ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Monday, July 12, 2010

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရဖွဲ့စည်းရန်

အထူးသံကိုယ်စားလှယ်များ ပါဝင်သော အစိုးရဖွဲ့စည်းရေးဖြစ်မြောက်မူကော်မီတီ ဖွဲ့စည်းမှသာလျှင်


မြန်မာ့နိုင်ငံရေးပြသနာကို ဒီမိုကရေစီအတိုက်အခံများက တော်တော်ကြီး နားလည်ကြပါသည်။ သို့အတူ နိုင်ငံတကာမှ သမတ တွေ အစိုးရ တွေက ပိုသိကြသည်။ နောက်ဆုံးမှာ လုံခြုံရေးကောင်စီထိတိုင် ရောက်သွားပြီ ။
ဗီတိုအာဏာဖြင့် ပယ်ချသောကြောင့် တရုပ်နှင့် ရုရှားနှစ်နိုင်ငံစလုံးအကြောင်းကိုလည်း နောကြေနေကြပါပြီ။
ထို့ကြောင့် နိုင်ငံတကာဖိအားများကို လုပ်စရာမလိုတော့ပြီဟု တချို့ က ယေဘူယျ သတ်မှတ်ကြပါသည်။
ပြည်တွင်းမှ ပြသနာများကို ပြည်တွင်းမှပင် ရှင်းကြရန်လိုသည်ဟု သိနားလည်ကြသေးသည်။ စင်စစ်ပြည်သူ့အားသည် ပြည်တွင်းမှာပင် ရှိသည်ဟု ဆိုကြပါသည်။
ကျွန်တော်တို့သည် နိုင်ငံတကာအပြင်တွင် ရောက်ရှိနေထိုင်ကြပါသည်။
အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး လှုပ်ရှားကြပြီးပါပြီ။ တချို့ မှာ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး လှုပ်ရှားကြပါသည်။
တချို့ က ကုလသမဂ္ဂမှ ဖယ်ရှားရန် စစ်အစိုးရကို နှင်ထုတ်နိုင်ရန် ကြိုးစားကြပြီးပါပြီ။
နောက်ဆုံးမှာ နိုင်ငံတကာစစ်ရာဇ၀တ်ရုံးမှာ စစ်ရာဇ၀တ်ကောင်အဖြစ် တရားစွဲဆိုနိုင်ရန် တောင်းဆိုကြပါပြီ။
အားလုံးသောပြသနာမှာ စစ်အစိုးရကို ဖြုတ်ချရေးဖြစ်ပါသည်။
ကံတရားသည် ကျွန်တော်တို့အပေါ် မျက်နှာသာ မပေးလာသေးပါ။
တခုတော့ရှိပါသည်။
မည်သူမျှ ထိုင်၍မနေကြသည်မှာတော့ သိသာနိုင်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အပြင်းအထန်ကြိုးစားနေကြပါသည်။
နိုင်ငံတကာမှ မသိအမှတ်မပြုဟု ဆိုသောအသံတွေကိုလည်း ကြားနေရပြီ။
ကျွန်တော်တို့မှာ ယခုမှမဟုတ် ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သပိတ်မှောက်ကြသူများဖြစ်သည်။
ခုတော့လည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ကြိုးစားသူများဖြစ်ပါသည်။
တနေ့က အင်တာနတ်ပေးပို့သော သတင်းတခုမှာ
အဖွဲ့အစည်းတခုကို ရည်ရွယ်ပြီး တိုက်ခိုက်ရေးသားလာသော စာတပုဒ်ကို ဖတ်မိပါသည်။

အောက်တန်းကျလှသော ယင်းစာရေးသူကို ပြန်၍ မချေပချင်ပါ။
သို့သော် ဒီမိုကရေစီအတိုက်အခံများသည် နည်းလမ်းပေါင်းစုံဖြင့်
စစ်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းနေခြင်းအပေါ်
မည်သည့်အတွက်နှင့် တိုက်ခိုက်ဝေဖန် နေရသနည်းဟု စဉ်းစားမိပါသည်။
ပြည်တွင်းမှ ပုဂ္ဂိုလ်များက ရွေးကောက်ပွဲနှင့် ပါတ်သက်၍၄င်း၊
စစ်အစိုးရကို ဖြုတ်ချရေးနှင့် ၄င်း၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား စစ်ရာဇ၀တ်ကောင်အဖြစ် ခုံရုံးတင်စစ်ဆေးရန် ကြိုးပမ်းနေခြင်းရှိပါက ပြန်လှန်ချေပ ရေးသားနိုင်ကြပါသည်။
ယခုမူ ပြည်ပမှာနေထိုင်ပြီး ဒီမိုကရေစီအတိုက်အခံများအား ဝေဖန်ပုတ်ခတ်ရေးသားနေခြင်းမှာ လွန်လွန်းလှပါပြီ။
ထို့ကြောင့်လည်း ကျွန်တော့်မှာ ဆောင်းပါးများကို ရေးသားပြီး ဘလော့တွေ ၀ပ်ဆိုက်တွေမှာ မရေးသားချင်တော့။ ရန်သူစစ်အစိုးရသိသွားရအောင် ပြည်ပကသတင်းပေးတွေ အများကြီး ရှိနေကြပါပြီ။
၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးရေးနည်းလမ်းထဲက တခုမှာ နိုင်ငံရေးပေါ်လီစီ တခုကို အလျှင်အမြန်အကောင်အထည် ချမှတ်ရေးဖြစ်ပါသည်။ ယင်းနည်းလမ်းမှာ သည်သို့ဖြစ်သည်။

