာပေ သင်ယူရ ခြင်းမှာ ကိုယ့်ဘာသာယဉ်ကျေးမှုကို ထိမ်းသိမ်းရန်အတွက် ဖြစ်ပြီး၊ မြန်မာစာပေကို သင်ယူရ ခြင်းမှာ ပြည်တွင်း၌ အခြားလူမျိုးစုများအားလုံးနှင့် ဆက်သွယ်ရန် Internal Communication အတွက် ဖြစ်သည်။ အင်္ဂလိပ်စာပေသင်ယူရခြင်းမှာ ကမ္ဘာနှင့် ဆက်သွယ် နိုင်ရန်ဖြစ်သည်။ မြန်မာပြည်အရှေ့မြောက်ပိုင်း ၀ဒေသ၊ လာရှိုးအထိ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများ မြန်မာစကားထက် တရုတ်စကားကို အများသုံးဘာသာ စကားအဖြစ် ပြောဆိုနေ ကြပြီဖြစ်သည်။ ထိုဒေသတွင် တရုတ်လွှမ်းမိုးမှု ကြီးမားလာနေပြီဖြစ်ကြောင်း ဤအချက်က ထင်ရှားသဖြင့် အထူးသတိထားကြရန်လိုပေသည်။ ထို့အတူ ပြည်မရှိ တိုင်းများတွင်လည်း ကျောင်းများ၌ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာတခုခုကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းရမည်။ ထိုအခါ ဗမာစကားပြောကျောင်းသားများ တိုင်းရင်းသားဘာသာ တတ်လာ သဖြင့် ညီနောင်တိုင်းရင်းသားများ၏ ဘာသာယဉ်ကျေးမှုတို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ လိုက်စားသူများ ပေါ်ပေါက်လာပြီး၊ တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကိုလည်း တန်ဘိုးထားသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထို့အတူ တိုင်းရင်းသားများ သည်လည်း ဗမာစကားတတ်ကြွမ်းသဖြင့် မိမိပြည်နယ်မှ အခြားပြည်နယ်များကို အလည်သွား ရောက်သည်ဖြစ်စေ၊ အခြေချ ပြောင်းရွေ့နေထိုင်သည်ဖြစ်စေ ဗမာစကားဖြင့် ပြောဆိုဆက်ဆံ နိုင်မည်ဖြစ်သလို၊ တိုင်းရင်းသား ဘာသာဆရာများလည်း ပြည်မတွင် အလုပ်အကိုင်များ ရရှိပွင့်လန်းလာပြီး အပြန်အလှန် လေးစားမှု၊ တဦးယဉ်ကျေးမှု ဓလေ့ထုံးစံကို တဦးက နား လည်မှု၊ တန်ဘိုးထားမှုတို့ ပေါ်ပေါက်လာပေလိမ့်မည်။
ဖို့ဒ်ဝိန်းမြို့တွင် နှစ်အတန်ကြာက ၎င်းအတွေးအခေါ်ကို ဆွေးနွေးတင်ပြသည့်အခါ တိုင်းရင်းသားများလည်း တက်ရောက်ဆွေးနွေးကြပြီး၊ ထိုအထဲမှ ရှမ်းအမျိုးသမီးတဦး (ဒေါက်တာသောင်းထွန်း၏ ဇနီး) က သူမအနေနှင့် ရှမ်းပြည်တွင် ဗမာစကားသင်ကြားရန် မဖြစ်နိုင်ကြောင်း ရှမ်းပြည်တွင် ရှမ်းစကားသာ သင်ရမည်ဖြစ်ကြောင်း ကန့်ကွက် ပြောဆို ခဲ့ပါသည်။ သူမက ထိုသို့ ကန့်ကွက်ခြင်းကို ဗမာစကားနှင့် ပြောဆိုကန့်ကွက်ခဲ့ခြင်းအပေါ် ကျွန်ုပ်က သူမပြောဆိုသည့် စကားမှ-
(၁) ဗမာစကားဖြစ်ခြင်း
(၂) ဗမာစကားနှင့် ပြောဆိုခြင်းကို တက်ရောက်သူများတွင် ရှမ်း၊ ကရင်၊ ကချင်၊ မွန်တိုင်းရင်း သားများ ပါဝင်နေခြင်း။ ထိုတိုင်းရင်းသားများ သူမပြောသမျှကို နားလည်သည်မှာ ၎င်းတို့ အားလုံး ဗမာစကားကို ကျွမ်းကျင်စွာတတ်ကြွမ်းခြင်းကြောင့်ဖြစ်ကြောင်း၊ ဗမာစကားသည် အများသုံးစကား နိုင်ငံသုံးစကားဖြစ်ကြောင်း၊ သူမအနေနှင့် ရှမ်းစကားဖြင့် ပြောဆိုပါက ရှမ်းများမှ လွဲ၍ ကျန်လူများ နားလည်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ထို့ပြင် သူမအနေနှင့် ဗမာစကားကို သင်ကြားတတ်မြောက်ထားပြီး အခြားရှမ်းပြည်သူများကို သင်ရန်မလို ဆိုသည် မှာလည်း အဓိပ္ပါယ်မရှိကြောင်း ထောက်ပြခဲ့ပါသည်။
မွန်ကိုယ်စားလှယ်များက ကျွန်ုပ်၏ တင်ပြမှုကို လက်ခံပြီး မေးခွန်းတခုထုတ်ခဲ့ပါသည်။ ၎င်းမေးသောမေးခွန်းမှာ မြန်မာလို့ခေါ်ခေါ် ဗမာလို့ခေါ်ခေါ် ကျွန်ုပ်တို့ နိုင်ငံသည် ဗမာလူမျိုးကို ကိုယ်စားပြုပြီး ပေးထားသလို ဖြစ်နေသည့်အတွက် ၎င်းအနေနှင့် မြန်မာနိုင်ငံသို့မဟုတ် ဗမာနိုင်ငံဟူသော အသုံးအနှုန်းကို နိုင်ငံတခုအမည်ဖြင့် လက်မခံနိုင်ပါဟု တင်ပြဆွေးနွေး သွားပါသည်။
