ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, July 22, 2010

Teacher of ZaGaNar



"ငါ ၏ တောက်ခေါက်သံများ" ဌေးတင့် (နယ်သာလန်) jul21 ,2010
အနှစ် ၇၀ ဆယ်ကျော် ကာလ တလျှောက်လုံး သေနတ်သံ နာကျည်းသံ ပြေးလွှားသံတွေက နားစည်အိမ်ကို ရိုက်ခတ်ပြီး ရင်ထဲကို နက်နက်ရှိုင်းရှိုင်း နေရာယူလိုက်တယ် ။ အဆုတ်က သန့် ပြီး ဦးနှောက်ကို ပို့ လိုက်တဲ့ သွေးတွေထဲမှာ ပြင်းထန်နေတဲ့ ခံစားမှုတွေပါသွားတယ် ။ ဆက်တိုက် လှုပ်ရှားမှုတွေရဲ့ ဦးဆောင်သူ အားမာန်အသံ။ နိုင်ငံတကာရဲ့ ဝိုင်းဝန်း ကူညီဟန်တွေက စာမျက်နှာတွေကတဆင့် မျက်လွှာကြည်ကို ဖေါက်ပြီး ဦးခေါင်းအနောက်နေရာမှာ မှတ်တမ်းတင်လိုက်တယ် ။ ဘုရားသခင်ထည့်ပေးလိုက်တဲ့  ဝိဥာဏ်လှုံ့ ဆော်မှုတွေနဲ့ အတူ ရင်ထဲက ခံစားချက်တွေကို သိစိတ် နဲ့ မသိစိတ်က အဖြေတခုပေးလိုက်တယ် ။ အသက်ကို ဝအောင်ရှု-အံကိုတင်းတင်းကြိတ်-လက်သီးကို နာနာဆုတ်ထား။ မနက်ဖြန်တွေ အများကြီးထဲမှာ အာဏာရှင် ဆိုတာ မပါစေရ ။ တိုက်ပွဲ ဝင်ကြ ...တဲ့။
တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။ လုပ်နိုင်တာတွေထဲက အများဆုံးပဲလေ ။ဒီထက် ဘာများလုပ်နိုင်မှာလဲ ။ ကျွန်တော်တို့ မှာ ရှိနေတာကဖေါင်တိန်တွေ စာရွက်တွေ..ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

နယ်ချဲ့ တိုက်ပွဲကို မြေအောက်က ကူညီခဲ့တယ် ။ဂျပန်တော်လှန်ရေးအတွက် နယ်လှည့်ကပြပြီး ဆက်သားလုပ်ခဲ့တယ် ။ လွတ်လပ်ရေး အရယူရေးအတွက် ပြည်သူတွေကို အနုပညာနဲ့ လှုံ့ ဆော်ပေးခဲ့တယ် ။ အခြေအနေယိုင်နေတဲ့ အင်္ဂလိပ်တပ်ထဲက အခြေအနေမဲ့  စစ်ကျွန်တွေနဲ့  ပေါင်းပြီး သေနတ်တွေ ခိုးဝယ်တဲ့ ..အနံကြီး ကွင်းကျယ် ..ပညာတဝက် မောင်စောက ခိုးသေနတ်တွေနဲ့ ဗိုလ်ချုပ် အပါအဝင် တိုင်းပြည်ခေါင်းဆောင်တွေကို လုပ်ကြံလိုက်ကြပြီ ။
ဒုတိယအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။ ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ကျွန်တော်တို့ မှာ ရှိနေတာကဖေါင်တိန်တွေ စာရွက်တွေ..ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

လွတ်လပ်ရေးရပြီး အချိန်ကစပြီး မြန်မာ့ ယဉ်ကျေးမှုအနူပညာတွေကို လွတ်လပ်စွာ ဖေါ်ထုတ်ခဲ့တယ် ။ ကွဲပြားနေတဲ့ ပါတီတွေ အကြားမှာ ဒေါသထွက်နေတဲ့ လူထုတွေ အကြားမှာ အနူပညာ စာပေနဲ့  ဒေါသမီးတွေကို ငြိမ်းရန်ကြိုးစားခဲ့တယ် ။ ပူးပေါင်းဆောင်ရွက်ရေး ၊ညီညွတ်ရေး တရားတွေကို သီချင်းစာသားရေးခဲ့တယ်။ ဦးနု က အရူးကို ဘုံမြှောက်လိုက်တယ်။ ရိုးရိုး သာမာန် အရူးမဟုတ်ဘူး။ စာတိုက်စာရေး ။ ပိုက်ဆံကို ဖြတ်လမ်းက ရှာတဲ့ မြင်းလောင်း သမား။ များများလိုချင်ရင် သေနတ်ကိုင်ရမယ်ဆိုပြီး စစ်ထဲဝင်သွားတဲ့ နှာခေါင်းတို နေဝင်း။