( ၁ ) ဒီမိုကရေစီအတိုက်အခံများထဲမှ မြန်မာနိုင်ငံဆိုင်ရာအထူး သံတမန်ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခန့်ထားရေး ။
( ၂ ) အထူးသံကိုယ်စားလှယ်များပါဝင်သော စင်ပြိုင်သို့မဟုတ် ကြားဖြတ်အစိုးရ ဖွဲ့စည်းဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရေး။
( ၃ ) ယင်းကိုယ်စားလှယ်များအဖွဲ့မှ သက်ဆိုင်ရာနိုင်ငံများမှ တက်ကြွသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး ။
( ၄ ) အထူးသံတမန်ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များမှာ အမြန်ဆုံး ( ၃ ) လအတွင်း အကောင်အထည်ဖေါ်ရေး။

ရှင်းလင်းချက်များ

ဒီမိုကရေစီအတိုက်အခံများမှ သံတမန်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခန့်အပ်ခြင်းကို မိမိတို့နိုင်ငံမှ လူအများယုံကြည်ထောက်ခံသော ပုဂ္ဂိုလ်များအား ရွေးချယ်ဆုံးဖြတ်ပေးရန်လိုပါသည်။
အဓိကမှာ နိုင်ငံရေးရေစီးကြောင်း
ကောင်းမွန်သော တနည်းအားဖြင့် နိုင်ငံတကာအစိုးရများမှ သိရှိကြသော
တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များကို ခန့်အပ်ရန်လိုသည်။
ယင်းပုဂ္ဂိုလ်များ၏ လုပ်ငန်းစဉ်မှာ စင်ပြိုင် အစိုးရဖွဲ့စည်းရေး
သို့မဟုတ် ကြားဖြတ်အစိုးရဖွဲ့စည်းရေး ဖြစ်ပါသည်။
ထိုသို့ဖွဲ့စည်းနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရန်လိုပါသည်။
ဖြစ်မြောက်ရေးကော်မီတီက တာဝန်များကို ထမ်းဆောင်နိုင်မှသာ
စင်ပြိုင်သို့မဟုတ် ကြားဖြတ် အစိုးရဖွဲ့စည်းနိုင်မည်ဖြစ်ပါသည်။

အထူးသံတမန်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာနိုင်ငံများတွင်
တက်ကြွသူများနှင့် ပူးပေါင်းဆောင်ရွက်ထားရန်လိုသည်။
သံကွင်းဆက်ပမာ လှုပ်ရှားနိုင်ရေးအတွက် လှို့ ဝှက်ဖွဲ့စည်းရန်ဖြစ်ပါသည်။
ဤသို့ဖွဲ့စည်းခြင်းကို မည်သူတဦးတယောက်ကိုမျှ အသိပေး အကြောင်းကြားရန် မလိုအပ်ချေ။
မီဒီယာ သမားများထံသို့လည်း အသိပေးရန်မလိုချေ။
သို့သော် သက်ဆိုင်ရာနိုင်ငံများ၏ လွှတ်တော်အမတ်များ။
သမတများ။ အစိုးရအဖွဲ့ဝင်များ။
အတိုက်အခံပါတီများမှ လှါတ်တော်ကိုယ်စားလှယ်များထံတွင်
တွေ့ဆုံဆွေးနွေးရန် တင်ပြစဉ် မိမိတို့ကိုယ်ရေးအကျဉ်း
များကို ပြုစုပြီး သက်ဆိုင်သူများ သိရှိစေရန် ပေးပို့ထားရမည်ဖြစ်ပါသည်။
ဤသည်မှာ နိုင်ငံတကာ သံခင်းတမန်ခင်း လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါသည်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်မှာ ( ၃ ) လအတွင်းသာ ဖြစ်ပါသည်။

အစိုးရဖွဲ့စည်းဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရခြင်းအကြောင်း ။ ။။။။
×××××××××××××××××××××××××××××××××××××××--

ကျွန်တော်တို့မှာ အခါခပ်သိမ်း အရပ်သားအစိုးရဖွဲ့စည်းရေးကို တောင်းဆိုဆန္ဒပြကြပြီးဖြစ်ပါသည်။
သို့သော် အရာမထင်ခဲ့။
ထို့ကြောင့် ကျွန်တော်တို့၏ မြန်မာနိုင်ငံအရေးကို ပိုမိုသိရှိကြသော အစိုးရများကို ပြောစရာစကား မရှိတော့။
တခုသာရှိသည် ။
ကျွန်တော်တို့ တိုက်ပွဲကို အရှိန်အဟုန်မြှင့်မြှင့် ဆောင်ရွက်ရန်လိုပါသည်။
ကမ္ဘာ့ကုလသမဂ္ဂနှင့် ပြောစရာမလိုတော့။ လုံခြုံရေးကောင်စီနှင့် ပြောစရာမလိုတော့ ။
အဓိက လိုအပ်သည်မှာ ကျွန်တော်တို့ သက်လုံကောင်းဖို့ လိုပါသည်။
သတ္တိရှိဖို့ လိုပါသည်။
ရဲရင့်ဖို့ လိုပါသည်။
ပြတ်သားဖို့လိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိန်အစိုးရနှင့် စကားပြောစဉ် တနှစ်အတွင်း လွပ်လွပ်ရေးပေးရမည် ဆိုသော စကားနှင့် စပါသည်။
ရရင်ရ မရရင်ချ ဆိုသောစကားသည် နိုင်ငံရေးစကားဖြစ်ပါသည်။
ယခုလည်း ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို
စစ်အစိုးရမှ ပြုလုပ်ပြီး အစိုးရဖွဲ့လျှင် နိုင်ငံတကာမှ အသိအမှတ်မပြုဟု ပြောဆိုနေကြပါသည်။
ယင်းမှာ ကျွန်တော်တို့၏ အထူးသံတမန်များက ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါသည်။
( ၁ )
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်စားအစိုးရကို အသိအမှတ်မပြုဆိုလျှင်
( ၂ ) ဒီမိုကရေစီအတိုက်အခံများမှ ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရ
သို့မဟုတ် ကြားဖြတ်အစိုးရကို အသိအမှတ်ပြုမည်လားဟု မေးစရာသာ ရှိပါသည်။
အသိအမှတ်ပြုမည်ဟု ပြောသောစကားကို ပြည်တွင်းသို့ ကျွန်တော်တို့ကစင်ပြိုင်
သို့မဟုတ် ကြားဖြတ်အစိုးရတွင် ပါဝင်မည့်သူများအား လှို့ ဝှက် သတင်းပေးပို့ရုံသာ ရှိပါသည်။