သူ့တင်ပြချက်ကို ကျွန်ုပ်၏ ကိုယ်ပိုင်တဦးတယောက်အနေနှင့် လက်ခံပါသည်။ ဟုတ် ပါသည်။ မြန်မာနိုင်ငံဟုခေါ်ခေါ် ဗမာနိုင်ငံဟုခေါ်ခေါ် ၎င်းအမည်သည် ဗမာလူမျိုးကို ကိုယ်စား ပြုနေယောင်ရှိပါသည်။ ထို့ကြောင့် ခင်ဗျားမှာကော ဒီနံမည်မကြိုက်ရင် ဘယ်လို စဉ်းစား ထားတာ ရှိသလဲဟု မေးခဲ့သည့်အခါ ထိုပုဂ္ဂိုလ်က သူတွင်လည်း မစဉ်းစားရသေးကြောင်း သို့ရာတွင် လက်ရှိအမည်ကိုမူ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဟု ခံစားရပြီး ဗမာလူမျိုး ကိုသာ ကိုယ်စားပြုနေသည်ဟု တင်ပြခဲ့ပါသည်။
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း (၃)
နိုင်ငံတော်အမည် ပြဿနာ
မွန်ကိုယ်စားလှယ် တင်ပြချက်သည် ဗမာလူမျိုးများအားလုံး စဉ်းစားရမည့် အချက်ဖြစ် ပါသည်။ မြန်မာဟုဆိုဆို ဗမာဟုဆိုဆို ၎င်းနံမည်သည် ဗမာလူမျိုးများကို အဓိက ဇောင်းပေး မှည့်ခေါ်ထားသော နံမည်ဖြစ်ပါသည်။ ထိုကြောင့် အများသဘောတူသည့် နိုင်ငံ့အမည်ကို အနာဂါတ် ခေါင်းဆောင်များ စဉ်းစားဘို့လိုလာပါသည်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်ချင်လျှင် ဗမာလွှမ်းမိုးမှုကို ပယ်ဖျက်ရာ၌ နိုင်ငံအမည်သည်လည်း အဓိက ပြောင်းလဲရန် လိုအပ်နေသည်ဟု ထင်ပါသည်။
မြန်မာပြည်ဖွား ကိုယ့်လူများသည် မိမိကိုယ်ကို အလွန်သိမ္ဒိတင်လေ့ရှိသူများဖြစ်သည်။ ကိုရီးယားများကို ကကြီးဟု၎င်း ဂျပန်များကို ခွေးဟု၎င်း၊ မိမိကိုယ်ကို ရွှေဟုလည်းကောင်း တင်စားကြပါသည်။ ထို့ကြောင့် ကျွန်တော့ အကြံထွက်သည်မှာ မြန်မာနိုင်ငံကို “သုဝဏ္ဏဘူမိ” ခေါ်ရင်ကော တိုင်းရင်းသားအများစုက ကြေနပ်ကြပါမည်လားဟု မေးချင်ပါသည်။ သုဝဏ္ဏ= ရွှေ၊ ဘုမ္မိ= မြေ၊ ရွှေမြေဟု အဓိပ္ပါယ်ရသည်။
ဤသည်က တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှု၍ တတ်သလောက် ကလေးနှင့် စိတ်ကူးယဉ်တင်ပြချက်သာဖြစ်ပါသည်။ တိုင်းပြည်နံမည်ကို န၀တ/ နအဖ တို့က ပြည်သူ့ဆန္ဒမပါဘဲ ပြောင်းလိုပြောင်း၊ အလံတော်ကို ဖြုတ်လိုဖြုတ် လုပ်နေသော်လည်း အကယ်၍ ဖယ်ဒရယ်စစ်စစ်တည်ဆောက်ရာတွင် ပြည်တွင်းရှိ လူအားလုံး၏ သဘောဆန္ဒကို ခံယူ၍ အများကြေနပ်သော နံမည်ကို လက်ခံရယူခြင်းသာလျှင် အကောင်းဆုံးဖြေရှင်းခြင်း ဖြစ်ပါလိမ့်မည်။
ဗမာလူမျိုးကြီးကို မယုံကြည်ခြင်း၊ လူအင်အားများသော ဗမာများက မိမိပြည်နယ် ငယ်လေးကို ဖိအားသုံး အနိုင်ကျင့်ခြင်းမှ လွတ်ကင်းရန်ဟု ကြံရွယ်ကာ တိုင်းရင်းသား ခေါင်းဆောင်များက ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ရေးကို ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည်။ အမျိုးသားနှီးနှော ဖလှယ်ပွဲတွင် အဆိုပြုခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုအချက်က တိုင်းရင်းသားများက ပြည်မ၏ သြဇာအာဏာကို ထိမ်းချုပ်ရန်ကြိုးစားမှု ပင်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူမျိုးရေးအမြင်ဖြစ်သော ရှမ်း၊ ဗမာ၊ ကရင်၊ ကချင်စသည့်အစွဲများရှိနေပြီး ဗမာမုန်းတီးရေး (သို့) ဗမာဆန့်ကျင်ရေးစိတ်ဓာတ်များ တိုင်းရင်းသားခေါင်းဆောင်များတွင် ကိန်းဝပ်နေခဲ့၍ဖြစ်သည်။ ပြည်နယ်များနှင့် ပြည်မဟူသည့် ကွဲပြားမှုက အားပြိုင်မှုကို ဖြစ်စေခဲ့သည်။ ထိုကိစ္စသည် ဗမာအများစုက လက်ခံကျင့်သုံး နိုင်သည့် တောင်းဆိုမှုဟု မထင်ပါ။ ပြည်နယ်အားလုံး စုပေါင်းထားသော လူဦးရေထက် များနေသော ဗမာအုပ်စုကို တပြည်နယ်တမဲစံနစ်နှင့် သွားမည်ဆိုသည်က ဗမာများက လက်သင့်ခံမည့်စံနစ်မဟုတ်ချေ။ အဓိကပြဿနာမှာ လူမျိုးစု အခြေခံသည့် ပြည်နယ်များ ဖြစ်နေကြ၍ဖြစ်သည်။ ရှမ်းပြည်နယ်တခုတည်းတွင်ပင် ပြဿနာများစွာရှိသည်။ ကျွန်တော်၏ ဖြေရှင်းချက်သည် တုံးတိတိဖြစ်ကောင်းဖြစ်ပေလိမ့်မည် သို့ရာတွင် ပြည်နယ်ပြည်မ ပြဿနာ များအားလုံးကို ဖြေရှင်းပေးနိုင်မည့် တခုတည်းသော ဖြေရှင်းနည်းဖြစ်သည်ဟု မြင်သဖြင့် တင်ပြပါမည်။
မိမိတို့ လူမျိုးစုအတွက်လည်း မိမိလူမျိုးစုပြည်နယ်လိုချင်ပါသည်ဟူသော တောင်းဆိုမှု ကို ပြေပျောက်စေပါလိမ့်မည်။ ရှမ်း(ကမ္ဘောဇ) ပြည်နယ်တွင်း နေထိုင်သူများအားလုံးက မိမိယုံကြည် အားထားသူကို ခေါင်းဆောင်တင်၍ ပြည်နယ်အစိုးရ ဖွဲ့နိုင်ခွင့်ရှိရမည်။ ထိုအခါ ထိုပြည်နယ်ရှိ ပြည်သူများက ပအို့ဝ်လူမျိုးကိုကြိုက်လျှင် ထိုပအို့ဝ်လူမျိုးသည် ကမ္ဘောဇ ပြည်နယ်၏ ခေါင်း ဆောင်ဖြစ်လာပေမည်။ ထိုခေါင်းဆောင်သည် ထိုပြည်ရှိ ရှမ်းလူမျိုးတို့၏ ခေါင်းဆောင် လည်းဖြစ်သည်။