၁၉၆၂ မတ်လမှာ အာဏာသိမ်းလိုက်ပြီ ..တဲ့။ လက်ရှိ ဒီမိုကရေစီ တိုင်းပြည်ခေါင်းဆောင်တွေ..လူမျိုးစုခေါင်းဆောင်တွေ အားလုံး ထောင်ထဲရောက်ကုန်ပြီ။ တတိုင်းပြည်လုံးက နိုင်ငံရေး ခေါင်းဆောင်ငယ်တွေပါ မလွတ်ဘူး။ နိုင်ငံရေးအရ ဦးဆောင်သူ ကင်းမဲ့သွားတဲ့ မြန်မာပြည် ။တောက်ခေါက်သံနဲ့ အတူ သစ္စာစကား ရင်ထဲမှာ ဖြစ်ပေါ်လာခဲ့တယ် ။ အနာဂါတ်တိုင်းပြည်အတွက် ဒီမိုကရက်တစ် လူငယ်တွေ မွေးထုတ်ရတော့မယ် ။

ပြည်သူ့ ကြက်ရင်ဘတ်က နို့ ကို စစ်မြွေက မြင်သလို..စစ်မြွေခြေထောက်ကိုလည်း ပြည်သူ့  ကြက်က မြင်နိုင်တယ်လေ ။ မြွေမြွေခြင်း ခြေမြင်တယ်ဆိုတဲ့ စကားမသုံးချင်ပါဘူး။အတွေးအခေါ် တဖက်တည်း ဖြစ်နေလို့ ပါ ။ စစ်တပ်ထဲက သူဌေးရူးတွေ အားနည်းချက်ကို လိုက်လံ စနည်းနာပြီး လူငယ်တွေကို သင်ပေးခဲ့တယ် ။
တတိယအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။ ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

၁၉၇၄ ပြည်လုံးကျွတ် ဆန္ဒခံပြီး မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်နဲ့ တိုင်းပြည်ကို တိုးတက်အောင်လုပ်မယ်..တဲ့။ ညာချတဲ့ ခေါင်းပေါင်း အတုကြီးတွေနဲ့ သတင်းစာထဲမှာ ယုတ်ပုံ ကြီးတွေမှ အကြီးကြီး... အသုဘ အခမ်းအနားလို ပါလာတယ် ။မဆလ အစည်းအဝေးတွေမှာ သေးကြိုပြီး ပေါက်လာပါ..တဲ့ ။

ရေကြည်အိုင်မှာ ချီးအိုး ရှိတယ်။ အင်းစိန် အပါအဝင် ထောင်တွေမှာ ချီးအိုး သေးအိုးရှိတယ်။ ဆူးလေမှာ ညစ်ပတ်နေတဲ့ အများမသုံးချင်အောင် ညစ်ပတ်နေတဲ့ အိမ်သာရှိနေတယ် ။ မဆလ အစည်းအဝေးခန်းမ တွေမှာ အိမ်သာ မရှိပါဘူး။ လက်နက် ဝှက်မှာ စိုးလို့ ..တဲ့ ။
စတုတ္ထအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။ ဒီလိုနဲ့ အချိန်မင်းကြီးက သူ့ တာဝန်အတိုင်း သွားနေခဲ့တယ် ။ ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

အာရှ စပါးကျည် ..ဆီကို ရေချိုး....စပါးတောင်လိုပုံ နေတဲ့ တိုင်းပြည်..... အဆင်းရဲဆုံး မွဲပြီ.....တဲ့။ လည်ပတ်နေတဲ့ ငွေသားတွေ စက္ကူစုတ် ဖြစ်သွားပြီ...တဲ့။ ရက်ပေါင်းများစွာ စဉ်းစားပြီး ရေးထားတဲ့ စာမူခတွေ မဆီမဆိုင် စာရေးလို့ မရတဲ့ စက္ကူစုတ် ဖြစ်ပြီ..တဲ့ ။ ကြေလွယ်လို့ အီအီးတောင် ကုန်းမရတော့ဘူး။ မျက်လှည့်ဆရာ နေဝင်းနဲ့  မဆလ အဖွဲ့ သားများပြကွက်လေ ။

 ကြဲထားတဲ့ နိုင်ငံရေး မျိုးစေ့လေးတွေ နေရာအနှံ့ အပင်ပေါက်လာကြပြီ။ ဒီမိုကရေစီ မမြင်ဖူးတဲ့ လူငယ်တွေ... မကျင့်သုံးဖူးသေးတဲ့ လူငယ်တွေ.... အခြေခံက ညီညွတ်ရေး ဆိုတာနဲ့ စလုပ်တော့မယ် ။ ရင်ထဲက နာမည်တခု ပေးလိုက်တယ် ။