ထို့ကြောင့် အမေရိကန်အစိုးရအပါအ၀င် နိုင်ငံတကာများနှင့် ထိတွေ့ဆက်ဆံဖို့ အတွက်
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုယ်စားလှယ်များ အဖွဲ့ကို
အမြန်ဆုံးခန့်အပ်ရွေးချယ်ကြရန်လိုပါပြီ။

ဤသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေးပေါ်လီစီတခုဖြစ်ပါသည်။
ဤ ပေါ်လီစီကိုကျင့်သုံးသည့်အခါ မည်သူမျှ အာဏာရာထူး အကျိုးခံစားရရှိမည် မဟုတ်။
တချိန်တည်းမှာ ယုံကြည်သူများက ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး
မယုံကြည်သူများက မိမိတို့၏ ပေါ်လီစီများနှင့် အမြန်ဆုံးမြန်မာနိုင်ငံကို ဒီမိုကရေစီရရှိအောင် ဆောင်ရွက်နိုင်ကြပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )
၇- ၇- ၂၀၁၀

X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X X

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်


ကျွန်တော့် အနေဖြင့် အခု တစ်လော ပြည်တွင်း၊ ပြည်ပမှာ ရွေးကောက်ပွဲနှင့်
ပတ်သက်ပြီး စိတ်ကူးယဉ်နေသူများကို
ယခင် အတွေ့အကြုံနဲ့ ယခု လက်ရှိ နေပြည်တော်လို့ ခေါ်တဲ့
ကြပ်ပြေး မြို့တော်က သူငယ်ချင်းများရဲ့ 
ပေးပို့နေတဲ့ သတင်းများကို အခြေခံကာ သုံးသပ် တင်ပြချင် ပါတယ်။


၁၉၈၈ ခု စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းမှာ AD လမ်းမှာ နေတဲ့
ဗိုလ်ချုပ် နေ၀င်းရဲ့  အိမ်တွင် ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေး
တစိတ်တပိုင်းကို အရင်ဦးဆုံး ပြောပြချင် ပါတယ်။
အဲဒီ အစည်းအဝေးမှာဦးနေ၀င်းနဲ့ သူ့ရဲ့  လက်ရုံးတင်မဲ့
လက်သားတွေ ဖြစ်ကြတဲ့ ဦးစန်းယု၊ဦးအေးကို၊ ဒေါက်တာ မောင်မောင်၊
ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအ၀င်
ထိပ်ပိုင်း ခေါင်းဆောင်များ ရှိခဲ့ကြပါတယ်။

လက်ရှိတပ်မတော်ရဲ့ တာဝန်ရှိသူ တွေထဲမှာ ထိုစဉ်က စစ်ဦးစီးချုပ် ဖြစ်တဲ့
ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တပ်မတော် ထောက် လှမ်းရေး ညွှန်ကြားရေးမှူး
ဗိုလ်မှူးကြီး ခင်ညွှန့်တို့လည်း တက်ရောက်ခဲ့ ကြပါတယ်။

အဲဒီ အစည်းအဝေးမှာ ဦးနေ၀င်းကနေပြီး
“စောမောင်နဲ့ ခင်ညွှန့် တိုင်းပြည်ရဲ့ 
အခြေအနေ ကို အားလုံး သိအောင် ရှင်းပြ” လို့ အမိန့်ပေးတော့

ဗိုလ်မှူးကြီး ခင်ညွှန့်က တစ်နိုင်ငံလုံး ဆူပူအုံကြွပြီး အုပ်ချုပ်ရေး ယန္တရား လုံးဝ
ရပ်ဆိုင်းနေပြီ ဖြစ်တာရယ်၊ ကုန်သွယ်ရေး ၀န်ကြီးရုံးမှာ ပြည်သူလူထုနဲ့
စစ်တပ် နားလည်မှု ရသွားတာရယ်၊
တပ်မတော်တွင်းမှာ စစ်သည်များ မကြေမနပ်
ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာတွေ၊
ထင်ရှားတဲ့ နိုင်ငံရေး
ခေါင်းဆောင်များရဲ့  လှုပ်ရှားမှုတွေ၊
ဖမ်းဆီးရမိမှု အခြေအနေ အလုံးစုံကို
တင်ပြခဲ့ တယ်လို့ သိရပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ ဦးနေ၀င်းက
ဗိုလ်မှူးကြီး ခင်ညွှန့်ရဲ့ တင်ပြချက်အပေါ်
တက်ရောက် နားထောင်ကြတဲ့ အစိုးရခေါင်းဆောင်များရဲ့ 
သဘော ထားကို မေးခဲ့ပါတယ်။