ထို့အတူ လူမျိုးစု ပြည်နယ်များဖြစ် သော ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ် တို့ကိုလည်း လူမျိုးစွဲပြည်နယ်များအဖြစ်မှ နယ်မြေကို အခြေပြုသည့် ပြည်နယ်များအဖြစ် ပြောင်းလဲရမည်ဖြစ်သည်။
ထို့အတူ ပြည်မရှိ တိုင်းရင်းသားကိုလည်း တိုင်းအဖြစ်မှ ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်ဟူ၍ ကွဲပြားမှု မဖြစ်တော့ဘဲ ပြည်နယ် (၁၄) ပြည်နယ်ဖြင့် ဖွဲ့စည်းထားသော ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည် ပေါ်လာမည်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု၏ ဖယ်ဒရယ်စံနစ်သည် လူမျိုးစုတို့ကို အခြေမခံဘဲ ပြည် နယ်အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် မည်သည့်လူမျိုးစု ပြဿနာမှ ကြီးကြီး ကျယ်ကျယ် မကြုံတွေ့ရသော်လည်း လူဖြူလူမဲ ပြဿနာကတော့ အကျွင်းအကျန်အဖြစ် ရှိနေသေးသည်။ လူဖြူလူများစုက အခွင့်အရေးပို၍ ရနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုရနေခြင်းကို ထိန်းညှိုရန်အတွက် Minority Rights ကို ဥပဒေထဲတွင်လည်းကောင်း ပြည်နယ်အုပ်ချုပ်ရေးအတွက်လည်းကောင်း ထည့်ပေးထားခြင်းဖြင့် လူနည်းစုများ အခွင့် အရေးကို ကာကွယ်ပေးသည်။ မည်သည့်ဥပဒေ၊ နည်းဥပဒေတို့ဖြင့် လူနည်းစု လူမျိုးစုတို့ကို မြှင့်တင်ပေးမည်ဆိုသည်ကို နောင်တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးတွင် ဆွေးနွေးညှိုနှိုင်း ကြဘို့လိုသည်။
ခေတ်သစ်ပင်လုံစာချုပ်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဗမာအဖွဲ့အစည်းများ တက်ရောက် သည့် မဲသရောထဆွေးနွေးပွဲမှ ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းအပေါ် ထိုမဲသရောထ ကြေငြာ စာတမ်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံဟာ တိုင်းရင်းသား ခေါင်းဆောင်များက စာရွက်ပေါ်မှာတင် ရေးထိုးခဲ့ကြတာမဟုတ် ၎င်းတို့ရဲ့ နှလုံးသားပေါ်မှာ စည်းလုံးညီညွတ်မှုကို ယုံကြည်ပါတယ်ဆိုပြီး ထိုးထားတဲ့ စာချုပ်ဖြစ်သည်။ ယ္ခုအချိန်မှာ စစ်မှန်တဲ့ တိုင်းရင်းသား ညီညွတ်မှုကို မစွမ်းဆောင်နိုင်တဲ့အတွက် ပြည်ထောင်စုလို့ အခေါ်ရ ခက်နေပါသည်ဟု ၀န်ခံခဲ့သည်။ ဒါကြောင့် စစ်မှန်တဲ့ ညီညွတ်ရေးကို တည်ဆောက် နိုင်ဘို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေဟာ မိမိတို့ မကြေနပ်မှုတွေ၊ သဘော မတူညီမှုတွေကို ပွင့်ပွင့်လင်းလင်းအန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ ဆွေးနွေးမှုရှိတဲ့ စံနစ်တခုရှိဘို့ လိုတယ်လို့ ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားတွေ ပြည်ထောင်စုပေါ်မှာ ယုံကြည်မှု ကင်းမဲ့လာတာက အင်မတန်ဝမ်းနည်းဘို့ ကောင်းတယ်လို့ ရင်ဖွင့်ခဲ့ပါသည်။ မဲသရောထကြေငြာချက်မှာပါတဲ့ တိုင်းရင်းသားများလိုလားချက်ဖြစ်သည့်-
(၁) စစ်အာရှင်စံနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်။
(၂) ဒီမိုကရေစီနိုင်ငံရေးစံနစ် ကျင့်သုံးရန်။
(၃) လူမျိုးတိုင်းတန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများရရှိရန်။
(၄) ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်တို့ဖြစ်သည်။
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း (၄)
မဲသရောထ ကြေငြာစာတမ်းပါ အချက် (၆) ချက်သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုသူများ မငြင်းပယ်နိုင်သည့် အချက်ကြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၎င်းအချက်များကို အများပြည်သူ ရှေ့မှောက်တွင် ဖတ်ပြပြီး ထောက်ခံခဲ့ သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များက ချစ်ခင်လေးစား ထောက်ခံကြသည်ဟုဆိုလျှင် မမှားနိုင်ပါ။