ဒီမိုကရက်တစ်လူငယ် ညီညွတ်ရေး အဖွဲ့ ချုပ်။



ပဉ္စမအကြိမ် တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။ ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

ဆူးလေက စပြီး ရန်ကုန်တမြို့ လုံး..... ရန်ကုန်က စပြီး တတိုင်းတပြည်လုံးကို စစ်မြေပြင် သတ်မှတ်ပြီး၊ မြင်းသမား နေဝင်းတပ်တွေ...... ၁၉၈၈ စက်တင်ဘာလ မှာ ဒုတိယမ္ပိ ဂန်းစာမိ.. တတိယမ္ပိ ကျည်ဆံကြည့်...... အာဏာသိမ်း လူသတ်ပွဲ ကျင်းပလိုက်တယ် ။ တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။

ပါတီပေါင်းစုံ ရွေးကောက်ပွဲ လုပ်ပေးမယ်...တဲ။့ ပြည်သူ့ ကြက်ရင်ဘတ်က နို့ ကို .....စစ်မြွေကမြင်သလို၊ စစ်မြွေခြေထောက်ကိုလည်း ပြည်သူ့  ကြက်က မြင်နိုင်တယ်လေ ။
ဒီတခါ တရားဝင် မှတ်ပုံတင်ပြီး၊ မြေပေါ်က တိုက်ရမယ့် အလှည့်ရောက်ပြီ။ မှတ်ပုံတင်လိုက်တယ် ။ အဓိက ဦးဆောင်ပါတီကြီးက ဗိုလ်ချုပ်သမီး ပါတီလေ ။ ဘေးက ဝိုင်းရံပေးရမှာက ပါတီငယ်လေးတွေ ။ အတွေ့ အကြုံနည်းပြီး ထောက်လှမ်းရေး မက်လုံးတွေကြောင့်.. ပါတီဝင်တွေ လမ်းတဝက်မှာ လုပ်ကြံမှု ၊ငွေကြေးချမ်းသာမှု ၊ရေနစ်ပြီး ကျဆုံးကုန်ပြီ ။ တတိုင်းပြည်လုံး ပါတီတခုလုံး ဆွေမျိုးတစုလုံး မိသားစုအားလုံး မပါတော့ဘူး။ တကိုယ်ရည် တယောက်တည်း ချမ်းသာရေးဆိုတဲ့ မြင်းလောင်းသမား နေဝင်းမူ ကိုင်ကြပြီ။
နောက်ဆုံးအကြိမ် ၂၀၁၀ မှာ တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။

ပြည်သူ့ ပါတီတွေထဲက နောက်ပိုင်း တက်လာတဲ့ လူထု ခေါင်းဆောင်အားလုံး၊ စစ်တိုင်းတပ်မ အမိန့် မလိုက်နာသူ အားလုံး၊ တရားမဝင်တဲ့..မရှိတဲ့ ဥပဒေ အမှုတွေနဲ့  ထောင်ထဲပို့ လိုက်ကြပြီ ။
တဘက်သတ် စစ်တပ်က တစညနဲ့ ကြံ့ ဖွံ့  ကို ရွေးပေးရမယ်..တဲ့။ အဲဒါ စစ်တပ်က လိုချင်တဲ့  ဒီမိုကရေစီ အဆင့်ဆင့် ပြောင်းလဲရေးမူ..
တောက်တချက်ပဲ ပြင်းပြင်းထန်ထန်ပဲ ခေါက်လိုက်ပါတယ် ။ ဒီထက်ဘာများလုပ်နိုင်မှာလဲ ။ ကျွန်တော်တို့ မှာ ရှိနေတာက ဖေါင်တိန်တွေ စာရွက်တွေ ဗုံတွေ ဆိုင်းတွေ ပတ္တလားတွေပဲလေ ။

ခင်ဗျားက လူငယ်ဆိုတော့ ပိုတတ်နိုင်တယ် ထင်တယ် ။ ဒီထက်ဘာများ ပိုပြီး လုပ်ချင် လုပ်နိုင်ပါလဲ ။ လုပ်ကြစမ်းပါလေ ။

ဌေးတင့် (နယ်သာလန် )
(၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ ) ညနေ (၅း၀၀)နာရီမှာ.. ဒီမို ရဲဖော်ရဲဖက်၊ ဇာဂနာရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကိုဂုဏ်ပြုပြီး အနုပညာ ဝိဥာဏ်ဖြင့် ရေးသားပါသည် ။)
http://hittai.net/?show=rm&fileid=16&t=home7&id=7
http://canadamyanmar.com/တွင်လည်း ဖော်ပြထားပါသည်။

No comments:

Post a Comment