မည်သူ တစ်ဦး တစ်ယောက်ကမျှ ထုံးစံအတိုင်း ဘာသဘောထား မှတ်ချက်ကိုမှ
ဦးနေ၀င်းရဲ့  ရှေ့မှာ မပေးရဲ ခဲ့ကြပါဘူး။
ဒီတော့ ဦးနေ၀င်းက မဆလ ပါတီနဲ့ ပတ်သက်ပြီး

ပြည်သူလူထု ထောက်ခံမှု၊ ဘယ်လောက်
ရာနှုန်းလောက် ရှိနိုင်လဲဆိုတာကို တက်ရောက်လာတဲ့
ပုဂ္ဂိုလ်ကြီးတွေကို မေးတော့ သူတို့က အဲဒီအချိန်မှာ
တပ်မတော်သားတွေကို သူတို့ရဲ့  ထောက်ခံမဲလို့ အပိုင် တွက်ထားပုံ ပေါ်ပါတယ်။

ဒါကြောင့် တပ်မတော် မိသားစုနဲ့ မဆလ ပါတီဝင် အင်အားစုတွေကို
ပေါင်းပြီးတော့ ပြည်သူလူထုထောက်ခံမှု အနည်းဆုံး
၆၀% အထက်မှာ ရှိကြလိမ့်မည်လို့ တွက်ခဲ့ကြပါတယ်။
အဲဒီနောက် ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ
လက်ရှိ အာဏာယူထားတဲ့ လူကြီးတွေကို

“မင်းတို့ စောမောင်နဲ့ ခင်ညွှန့်တို့ကို အာဏာ လွှဲပေးလိုက်တော့” လို့
အမိန့်ပေး ခဲ့ပါတယ်။
ဆက်လက် ညွှန်ကြားတာကတော့
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဆိုပြီး ဖွဲ့ဖို့ရယ်
ဥက္ကဋ္ဌက စောမောင်၊ အတွင်းရေးမှူးက ခင်ညွှန့်ကိုထားပြီး
တပ်မတော်က ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ စစ်တိုင်းမှူးတွေကို အဖွဲ့ဝင်တွေ
ထားပြီး ဖွဲ့ဖို့ ဦးနေ၀င်းက အမိန့်ပေး ခဲ့ပါတယ်။

အာဏာလွှဲယူပြီး စစ်အစိုးရရဲ့  ကြေငြာချက် လမ်းညွှန်မှု အနေနဲ့ ကတော့

ဒို့ တာဝန်အရေးသုံးပါးကို အခြေခံပြီး
ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပမည် ဆိုတဲ့
Guide Line အား ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ ချမှတ်ပေးခဲ့ပါတယ်။


ဦးနေ၀င်းရဲ့  Guide Line တွေကို စာသားအဖြစ် ရေးပေးခဲ့ရသူက ဒေါက်တာ
မောင်မောင် ဖြစ်ပါတယ်။
အစိုးရသစ်ရဲ့  ပြည်သူလူထုထံ ပြောကြားသည့်ကြေငြာချက်ကို
အဲဒီ အစည်းအဝေးမှာဘဲ ဒေါက်တာ မောင်မောင်က လက်ရေးမူနဲ့
ရေးသားခဲ့ပါတယ်။
န၀တ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ကတော့ ဗိုလ်ချုပ်ကြီး
စောမောင်နဲ့ ဗိုလ်မှူးကြီး ခင်ညွှန့်တို့က အဲဒီ အစည်းအဝေးမှာဘဲ
ဘယ်သူတွေပါဝင် ဖွဲ့စည်းမည် ဆိုတာကိ
ဦးနေ၀င်းကို တင်ပြခဲ့ ကြတယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လက်ရေးမှုတွေနဲ့ ရေးထားတဲ့ စာရွက်တွေကို
ထိုစဉ်ကတပ်မတော် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး
ဗိုလ်မှူးကြီး မျိုးသန့် (နောင်ပြန်ကြားရေး ၀န်ကြီး)
ဒုတိယ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး
ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်း (နောင် ဘဏ္ဍာရေး ဒုတိယ ၀န်ကြီး)
တို့ (၂) ဦးက မြန်မာ့ အသံကို သွားရောက်ပြီး
စက်တင်ဘာလ (၁၈) ရက်နေ့ ညနေ (၄) နာရီမှာ
နိုင်ငံတော်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမိန့်
ကြေငြာချက်တွေ ဆက်တိုက် ထုတ်ပြန်လာပြီး နိုင်ငံရေးသမားတွေနဲ့
ပြည်သူလူထုတွေကို ဆူပူ ဆန္ဒပြ နေရာက
ရွေးကောက်ပွဲ လမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။

အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး စောမောင်အနေနဲ့ အမှန်တကယ်ဘဲ
ရွေးကောက်ပွဲ ပြီးရင် ပြည်သူလူထုကို အာဏာလွှဲ ပေးမယ်ဆိုတာကို
တရားဝင်ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ သိသလောက် ဗိုလ်ချုပ် စောမောင်
အဲဒီအချိန်က ယုံကြည်ခဲ့တာက တစညနဲ့ စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေး
ပါတီတွေသည် ရွေးကောက်ပွဲမှာ ရှုံးရင်တောင်မှ အပြတ်အသက် မရှုံးနိုင်ဟု
လျော့တွက် ခဲ့ပါတယ်။