၂၁ ရာစု ပင်လုံစာချုပ်ဟု ဆိုရာ၌ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် တူနိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် အဓိကမူဖြစ်သော-
(၁) တန်းတူညီမျှရေး။
(၂) ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် ရရှိရေး။
(၃) စစ်မှန်သော ဖယ်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်ရေးဆိုသည့် မူများကိုတော့ ပြောင်းလဲနိုင်မည် မဟုတ် သလို၊ ငြင်းပယ်လို့လည်း မရနိုင်ပါ။ ၁၉၄၇ စာချုပ်တွင် ပါရှိသည့် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ကို ယနေ့ တိုင်းရင်းသားခေါင်းဆောင်များက ပစ်ပယ်လိုက်ပြီး ပြည်ထောင်စုကြီးအဖြစ် မခွဲမခွာဘဲ ရပ်တည်သွားမည်ဖြစ်ကြောင်း NDF (National Democratic Front) တွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများက အတိအလင်း ထုတ်ဖေါ်ပြောကြားခဲ့ပြီးဖြစ်သည်။ထိုအချက်သည်ဗမာလူမျိုးများဘက်မှတိုင်းပြည်ပြိုကွဲမည်ကို စိုးရိမ်ကြောင့်ကျနေသော စိတ်ကို ငြိမ်းအေးသက်သာရာရစေသည်ဟုမြင်သည်။
န၀တ/ နအဖ လက်ထက် ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ယနေ့ အခြေအနေသည် ပြိုကွဲ ပျက်စီးတော့မည့် အနေအထားသို့ ဆိုက်ရောက်လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် နအဖနှင့် ရယူထားသည့် ငြိမ်းချမ်းရေးသည် ယာယီ အပစ်အခတ်ရပ်ထားသည့် ငြိမ်းချမ်းရေးကာလတခုသာဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေး တည် ဆောက်ရန်မှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် ရရှိရေးနှင့် တန်းတူညီမျှရေးသည် အလွန်အရေးကြီးသည်။ ထိုအချက်တို့ကို စားပွဲဝိုင်းတွင် မဖြေရှင်းသရွေ ပြေလည်နိုင်လိမ့်မည် မဟုတ်ချေ။
နအဖ ကျင်းပပြုလုပ်သော အမျိုးသားညီလာခံတွင် တိုင်းရင်းသားများကို တက်ရောက် ခွင့်ပြုသော်လည်း လေ့လာသူများ အနေဖြင့်သာ တက်ရောက်ခွင့် ပြုခဲ့ပြီး၊ ဆွေးနွေးခွင့်ရသည့် အနည်းစုမှာလည်း နအဖချပေးသည့် အကြောင်းအရာထက် ပို၍ တင်ပြခွင့် မရခဲ့သည့်အတွက် အများသဘောတူညီသော အချက်အလက်များ ပါမလာခဲ့ချေ။ ထို့ကြောင့် ၎င်းတို့လိုလားသည့် အဓိက ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်နှင့် စစ်မှန်သော ဖယ်ဒရယ်အုပ်ချုပ်ပုံ မပါဝင်သဖြင့် ၎င်းအခြေခံ ဥပဒေဖြင့် ဖေါ်ဆောင်လာမည့် အစိုးရသစ်သည် တိုင်းရင်းသားများ သာမက ဗမာနိုင်ငံရေး ပါတီများအတွက်လည်း လက်ခံနိုင်စရာမရှိခဲ့ခြင်းဖြစ်သည်။
တခုတည်းသော တပ်မတော်
အမေရိကန်နိုင်ငံသည် ဖယ်ဒရယ်အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်နယ်တိုင်း ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်ရှိသည်။ ပြည်နယ်တခုချင်းစီ၏ အခြေခံဥပဒေသည်၊ ပြည်နယ်တခုနှင့်တခု ပြဋ္ဌါန်းသော ဥပဒေများ တူညီချင်မှ တူညီနိုင်သော်လည်း ဖယ်ဒရယ် အခြေခံဥပဒေနှင့် ဆန့်ကျင်ဖက်ဖြစ်လျှင် ဖယ်ဒရယ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ ဖယ်ဒရယ် အစိုးရသည် ဗဟိုအစိုးရ ဖြစ်သည်။ ပြည်နယ် အစိုးရသည် ၎င်းပြည်နယ်ရှိ ပြည်သူ များက ရွေးချယ် တင်မြောက်သည့်သူသည် Governor ဘုရင်ခံဖြစ်သည်။ ပြည်နယ်တိုင်းတွင် အထက်လွှတ်တော်အမတ် နှစ်ဦးနှင့် လူဦးရေအလိုက် အောက်လွှတ်တော် အမတ်များကို ရွေးချယ်ပေးရသည်။ သမတကို ပြည်နယ်အားလုံးမှ ပြည်သူများက တိုက်ရိုက် ရွေးချယ်ခွင့် ရှိသည်။ သမတသည် ပြည်နယ် အားလုံး၏ ရွေးချယ် တင်မြှောက်မှုကြောင့် ဖယ်ဒရယ် အစိုးရကို ဦးဆောင်သည်။