ဒါကြောင့်လဲ ရွေးကောက်ပွဲကို သမာသမတ်နဲ့ လုပ်ဖို့
လက်အောက်ကို အမိန့် ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး စောမောင် မသိတာ ကတော့
တစည ပါတီကို ပြည်သူတွေ ဘယ်လောက်
မုန်းတီးနေတယ်ဆိုတာနဲ့ တစည အမတ်လောင်းတွေ
Golf ရိုက်ပြီး စည်းရုံးရေး ဆင်းနေတာတွေကိုပါ။

ဒီ့အပြင် ဗိုလ်စောမောင်ဟာ
ဦးနေ၀င်းနဲ့ အစည်းအဝေးမှာ သူ့ရဲ့  ဆရာ သမား မဆလ ခေါင်းဆောင်တွေရဲ့ 
ပြောစကားတွေကို ယုံကြည်မိ ခဲ့တာတွေ ကြောင့်ဖြစ် ပါတယ်။

ဒါကြောင့်စစ်တပ်ကို ကျောထောက် နောက်ခံ လုပ်မဲ့
အစိုးရကသာ အာဏာရ လိမ့်မယ်လို့သူ့အနေနဲ့ လျော့တွက်ခဲ့ပါတယ်။
အားလုံး သိကြတဲ့ အတိုင်းပါဘဲ။

၁၉၉၀ ရွေးကောက်ပွဲပြီးတော့ န၀တ တဖွဲ့လုံး
မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ခဲ့ကြပါတယ်။
ခြေမကိုင်မိ၊ လက်မကိုင်မိ
ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ကြတယ်။

ဒီအထဲမှာ ရွေးကောက်ပွဲမှာ နိုင်တဲ့
အမတ်အချို့ က စစ်တပ်ကို ပြုပြင်ပြောင်းလဲရမယ်၊
အရေးအခင်းမှာ ပြည်သူတွေကို
သတ်ခဲ့သူတွေ ဖေါ်ထုတ် အရေးယူရမယ်၊
စစ်တပ်တွင်းမှာလဲ ဗိုလ်မှူးကြီး
အဆင့်နဲ့ အထက် ပုဂ္ဂိုလ်များကို ဖယ်ရှားပစ်ရမယ်၊ စတဲ့
အချက်တွေကိုကြွေးကြော် လာခဲ့တာ တွေ့ရှိလာပါတယ်။
စစ်တပ်အတွင်းမှာလဲ တပ်မတော်ရဲ့ 
အနာဂါတ် ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာကို စိုးရိမ်လာခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး စောမောင်ကိုလဲ ကျန်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
အပါအ၀င် န၀တ အဖွဲ့ဝင် တချို့က ဖိအားပေးလာခဲ့တာ တွေ့ရှိရပါတယ်။

အဲဒီ အချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရ
ပိုမိုရင်းနှီးတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ် ဖုန်းမြင့်၊
ဗိုလ်ချုပ် မောင်မောင်ခင် (ရေ)၊ ဗိုလ်ချုပ် တင်ထွန်း (လေ)၊ ဗိုလ်ချုပ်
မြင့်အောင်၊ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ်
မောင်အေး၊ ဗိုလ်ချုပ် တင်ဦး တို့ရဲ့  ဖိအားကိုလည်း
ဗိုလ်ချုပ်ကြီး စောမောင် ရခဲ့ပါတယ်။

ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီး စောမောင် အရက်တွေ
ဖိသောက်လိုက်၊ ပုတီးစိပ်လိုက်နဲ့ ဂယောင်ချောက်ခြား ဖြစ်ခဲ့ရပါတယ်။

NLDကလည်း ရွေးကောက်ပွဲ နိုင်တဲ့ အမတ်တွေ စုပြီး စစ်တပ်ကို အာဏာလွှဲပေးဖို့
ဂန္ဒီ ခမ်းမမှာ စုဝေးပြီး တောင်းဆိုမဲ့ ကြေငြာချက် စာတမ်းတွေ ထုတ်မယ်လို့
သတင်းတွေလဲ ရခဲ့ပါတယ်။

နောက်ဆုံးတော့ NLD ကို အာဏာလွှဲမပေးဖို့ ဗိုလ်ချုပ် သန်းရွှေနဲ့
အပေါင်းအပါတွေ သဘောထား တင်းမာတဲ့သူ တွေရဲ့  တောင်းဆိုချက်ကို
ဗိုလ်ချုပ် ခင်ညွှန့်တို့ပါ ပူးတွဲပြီး ဗိုလ်ချုပ်ကြီး စောမောင်ကို တင်ပြလာတဲ့
အခါမှာတော့ NLD ကို အာဏာလွှဲ မပေးဖို့နဲ့ ရွေးကောက်ပွဲနိုင် အမတ်တွေဟာ
အခြေခံ ဥပဒေ အသစ် ရေးဆွဲဖို့သာ ဖြစ်တယ် ဆိုတဲ့ န၀တရဲ့  ၁/၉၀
ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ကတိကို လွယ်လွယ်လေး လက်နဲ့
ရေးပြီး ခြေနဲ့ ဖျက်ခဲ့တာကို အားလုံး အမှတ်ရလိမ့်မယ် ထင်ပါတယ်။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲရဲ့  သင်ခန်းစာကို ဗိုလ်ချုပ်ကြီး သန်းရွှေ
ကောင်းကောင်းကြီး ရရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး စောမောင်လဲ
ရွေးကောက်ပွဲမှာ ကတိဖျက်ခဲ့ရတာရယ်၊
လက်အောက်က လုပ်ဖေါ်ကိုင်ဖက်များရဲ့ 
Pressure တွေရယ်၊ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေရဲ့  Pressure တွေရယ်၊
ပြည်ပ နိုင်ငံများရဲ့  Pressure တွေရဲ့  ဒဏ်ကို အကြီးအကျယ် ခံခဲ့ ရပြီး
နောက်ဆုံး ယဉ်ယဉ်လေးနဲ့ ရူးခဲ့ရတဲ့ အရှုးတပိုင်းလို ဖြစ်သွားခဲ့ ရပါတယ်။