ဖယ်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် ဦးစီးချုပ်သည် သမတဖြစ်သည်။ ဖယ်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် တခုတည်းသာရှိပြီး ပြည်နယ်များတွင် ကိုယ်ပိုင်တပ် မရှိချေ။ ကျွန်တော့အနေနှင့် တပ်မတော် တခုတည်းသာ ရှိရမည်ကို လက်ခံပါသည်။ ယနေ့ နအဖ သည်လည်း တခုတည်းသော တပ်မတော် ဖြစ်စေရန် ကြိုးစားသည့် အနေနှင့် နယ်ခြားစောင့် တပ်ဟုဆိုသည့် ဝေါဟာရကို သုံးပြီး တိုင်းရင်းသား ငြိမ်းအဖွဲ့များကို ၎င်း၏ လက်အောက်ခံ တပ်အသွင် ကူးပြောင်းရန် ကြံရွယ်ခြင်း ဖြစ်ပါသည်။ မူအားဖြင့် ဟုတ်သလို ရှိသော်လည်း နအဖ၏ တခုတည်းသော တပ်မတော်ဖြစ်ပေါ်ရန် လုပ်ဆောင်မှုသည်-
(၁) အများလက်ခံနိုင်သည့် အခြေခံဥပဒေမဟုတ်ခြင်း။
(၂) တိုင်းရင်းသားများ တောင်းဆိုချက်များကို ပစ်ပယ်လစ်လျှူရှုထားခြင်း။
(၃) တွေ့ဆုံဆွေးနွေး အဖြေရှာရေးထက် စစ်အာဏာကိုသုံး၍ ပြုလုပ်ခြင်း။
(၄) တိုင်းရင်းသား ရပိုင်ခွင့်ဖြစ်သည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်များကို အာမခံချက် လုံးဝ မရှိခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်နက် စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်ဟု သုံးသပ်ပါသည်။
အကယ်၍ အများသဘောတူ စစ်မှန်သော ဖယ်ဒရယ် အခြေခံဥပဒေကို တိုင်းရင်း သားများအားလုံး ညှိုနှိုင်းရေးဆွဲခွင့်ရပြီး အပြန်အလှန် အလျော့အတင်း ညှိုနှိုင်းနိုင်ကြလျှင် အများလက်ခံသည့် အခြေခံဥပဒေ ပေါ်ပေါက်လာပြီး ထိုမှတဆင့် လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းဖြင့် အများထောက်ခံမှုဖြင့် တက်လာသော အစိုးရကို ဖန်တီး နိုင်မည်ဖြစ်သည်။ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အပြည့်အ၀ရှိလျှင် မည်သည့် တိုင်းရင်းသား များကမှ လက်နက်ကိုင်တပ်များ လိုအပ်တော့မည် မဟုတ်ဘဲ ဖယ်ဒရယ် တပ်မတော်ကသာ တိုင်းပြည်၏ ကာကွယ်ရေးကို တာဝန်ယူသွားလိမ့်မည် ဖြစ်သည်။ ပြည်နယ်များတွင် လက်နက် ကိုင်တပ်ဖွဲ့ အနေဖြင့် ရဲတပ်ဖွဲ့များသာ တည်ရှိပေလိမ့်မည်။
ယနေ့နိုင်ငံရေး အခြေအနေနှင့် ဖယ်ဒရယ်စိတ်ဓာတ်
ယနေ့နိုင်ငံရေးအခြေအနေသည် ပြည်တွင်းစစ်ဆီသို့ ဦးတည်နေသည်ဟု သုံးသပ်သည်။ ကချင်တပ်များ၊ ၀တပ်များ၊ ရှမ်းတပ်များ၊ မွန်တပ်များ နအဖနှင့် ငြိမ်းချမ်းရေးယူထားခြင်းမှ ပျက်ပျယ်နေပြီဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ရုပ်ပျက်ဆင်းပျက် မဲလိမ်မဲခိုးမှုများ စံချိန်တင်လောက်အောင် သမိုင်းတွင်ရစ်မည့် ဗြောင်လိမ်ဗြောင်စားလုပ်ရပ်ဖြင့် ပြီးစီးသွားခဲ့ပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် နအဖတို့ကြား နိုင်ငံရေးတင်းမာမှုကို ဖြစ်စေခဲ့သည်။
ရွေးကောက်ပွဲ ပြုလုပ်စဉ်ကာလ DKBA နှင့် နအဖတို့ မြ၀တီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ကချင်ပြည်နယ်တွင် တိုက်ရန် တာစူနေခြင်းတို့သည် ပြည်တွင်းစစ်မီး အချိန်မရွေး ထတောက်မည့် အနေအထားသို့ ရောက်ရှိနေခဲ့သည်။ ငြိမ်းချမ်းရေး ယူထားသည့် ကာလတွင် ၎င်းတို့နယ်မြေတွင် အဆောက်အဦးများ၊ လမ်းများ၊ တံတားများ ပြည်တွင်းစစ်ဖြစ်လျှင် အားလုံး ပျက်စီးကြဘို့ ရှိသဖြင့် တိုင်းရင်းသားများ အနေနှင့် စစ်ဖြစ်ရန် မလိုလားချေ။ သို့ရာတွင် ၎င်းတို့လိုလားသည့် ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် မရလျှင် လက်နက်ကိုင် လမ်းစဉ်ကို မျက်စိမှိတ်ပြီး စွန့်လွှတ်ရန်လည်း မဖြစ်နိုင်ချေ။
ထိုကဲ့သို့ လိပ်ခဲတင်းလင်း ဖြစ်နေသော အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ကြားဝင်၍ တိုင်းရင်းသား ခေါင်းဆောင်များ၊ နအဖ စစ်ခေါင်းဆောင်များနှင့် ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင်များကို ဆွေးနွေးလာစေရန် အဆိုပြု တိုက်တွန်းချက်များ တင်ပြလာပါက၊ တပ်မတော် အတွင်းရှိ အမှန် ငြိမ်းချမ်းရေး လိုလားသော ခေါင်းဆောင်များ စဉ်းစားလာနိုင်ချေ ရှိသည်။ ဒုတိယ ပင်လုံညီလာခံ ဖြစ်ပေါ်လာရန်မှာ တပ်မတော်တွင်းရှိ ခေါင်းဆောင်များက လိုက်လျောမှု မရှိက ဖြစ်နိုင်ချေ မရှိချေ။
ထိုကြောင့် ဒုတိယ ပင်လုံညီလာခံ ဖြစ်ပေါ်လာစေရန် စစ်ခေါင်းဆောင်များ ဖက်မှ ပင်လုံစိတ်ဓာတ်ရှိသူ ခေါင်းဆောင်များ ပေါ်ထွက်လာဘို့ လိုအပ်သည်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များ ထဲမှလည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် အစွဲမှ ကင်းလွတ်ပြီး တနိုင်ငံလုံး လွတ်မြောက်မှ ငါတို့ လွတ်မြောက်မယ် ဆိုတဲ့ နိုင်ငံနဲ့ ချီတဲ့ ဦးဆောင်မှုကို ပြောင်းလဲ ကြိုးစားဘို့ လိုပါသည်။ မိမိပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံ တိုးတက်ရေးထက် မိမိ လူမျိုး တမျိုးတည်း အတွက်သာ ဦးတည် လုပ်ဆောင်ပါက ဒေသတွင်းရှိ လူမျိုးရေး ပဋိပက္ခကို ဦးတည်စေပါသည်။ တချို့ တိုင်းရင်းသား ခေါင်းဆောင်များတွင် မိမိခေါင်းဆောင်မှု ရရှိရေး အတွက် လူမျိုးရေး လှုံ့ဆော်မှုကို လုပ်ပြီး ခေါင်းဆောင်မှုရအောင် ယူတတ်ကြသည်။ ထိုကဲ့ သို့သော လူမျိုးများသည် တိုင်းပြည်အတွက် ရော၎င်းကိုယ်စားပြုသည့် ပြည်နယ်အတွက်ရော အလွန်အန္တရာယ် ကြီးပါသည်။ ဗမာအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ ကိုယ့်လူမျိုး သူ့လူမျိုး အမြင်ထက် တနိုင်ငံလုံးရှိသူ သူများသည် မိမိနိုင်ငံသားများ ဖြစ်သည် ဆိုသည့် အမြင်ရှိဘို့ လိုပါသည်။ ထိုအမြင် ထိုအတွေးရှိမှ တနိုင်ငံလုံး အရေးကို စေတနာထား၍ လုပ်နိုင်မည်ဖြစ်သည်။
ခေါင်းဆောင်ဆိုသည်မှာ ရေရှည် အမြင်ရှိသူဖြစ်ခြင်း၊ သဘောထား ကြီးသူဖြစ်ခြင်း၊ မှန်ကန်သည်ဟု ယုံကြည်လျှင် ပြတ်သားစွာ ဆုံးဖြတ် လုပ်ကိုင် ဆောင်ရွက်သူဖြစ်ခြင်း၊ မှားမှန်းသိလျှင်လည်း ၀န်ခံ၍ ပြင်ဆင်ရန် ၀န်မလေးသူဖြစ်ခြင်း၊ အများကောင်းစားရေးကို ရှေးရှုသူဖြစ်ခြင်း၊ မိမိကိုယ်ရေးကိုယ်တာထက် တိုင်းပြည်အရေးကို ဦးထိပ်ပန်ဆင်လျက် ကိုယ်ကျိုးစွန့်နိုင်သူဖြစ်ခြင်းဆိုသည့် အချက်များနှင့် ညီညွတ်မှု ရှိမှသာ ခေါင်းဆောင်ကောင်း မည်ပါသည်။
ထို့ကြောင့် မြန်မာပြည်ရှိ ခေါင်းဆောင်များအနေနှင့်
(၁) တနိုင်ငံလုံး အကျိုးစီးပွားကို ကြည့်ပြီး လူမျိုးရေး ၀ါဒကို စွန့်ပစ်နိုင်ရမည်။
(၂) နိုင်ငံအတွင်းရှိ လူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကား စာပေတို့ကို မပျောက်ပျက်ရန် ထိမ်းသိမ်းခြင်းသည် တာဝန်တရပ်အနေနှင့်လည်းကောင်း၊ မိမိကိုယ်တိုင်က နှစ်နှစ်ကာကာ လုပ်သင့်သည်ဟု ယုံကြည်၍လည်းကောင်း သဘောတူ လုပ်ဆောင်ခြင်း ဖြစ်ဘို့လိုသည်။
(၃) ပြည်နယ်အားလုံး တိုးတက်ဖွံ့ဖြိုးမှု ညီမျှမှုရှိအောင်လည်း သမာသမတ်ကျကျ ပြုလုပ် နိုင်သည့် မျှတသည့် စိတ်ထားလည်း ရှိရမည်။
ဥပမာ။ ။ ချင်းတောင်တန်း ဖွံ့ဖြိုးမှုသည် အခြား ပြည်နယ်များထက် နိမ့်ကျ နေပါက ဖယ်ဒရယ် ဗဟိုအစိုးရမှ ချင်းတောင်တန်းကို ဖွံ့ဖြိုးရေးအတွက် ပိုမို ထောက်ပံ့ ပေးခြင်းဖြင့် ချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်သည်။ အဓိက အရေးကြီးသော အချက်မှာ ဖယ်ဒရယ် နိုင်ငံတော်ကြီး ပေါ်ပေါက်လာရန် ဆွေးနွေး ညှိနှိုင်းကြသော အဖွဲ့အစည်းများသည် မိမိ လိုလားချက်များကို အသေဆုတ်ကိုင်ထားခြင်း မပြုဘဲ (Compromise) အလျော့အတင်း ပြုလုပ်နိုင်သည့် နေရာတွင် ပြုလုပ်နိုင်ဘို့ လိုသည်။ ထိုကဲ့သို့ အလျော့အတင်း ပြုလုပ်နိုင်သည့် စိတ်ဓါတ်ကို မွေးမြူမှသာ ဆွေးနွေးပွဲများ အောင်မြင်နိုင်မည် ဖြစ်သည်။ မည့်သည့်အရာမျှ အလျော့မပေး ဆိုသည့် စိတ်ဓါတ်ဖြင့် ဆွေးနွေးခြင်းသည် အောင်မြင်နိုင်သည့် နည်းလမ်း မဟုတ်သလို၊ ဆွေးနွေးပွဲ ဟူ၍လည်း မခေါ်ဆိုနိုင်ပါ။ တောင်းဆိုပွဲသာ ဖြစ်ပါလိမ့်မည်။
(၄) မြန်မာပြည်တွင်းရှိ နေထိုင်နေသည့် ပြည်သူများအားလုံး တန်းတူညီမျှရှိမှု၊ လွတ်လပ် ပိုင်ခွင့်တို့ကို လေးစားမြတ်နိုးရမည်။
(၅) လူမျိုးစု တစုနှင့်တစု ပဋိပက္ခဖြစ်စေနိုင်မည့် လူမျိုးရေးအရ နှိမ့်ချခြင်း၊ စော်ကားခြင်းတို့ကို ရှောင်ရမည်။