အဲဒီ တုန်းက ဗိုလ်ချုပ် ခင်ညွှန့် ကိုယ်တိုင် ဗိုလ်ချုပ် သန်းရွှေဘက်ကို
ဘက်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမောင် ဖယ်ရှားရေးကို
တိုးတိုးတိတ်တိတ် ကြိတ်ပြီး စီစဉ်ခဲ့ပါတယ်။

တစ်ပြိုင်တည်း မှာဘဲဗိုလ်ချုပ်ကြီး စောမောင်နဲ့
၁၉၉၀ ရွေးကောက်ပွဲကို တသားတည်း ဥပက္ခာပြု
ဖယ်ရှား ခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာပြီး
အမျိုးသားညီလာခံ ဆိုတဲ့ နိုင်ငံရေး ခေါင်းစဉ်တပ်ကာ
နိုင်ငံရေး ပါတီတွေနဲ့ပြည်သူလူထုကို လှည့်စားခဲ့ပြန်ပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား တွေကို
ဟိုလိုလို ဒီလိုလို လုပ်ပြီး နိုင်ငံရေး လှည့်ကွက် အမျိုးမျိုးနဲ့
အယုံသွင်း ခဲ့တယ် ဆိုတာကို လည်း ကျွန်တော့်အနေနဲ့ သတိပေးချင်ပါတယ်။

ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့ တန်းက အော်နေရှာတဲ့ ကိုအေးလွင် (၈၈
ကျောင်းသား) နဲ့ အဖွဲ့တွေကို အကျဉ်းကျနေစဉ် ထောက်လှမ်းရေး အဖွဲ့တွေက
ကြိမ်ဖန် များစွာ နားချ စည်းရုံးမှုနဲ့အတူ အမျိုးသား ညီလာခံဆိုတာကြီးကို
ဘုမသိ ဘမသိ အချိန်ကတည်းက သဘောတရား ရိုက်သွင်းနိုင်ခဲ့ပါတယ်။

NLD ဖြိုခွဲရေး ဆိုတဲ့ Plan အရ လည်း NLD ထဲက မိုးလင်း၊ ကြည်ဝင်းတို့
အဖွဲ့တွေကို ထောက်လှမ်းရေး အဖွဲ့တွေကဘဲ ဖဲ့ထုတ် စည်းရုံး နိုင်ခဲ့ပါတယ်။
ဒါကြောင့် ယနေ့ ထောက်လှမ်းရေး ပျောက်သွားပေမဲ့ ဒီ အဖွဲ့တွေကတော့
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  Psy War မှာ အသုံးချဖို့ လက်ကွက် ကျန်ရစ်
နေဆဲပါ။

ပြည်ပမှာ ဆိုရင် နိုင်ငံခြားသားတွေနဲ့ ပေါက်ရောက်တဲ့ အထူးသဖြင့်
အနောက်နိုင်ငံတွေကို ထိုးဖောက် ၀င်ရောက်နိုင်မဲ့ ဒေါက်တာ
ကျော်ရင်လှိုင်တို့၊ ဒေါက်တာ ဇာနည်တို့အား ထောက်လှမ်းရေးကဘဲ အသိမဲ့
သတင်းပေး Unconscious Informer အဖြစ် သုံးခဲ့သလို ယခုလဲ ဒေါက်တာ
ကျော်ရင်လှိုင် အပါအ၀င် English လို ဘိုလို ပြောနိုင်တဲ့ သူတွေကို
အများကြီး ပြန်လည် အသုံးချ နေတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

နအဖရဲ့  စည်းရုံးမှုကို ခံသွားရရှာသော အေးလွင်
ကျွန်တော့် အနေနဲ့ ပြောချင်တာက ယခင်၊ ယခု အသုံးချနေတဲ့ သူတွေကို
မျိုးချစ် စိတ်ဓာတ်တွေ သွင်းပြီး ထင်ရောင်ထင်မှား ဖြစ်စေမဲ့
အကြောင်းအရာများကို အခြေခံကာ မြှောက်ပင့် ပေးလိုက်သည့်အတွက်
Brain Wash လုပ်ခံရမှန်း မသိ လုပ်ခံလိုက်ရတာကို သတိထား စေချင်ပါတယ်။