(၆) လူမျိုးစုအခြေခံပြည်နယ်များအဖြစ်မှနယ်မြေအခြေခံပြည်နယ်များအဖြစ်ကို ရဲဝံ့စွာ ပြောင်း လဲ၍ သွေးစည်းမှုကို တည်ဆောက်ရမည်။
လွတ်လပ်ရေး ရပြီးခါစ မြန်မာပြည်တွင် ပြည်တွင်းစစ် တောက်လောင်စဉ်က ရည်မှန်း ချက်နှင့် ယနေ့ ရည်မှန်းချက်တို့သည် သိသိသာသာ ကွာခြားသွားခဲ့ပြီဖြစ်သည်။ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးသည် ဒီမိုကရေစီ ရရှိရေးမဟုတ်၊ ကွန်မြူနစ်ပါတီ၏ တပါတီ အာဏာရှင်စံနစ်ကို အလုပ်သမား လယ်သမား လူတန်းစား အခြေပြု၍ တည်ဆောက်ရန် လက်နက်ကိုင် လမ်းစဉ်ကို လိုက်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၅ ခုနှစ် ကွန်မြူနစ်ပါတီ ကွန်ဂရက်မှ ပါတီစုံ ဒီမိုကရေစီစံနစ်ကို ဖော်ဆောင်ရေး လမ်းစဉ်ကို ချခဲ့သည်။ ယနေ့ ကွန်မြူနစ်ပါတီသည် ပါတီစုံ ဒီမိုကရေစီစံနစ်ကို အားပေးလာခဲ့သည်။ ထို့အတူ ကရင်ပုန်ကန်မှုသည် ဗြိတိသျှ နယ်ချဲ့တို့၏ Divide and Rule Policy အရ ပြည်နယ်ပြည်မ သွေးခွဲ အုပ်ချုပ်သွားခြင်း၏ ရလာဒ်ဖြစ်သည်။ ရှမ်းစော်ဘွား များ၏ ခွဲထွက်ပိုင်ခွင့် တောင်းဆိုမှုကလည်း ပဒေသရာဇ် စံနစ်ကို ထူထောင်၍ မိမိပြည်နယ် မိမိအုပ်ချုပ်ြ့ပီး သားစဉ်မြေးဆက် အမွေ ဆက်ခံနိုင်ရေး ဖြစ်သည်။ ဒီမိုကရေစီ ရရှိရေးမဟုတ်။
ယနေ့ တောင်းဆို တိုက်ပွဲဝင်နေခြင်းသည် ထိုအယူအဆတို့နှင့် လားလားမျှ မသက် ဆိုင်သည့် ဒီမိုကရေစီစံနစ် တည်ထောင်ရေး ဖြစ်သဖြင့် များစွာကွာခြားပါသည်။ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းသည် အာဏာရှင် စံနစ်များ တဖြုတ်ဖြုတ် ကြွေကျ၍ ဒီမိုကရေစီနိုင်ငံများ အသွင် ပြောင်းနေသည့် ခေတ်ဖြစ်သည်။ ထို့အတူ IT ခေတ်ကို ရောက်နေပြီဖြစ်၍ သတင်း မှောင်ချ၍ အာဏာကို ချုပ်ကိုင်ထားသောခေတ် ကုန်ပြီဖြစ်ကြောင်း အာဏာရှင်များ ကိုယ်တိုင်က သိမြင် နေပြီးဖြစ်သည်။ ထို့ကြောင့် တိုးတက်သော ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက်ကို အသုံးချ၍ မြန်မာပြည်ဖွား တိုင်းရင်းသား အားလုံး လက်တွဲညီညီဖြင့် လုပ်ဆောင်ကြ မည်ဆိုလျှင် စစ်မှန်သော ပြည်ထောင်စုကြီး ပေါ်ပေါက်လာရန် မဝေးတော့ပါ။
နိဂုံး ။ ။ ကမ္ဘာ့ပေါ်ရှိ နိုင်ငံအများက အမေရိကန်နိုင်ငံ၏ တိုးတက်မှုကို အားကျ ကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများကလည်း အမေရိကန်နိုင်ငံလို ဖြစ်ချင်ကြသည်။ အမေရိကန်နိုင်ငံသည် ဖယ်ဒရယ်စစ်စစ် နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံသား စစ်စစ်များသည် Native American ဟု ခေါ်သော Red Indians များ ဖြစ်သည်။ ၎င်းတို့သည် အသားနီစပ်စပ်နှင့် ကုလားရုပ် ပေါ်နေ၍ လူဖြူများက Red Indians ဟု ခေါ်ဝေါ်ခဲ့သည်။ နောင်တွင် ဌာနေ လူမျိုးစုတို့က Red Indians (ကုလားနီများ) အခေါ်အဝေါ်သည် ၎င်းတို့ကို နှိမ့်ချထားသည်ဟု ကန့်ကွက် ပြောဆိုလာသဖြင့် Native Americans ဟု အခေါ်ကို ပြောင်းလဲ သုံးစွဲလာကြသည်။ ၎င်း (Native) ဌာနေ လူမျိုးစုတို့က လူဖြူများ ၎င်းနိုင်ငံသို့ အခြေချ နေထိုင်လာသဖြင့် ၎င်းတို့မှာ လူနည်းစု ဖြစ်လာရသည်ကို ထောက်ပြ၍ ၎င်းတို့၏ လူနည်းစု အခွင့်အရေး၊ ယဉ်ကျေးမှု ထိမ်းသိမ်းရေးတို့ကို တောင်းဆို တင်ပြမှုအပေါ် အစိုးရက ၎င်းတို့အတွက် အထူး ရန်ပုံငွေများ၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် စီးပွားရေး လုပ်ကွက်များကို ပေးခဲ့ရသည်။ ယ္ခုအခါ ၎င်းတို့ကိုယ်၌ ၎င်းတို့သည် အမေရိကန်များအဖြစ် ခံယူနေကြပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ အရပ်ရပ် အထူးသဖြင့် ဥရောပမှ အခြေချသူများ လာရောက် အခြေချခြင်းမှ လူနီနေထိုင်သော နိုင်ငံမှ လူဖြူများ ကြီးစိုးသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲလာသည့် နိုင်ငံဖြစ်သည်။ ဥရောပမှ အင်္ဂလိပ်များ၊ ပြင်သစ်များ၊ ဂျာမန်များ၊ ပေါ်တူဂီများ၊ အီတာလျံများ၊ ဒတ်ခ်ျများ အုပ်စုလိုက် ပြောင်းရွေ့ အခြေချလာခြင်းဖြင့် နိုင်ငံသစ် ထူထောင်လိုသူများ ပေါင်းစည်း နေထိုင်ကြပြီး ပေါ်ပေါက်လာသော နိုင်ငံတော်ကြီးဖြစ်သည်။