အဲဒီ သူတွေကိုယ်တိုင်ကတော့ သူတို့ကို သူတို့ မသိ ဖြစ်နေပါတယ်။ ဒါကြောင့်
သူတို့ကိုလည်း အမြင်မှန်တွေ ပြန်ရအောင် Brain Wash ပြန်လုပ်ပေးဖို့
လိုလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့် ယနေ့ နေပြည်တော်ကနေ
သတင်းပေးပို့လာတဲ့ အတွင်းသတင်း တစ်ခုကို အသိပေးချင်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခင်
၁၉၉၀ ရွေးကောက်ပွဲ ကဲ့သို့ မဖြစ်စေရန်၊ Plan များ ရေးဆွဲထားတယ်လို့
သိရပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မှာ ဖြစ်ပါတယ်။

A Plan အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံတဲ့ အုပ်စုက
ပြတ်ပြတ်သားသား နိုင်ခဲ့မည် ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
အနေဖြင့် အစိုးရ ဖွဲ့၍ အာဏာလွှဲပြီးပါက ၄င်း အနေဖြင့် တရုတ် နိုင်ငံက
ခေါင်းဆောင် တိန့်ရှောင်ပိန်၊ အီရန် နိုင်ငံက ဘာသာရေး ခေါင်းဆောင်
အဌာကိုလာခိုမေနီ တို့လို ရှိနေမည် ဖြစ်ပြီး နေရာတိုင်း အစိုးရအဖွဲ့ကို
ဝင်စွက်တော့မည် မဟုတ်ပါ။

B Plan အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်
ထောက်ခံတဲ့ သူများ ပြတ်ပြတ်သားသား မနိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေနဲ့ အတူ လက်ရှိ SPDC (သို့) အလားတူ စစ်ကောင်စီ တစ်ခုသည် အစိုးရ၏
နောက်ကွယ်တွင် ရှိနေမည် ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် မြောက်ကိုးရီးယား၊
ကျူးဘား နိုင်ငံ တို့လို ယခင် မဆလ ဥက္ကဋ္ဌ ဦးနေ၀င်းလို ပုံစံမျိုး ဆက်ရှိ
သွားမည် ဖြစ်ပါတယ်။

C Plan အနေဖြင့် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံသူများ
ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်က အာဏာ ပြန်သိမ်းဖို့ ဆိုပြီး

Plan (၃)ခု ရေးဆွဲထားပြီး ဖြစ်တယ်ဆိုတာကို သိရပါတယ်။

ဒီ Plan တွေ မတိုင်မှီ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေး
ဝန်ကြီး ဌာန ၀န်ထမ်း တွေမှ နေ၍ နိုင်ငံတကာ မှာ ရှိတဲ့ နိုင်ငံတွေရဲ့ 
အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို သတင်း စုဆောင်းပြီး ဗိုလ်ချုပ်မှူးကြီး
သန်းရွှေရဲ့  ရုံးကို အစီရင်ခံ ခဲ့ရပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊
နည်းဥပဒေကို ရေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံ
ဗဟို ကော်မတီဝင်၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းညွှန့်ကို တိုက်ရိုက်
လမ်းညွှန်ပြီး ရေးခိုင်းတယ်လို့ သိရပါတယ်။