အမေရိကန်နိုင်ငံသည် ပထမ ဗြိတိသျှတို့ လက်အောက်ခံ နိုင်ငံဖြစ်သည်။ ဗြိတိသျှ တို့ကို အခြေချနေထိုင်သူများက တော်လှန်ပြီး လွတ်လပ်ရေးကို ရယူခဲ့သည်။ ထို့နောက် ဖယ်ဒရယ် နိုင်ငံတော်ကြီးကို တည်ထောင်ရန် ကွဲပြားနေသော ပြည်နယ်များကို စုပေါင်းပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ အမေရိကန်နိုင်ငံ၏ Federalist paper သည် ထင်ရှားသော စာတမ်းတခုအဖြစ် ကျန်ရစ်ခဲ့သည်။ အမေရိကန်၏ ဖယ်ဒရယ်မူအရ ပြည်နယ်တိုင်းသည် ကိုယ်ပိုင်အုပ်ချုပ် ပြဋ္ဌာန်းခွင့်ရှိသည်။ သို့ရာတွင် ဗဟို အစိုးရ၏ အခြေခံဥပဒေပါ အချက် များနှင့် သွေဖီခြင်း မရှိစေရပေ။
အမေရိကန်ပြည်သည် ဆိုးဝါးသော ပြည်တွင်းစစ်ကိုလည်း တောင်မြောက်ကွဲပြီး ဖြတ်သန်းခဲ့ရသည်။ မြောက်ပိုင်းမှ ကျေးကျွန်စံနစ်ကို ဖျက်သိမ်းမှုကြောင့် ဖြစ်ပွားလာခဲ့သော စစ်ပွဲသည် ကျွန်စံနစ် ဖျက်သိမ်းလိုသည် မြောက်ပိုင်းမှ အနိုင်ရသွားခဲ့သည်။
ယနေ့ အမေရိကန်နိုင်ငံသည် ပြည်ထောင်စု စစ်စစ် နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံတွင် နေထိုင်သူများက မိမိကိုယ်ကို မိမိ အမေရိကန်များဟု ယုံကြသည်။ အမေရိကန်နိုင်ငံတွင် မွေးဖွါးသည့် မည်သည့် လူမျိုးမဆို အမေရိကန် နိုင်ငံသားဖြစ်သည် ဆိုသည့် ဥပဒေသ ရှိသလို၊ တခြားနိုင်ငံတွင် မွေးဖွါးခဲ့ပြီး အမေရိကန်နိုင်ငံတွင် ဥပဒေ ဘောင်အတွင်းမှ အချက်အလက်များနှင့် ပြည့်စုံလျင်လည်း နိုင်ငံသား ခံယူခွင့်ရှိသည်။
တရုတ်၊ ရုရှား၊ ဂျာမန်၊ အာဖရိက စသည့် နိုင်ငံတို့မှ လာရောက် အခြေချ နေထိုင်သူများ အားလုံး မိမိတို့သည် အမေရိကန်များ ဖြစ်သည်ဟု ခံယူကြသည်။ ၎င်းတို့၏ အသားအရေသည် ဖြူ၊ ၀ါ၊ မဲ၊ နီ ဖြစ်ချင်ဖြစ်မည် ၎င်းတို့သည် အမေရိကန်များ ဖြစ်ကြသည်။ ထိုအခါ အာရှနွယ်ဝင် တဦးကို ဘာလူမျိုးလဲဟု မေးလျှင် ၎င်းက အမေရိကန်လူမျိုးဟု ဖြေမည်ဖြစ်သည်။ ဘာမျိုးရိုးက ဆင်းသက်လာသလဲဟု ဆိုလျင် Chinese American တရုတ်- အမေရိကန်ဖြစ်သည်ဟု ဖြေပေလိမ့်မည်။ အဓိပ္ပါယ်မှာ မိဘ မျိုးရိုးသည် တရုတ်ဖြစ်သည်၊ သို့ရာတွင် သူသည် အမေရိကန် ဖြစ်သည်။ ထို့အတူ ကပ္ပလီ တဦးကို မေးပါကလည်း အမေရိကန်လူမျိုး ဖြစ်ပြီး မျိုးရိုးဗီဇမှာ African- American အာဖရိကန်- အမေရိကန် ဖြစ်သည်ဟု ပြောမည်ဖြစ်သည်။ အမေရိကန်လူမျိုး ဆိုသည်မှာ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်သည့် အမေရိကန်နိုင်ငံတွင်းရှိ လူအားလုံးကို ခေါ်ပါသည်။ ထိုအချက်က ၎င်းတို့သည် တနိုင်ငံလုံးနှင့် သက်ဆိုင်သူများ၊ တနိုင်ငံလုံးရှိ သူများက ၎င်းတို့ နိုင်ငံဟု သတ်မှတ်သည်ဟု အဓိပ္ပါယ် ရပါသည်။
ယနေ့ မြန်မာပြည်တွင် တိုင်းရင်းသားများက မိမိပြည်နယ်ကိုသာ အသိအမှတ် ပြုထားပြီး မြန်မာနိုင်ငံကို မိမိတို့ နိုင်ငံဟု အသိအမှတ် ပြုမထားခြင်းသည် အမေရိကန်တို့နှင့် ကွာခြားပါသည်။ အမေရိကန်နိုင်ငံလို ဖြစ်ချင်ပါက ၎င်းတို့ကဲ့သို့ စိတ်ဓါတ်ကို မွေးမြူရမည်ဟု တင်ပြလိုပါသည်။
အမေရိကန် နိုင်ငံသားများသည် မိမိတို့ မျိုးရိုးက ဒုတိယ နေရာတွင်ရှိသည်။ တိုင်းပြည် က ပထမဖြစ်သည်။ အမေရိကန်ဆိုသည်ကို ဂုဏ်ယူ ၀င့်ကြွားစွာ ပြောနိုင်ကြသည်။ မြန်မာ ပြည်တွင် မိမိတို့သည် မြန်မာနိုင်ငံသား ဖြစ်သည်ဟု တိုင်းရင်းသား လူမျိုးစုတို့က မပြောလိုကြ၊ မြန်မာနိုင်ငံ၏ နိုင်ငံသားများ ဖြစ်သည်ဟူသော ခံယူချက်ကို ထားနိုင်မှ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ လူမျိုးစွဲများကို ဖြေဖျောက်နိုင်မှသာ ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။

Subscribe to:
Posts (Atom)