၂၀၀၈ ခု မကုန်မှီ ဦးသောင်းညွှန့်ကိုယ်တိုင် အချောသတ်ပြီး

ဗိုလ်ချုပ်ကြီး သန်းရွှေထံ လက်မှတ် ထိုးဖို့
တင်ပြထားတယ်လို့ သိရပါတယ်။

မူလက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လွတ်လပ်ရေးနေ့မှာ Election Law ထုတ်ဖို့
လက်အောက်က စီစဉ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုံးက
ထွက်လာတဲ့ သတင်းအရကတော့ ရွေးကောက်ပွဲ မတိုင်မှီ (၆) လ လောက်လိုမှ
အမိန့်ထွက်မယ်။ ပါတီတွေကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချိန်
ကန့်သတ်ထားတာ ဖြစ်တယ်။ ဒီ့ပြင် စစ်တပ် ထောက်ခံမည့် ကြံ့ဖွတ် အပါအ၀င်
အခြား နိုင်ငံရေး ပါတီတွေအပေါ် လက်ရှိ အခြေအနေကို အားမရသေးဘူးလို့
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှတ်ချက်ပြုထားကြောင်းသိရပါတယ်။ ဒါကြောင့်
ဒီ အဖွဲ့တွေကို ရက်တို နိုင်ငံရေး မွမ်းမံ သင်တန်းတွေ ပေးဖို့ ကြံ့ဖွတ်
ဝန်ကြီးတွေကို ဆူပူ နေတယ်လို့ သိရပါတယ်။
နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ ဗိုလ်ချုပ်သန်းရွှေ အနေနဲ့ နာဂစ် မုန်တိုင်း
အပြီး ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ သစ်ကို အနောက်နိုင်ငံတွေက
လက်ခံလာအောင် လုပ်ဖို့ နိုင်ငံခြားရေး ၀န်ကြီး ဌာနနဲ့ ထောက်လှမ်းရေး
အဖွဲ့တွေကို Pressure ပေးနေတယ်လို့ သိရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ
ပြီးသွားပေမဲ့ နိုင်ငံတကာရဲ့  အသိအမှတ်ပြုမှု မရဘူး ဆိုရင် ဘယ်လို
အစိုးရမျိုးဘဲ ပေါ်လာပေါ်လာ ထူးခြားမှု မရှိနိုင်ဘူး ဆိုတာကို ဗိုလ်ချုပ်
သန်းရွှေ အနေနဲ့ သဘောပေါက်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ သူ့အနေနဲ့ မထူးဇာတ်ခင်းပြီး ဖြစ်ချင်ရာဖြစ် ဆိုတာမျိုးလဲ
လုပ်သွားနိုင်တယ်လို့ နေပြည်တော် ဗိုလ်ချုပ်မှူးကြီး ရုံးက ထွက်လာတဲ့
သတင်းတွေ အရ သိရပါတယ်။ ယခု နောက်ဆုံး ရတဲ့ သတင်း ကတော့
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်တော့မှ အာဏာကို လက်လွှတ်မှာ မဟုတ်၊
သေရင်တောင် သရဲ ဘ၀ကနေ အာဏာကို ယူထားမှာဟု ၄င်းနှင့် နီးစပ်သော ဆွေမျိုး
အသိုင်းအ၀ိုင်းက တဆင့် သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး နားလည်
ထားရမှာ ကတော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့  ရလဒ်ဟာ ကျွန်တော်တို့ ခင်ဗျားတို့
မြန်မာနိုင်ငံ အတွက် ဘာတစ်ခုမှ အကျိုး ဖြစ်ထွန်းလာမှာ မဟုတ်ဘူး ဆိုတာကို
သေသေချာချာ နားလည်ထား စေချင်ပါတယ်။
ယနေ့ မြန်မာနိုင်ငံဟာ သာမန် အရပ်သူ အရပ်သားများတင်မကပါဘူး။
တပ်မတော်သားများ အားလုံးလည်း ကျေးကျွန် ဘ၀ကို ရောက်နေကြရတာပါ။ ဒီ
ဖွဲ့စည်းပုံ၊ ဒီ ရွေးကောက်ပွဲနဲ့ ဆက်လက် သွားနေလို့ကတော့ “ကျွန်” ဘ၀က
လွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို စစ်ကျွန်ပြုမည့်
ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒီရွေးကောက်ပွဲကို လက်မခံဖို့ လိုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အားလုံးအနေနဲ့ မြန်မာနိုင်ငံကို တကယ် ဂုဏ်သိက္ခာ
ရှိရှိနဲ့ နိုင်ငံတကာမှာ မြန်မာလူမျိုးရယ်လို့ ဖြစ်စေချင်ရင် လက်ရှိ
စစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၊ တိုင်းရင်းသား လူမျိုးတွေရယ်၊
အတိုက်အခံ အင်အားစု တွေရယ်၊ လယ်သမား၊ အလုပ်သမားများရဲ့ 
ကိုယ်စားလှယ်တွေရယ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ၀ိုင်းဝန်း ဖိအားပေးဖို့
လိုပါတယ်။ ဒီလို ဖိအားကို အားလုံး တက်ညီလက်ညီသာ လုပ်ပေးမည်ဆိုလျှင်
တပ်မတော် တွင်းမှာ ရှိနေသော ပုဂ္ဂိုလ်များလည်း ပါဝင်လာ နိုင်လိမ့်မည်
ဖြစ်ပါတယ်။
နိဂုံးချုပ် အနေဖြင့် တင်ပြချင်တာကတော့ စစ်တပ်အတွင်းမှာလည်း
မြန်မာနိုင်ငံ ကောင်းကျိုး အတွက် ပြုလုပ်ချင်နေတဲ့ အစုအဖွဲ့တစ်ခု ရှိကို
ရှိနေပါတယ်။ ကျွန်တော်တို့ အားလုံးသာ သဘောထား ကွဲတာတွေ တခြားကိစ္စတွေကို
ဘေးဖယ်ထားပြီး “ကျွန်တော်တို့ နိုင်ငံအတွက်” ဆိုတဲ့ ဦးတည်ချက် တစ်ခု
ထားကာ ညီညီညွတ်ညွတ် စုပေါင်း လိုက်ကြရင် စစ်တပ်ထဲကလည်း
ပါဝင်လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲကြီးဟာ ကျွန်တော်တို့ လိုချင်တဲ့
ပုံစံမျိုး ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတာ တင်ပြလိုက်ရပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လိမ်လည် လှည့်ဖျားမှုကို သတိပြုကြပါ”


(ဆောင်းပါးသည် တနှစ်ကျော်က ရသော သတင်းအပေါ် အခြေခံထားသော်လည်း

နအဖသည် ဆက်လျှောက်နေဆဲဖြစ်သည် )

1 comment:

  1. ဆောင်းပါး ဖတ်မိသူတိုင်း သဘောပေါက်ကြ မည်ဟု ယုံကြည်ပါသည်..အဲဒီတော့  သဘောပေါက်သူတိုင်း လက်တွေ့ ဆန်ဆန်ဘာဆက်လုပ်ကြမလဲ(အချိန်မဆွဲဘဲ).လိုအပ်ပါသည်..မိနစ်ပိုင်းအလိုမှ ဗိုလ်စွဲသွားသော..စပိန်အသင်းကို နမူနာယူပြီး..ကျနော်တို့ အားလုံး လနဲ့ ချီပြီ အချိန်ကို ဘယ်လို အသုံးချကြမလဲ..??.ကျနော်တို့ နိုင်ငံတကာရောက်နေသူများ ပိုမိုတာဝန်ရှိသည်ဟု ခံယူပါသည်.။ တူတာ တွဲလုပ်ဖို့  အမြဲတမ်း အဆင် သင့် ရှိနေပါတယ်..။
    နအဖ(စစ်အာဏာ ရှင် ကို ဆန့် ကျင်သူ မှန်သမျှကို) အစဉ်လေးစားလျှက်..
    မင်းနိုင်..(Buffalo)

    ReplyDelete